ဆုံးရှုံးတာတွေ များနေပါပြီ ပြန်လည်တည်ဆောက်ကြပါစို့

၂၀၂၅ ၊ ဩဂုတ် ၂၃
    ၂၀၂၅ ခုနှစ် ဇူလိုင်လဟာ ထူးခြားတဲ့ကာလ ဖြစ်ပါတယ်။ ဇွန်လကုန်လောက်ကစပြီး စစ်ဆင်ရေးတွေ လုပ်လိုက်တာ ဇူလိုင်လမှာ အဖြေသိသိသာသာ ထွက်လာတာ တွေ့ရပါတယ်။ စစ်ဆင်ရေးတွေ လုပ်ရတာကလည်း လာမည့် ဒီဇင်ဘာလမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် ချိန်ကိုက်ပြီးလုပ်တာ ဖြစ်ပါတယ်။ နစကဥက္ကဋ္ဌကြီး ဘီလာရုစ်မှာ စပြီးတော့ ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောလိုက်တဲ့ အချိန်ကစပြီး ဆန့်ကျင်ဘက် အင်အားစုတွေကြား တပ်လှန့်နှိုးလိုက်သလို ဖြစ်လာကာ ERO တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ စင်ပြိုင်အစိုးရလို့ အမည်ခံဖွဲ့ထားတဲ့ NUG အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြားမှာ အုတ်အော်သောင်းတင်းဖြစ်ပြီး သူတို့ကို အားပေးရပ်တည်ပေးနေတဲ့သူကြားမှာ 'မိမိကိုယ်ဝေဖန်ရေး။ တခြားသူ ဝေဖန်ရေး'တွေပါ တသီတတန်းကြီး ထွက်လာတာ တွေ့ရပါတယ်။
    တပ်မတော်ရဲ့ စစ်ဆင်ရေးအခြေအနေကို ကြည့်ရတာ သူပြင်ရမည့် အချက်တွေကိုမြင်ပြီး တစ်ချိန်က 'ခံစစ်သေ' မယူမဖြစ်လို့ ယူထားရတာကို Flexible Defence Posture ပြောင်းလွယ်ပြင်လွယ် ခံစစ်အသွင်ကို ပြောင်းလိုက်ပါတယ်။ ဒါတင်မကဘဲ လူအင်အားဖြည့်တင်းဖို့ လိုအပ်ချိန်မှာ (Tactical Weapons)တွေ အားဖြည့်တဲ့အနေနဲ့ Performance ကောင်းတဲ့ UAV Upgrade  ကို လုပ်လိုက်ပုံရပါတယ်။ ဒါကြောင့် ခြေလျင်စစ် သည်တွေအတွက် ထိုးစစ်ဆင်ရာမှာ သိသိသာသာ အဆင်ပြေသွားတာ တွေ့ရပါတယ်။ ရခိုင်ဘက်မှာလည်း ရေတပ်ရဲ့ ပစ်ကူပံ့ပိုးမှု Naval support Element  ကို သုံးလိုက်တော့ ဆုံးရှုံးမှုနည်းနည်းနဲ့ မှန်းချက်ကိုက်သွားတာ တွေ့ရပါတယ်။ ဇူလိုင်လထိုးစစ် မိုးကာလမှာ တပ်မတော်ရဲ့ တိုက်စစ်အဟုန် ကျသွားမှာ သေချာတယ်လို့ ရန်သူက တွက်ထားချိန်မှာ ဧရာဝတီမြစ်ရေစူးနဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး စစ်ကစားကွက် ပေါင်းစပ်နိုင်မှု ဖြစ်ရပ်တစ်ခုဖြစ်တဲ့ Synergy ဟာ ဗန်းမော်က စစ်သည်တွေကို အားဖြည့်ပေးလိုက်နိုင်တဲ့အတွက် KIA / PDF တွေ အဆုံးအရှုံးများသွားတာ ထင်သာမြင်သာ ဖြစ်စဉ်တစ်ခုအဖြစ် တွေ့ရပါတယ်။
    ဒါကြောင့် ဇူလိုင်လကုန်လောက်ကစပြီး NUG/ PDF နဲ့ သူတို့ကိုထောက်ခံသူတွေဟာ စိုးရိမ်လာပြီး  Social Media မှာ ဝေဖန်သံတွေတက်လာတာ တွေ့နိုင်ပါတယ်။ တကယ်တော့ လက်နက်ကိုင်တွေအားလုံးဟာ နာမည်ခံထားတာ 'တော်လှန်ရေး'လို့ ဆိုပေမယ့် ဆန်းစစ်ကြည့်ရင် တော်လှန်ရေးအဖွဲ့အစည်းတွေမှာ သူ့ အင်္ဂါရပ်နဲ့သူ ရှိပါတယ်။ ဒါတွေကတော့...

