ရန်ကုန်၊ ဧပြီ ၄
သင်္ကြန် ယိမ်းပြိုင်ပွဲများအတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုနှင့် နှစ်သိမ့်ဆု အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၆၀ ဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေ သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
''ရှေးရိုးရာ အစဉ်အလာမပျက် ဒေသခံပြည်သူများရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တဲ့ အလေ့အထကောင်းများအတိုင်း ယခုနှစ်မှာ လည်း မဟာသင်္ကြန်ပွဲတော်ကိုလည်း စည် ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ သင်္ကြန်နဲ့ယိမ်း ခွဲခြားလို့မရသလို ယိမ်းပြိုင်ပွဲများအတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုနဲ့ နှစ်သိမ့်ဆုအပါအဝင် စုစုပေါင်းကျပ်သိန်း ၁၆၀ ထိုက် ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ဌာနဆိုင်ရာ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ ၁၉ ဖွဲ့၊ ဧည့်ခံဖျော်ဖြေရေး သီးခြားယိမ်း အဖွဲ့လေးဖွဲ့အပြင် မြို့တွင်း၌ သင်္ကြန်ကားဖြင့် ယိမ်းအဖွဲ့နှင့် တေးဂီတအဖွဲ့များက လိုက်လံဖျော်ဖြေ တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများ အားလုံးကို ဌာနဆိုင်ရာ မဏ္ဍပ် ၁၈ ခုမှ နေ့စဉ် စတုဒိသာများ ကျွေးမွေးလှူဒါန်းသွားမည့် အပြင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦး ဆောင်၍ နေ့စဉ်လူဦးရေ ၃၀၀၀ စာ စတုဒိသာ(ထမင်းနှင့်ဟင်း) ကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနှစ်ဆန်း ၁ ရက်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲများအပြင် နှစ်ဦးတရားဓမ္မသ ဘင်ပွဲများကိုလည်း အစဉ်အလာမပြတ် ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မတ် ၃၀ ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။