တော်လှန်ရေးရဲ့ တွေးခေါ်မြော်မြင်ရေး သဘော တရားရှိခြင်း၊ (Revolutionary ldeology)။
    တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဟာ သဘောတရား ရေးအရ အတွေးအခေါ်တစ်ခု ခိုင်ခိုင်မာမာ ရှိရပါတယ်။ NUG ရော၊ PDF ပါ ဒီမိုကရက်တစ် အတွေးအခေါ်အရ အားနည်းတယ်လို့ ဆိုရပါမယ်။ အရေးအခင်း ဖြစ်တော့မှသာ သာမန်အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းသာ ဖြစ်တဲ့အတွက် ယေဘုယျ သဘောလောက်သာ ဖော်ပြထားတာ တွေ့ရပါတယ်။

သဘောထားသစ်တစ်ခုအတွက် အမြင်ရှိမှု (Vision of a New Order)
    တော်လှန်ရေးတစ်ရပ် ဆင်နွှဲခြင်းဖြစ်သည့်အတွက် လက်ရှိစနစ်ကို ပြုပြင်မွမ်းမံခြင်းထက် ယခင် အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မြေလှန်ပစ်တဲ့အမြင် မျိုးရှိမှသာ အမြင်သစ်၊ သဘောထားသစ်ဖြစ်ရန် လိုအပ်ခြင်း။

စနစ်တကျစုဖွဲ့မှု (Organised Structure)
    အစုအဖွဲ့ငယ် အသီသီးကို စုစည်းထားရသည့် အတွက် စနစ်ကျသည့်စုဖွဲ့မှုရှိရန် လိုအပ်ခြင်း။
လေ့ကျင့်မှုနှင့် စည်းကမ်း။
(Training and Discipline) 
    လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရတဲ့အတွက် လေ့ကျင့်မှုနှင့် စည်းကမ်းရှိရန် လိုအပ်ခြင်း။
ခေါင်းဆောင်မှုအရည်အသွေး အမာခံရှိမှု
(Leadership Core)
    တော်လှန်ရေးတစ်ရပ် ဆင်နွှဲရတဲ့အတွက်   ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေဟာ လူရိုသေ ရှင်ရိုသေ ဖြစ်ဖို့ လိုအပ်ပါတယ်။
အင်အားစုစည်းမှုနှင့် စိတ်ဓာတ်စစ်ဆင်ရေး။
(Mobilisation and Propaganda)
    စစ်ရေးအရ လှုပ်ရှားရတာဖြစ်လို့ လူအင်အား ပြုန်းတီးမှုကို ဖြည့်ဆည်းဖို့ လိုအပ်မှာဖြစ်တဲ့အတွက် လူသစ်ရရှိဖို့ စုစည်းရာမှာ တစုတစည်းနဲ့ ပါဝင်လာအောင် စွမ်းဆောင်နိုင်ဖို့ စိတ်ဓာတ်စစ်ဆင်ရေးက အထူးလို အပ်ပါတယ်။
စင်ပြိုင်အဖွဲ့အစည်းများ ထူထောင်နိုင်ရေး။
(Parallel Structures)
    တော်လှန်တိုက်ခိုက်ပြီး သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ဆက်လက် ထိန်းချုပ်ထားနိုင်ဖို့ လိုပါတယ်။ လက်ဝယ်ရရှိထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားရေး၊ ကာကွယ်ရေးစတဲ့ စင်ပြိုင်အဖွဲ့အစည်းတွေ ဖွဲ့နိုင်ဖို့ လိုပါတယ်။
    ဒါဟာ တော်လှန်ရေးတစ်ရပ် အောင်မြင်ဖို့ကြားမှာ ဆောင်ရွက်သွားရမည့် လုပ်ငန်းတွေပါ။ EAO၊ NUG၊ PDF တွေကို အထက်က အရောင်အသွေး အမျိုးမျိုးချယ်ထားတဲ့ တော်လှန်ရေး (Color Revolution)ဆို တဲ့ အဖွဲ့တွေ သူတို့ရဲ့ နာမဝသေသနနဲ့ ညီလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။
တော်လှန်ရေးအတွေးအခေါ် ရှိလားဆိုတော့ အဖွဲ့အစည်းတိုင်းကတော့ ဒီမိုကရေစီတို့၊ ဖက်ဒရယ်မူတို့ ချထားကြပေမယ့် ကျစ်လျစ်သိပ်သည်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး မလုပ်နိုင်သေးပါဘူး။
သဘောထားအမြင်ဆိုတာလည်း အဖွဲ့အသီးသီးက ထားရှိကြပေမယ့် အကြမ်းဖျင်း၊ ဖက်ဒရယ်ဒီမိုကရေစီကျင့်သုံး၊ တစ်ဖွဲ့ချင်းကို ဘယ်လောက်လွတ်လပ်ခွင့် ပေးမလဲဆိုတဲ့ အဆင့်အထိ ကျင့်သုံးဖို့၊ အခွင့်အရေး မရကြသေးပါဘူး။ ဒါပေမဲ့ လက်တွေ့မှာ နယ်မြေတစ်ခုကို အတူစုပေါင်းပြီး တိုက်လိုက်လို့ အောင်မြင်ခဲ့ရင်တောင် EAO က အတူတွဲတိုက်တဲ့ PDF ကို ပြန်နေရာချပေးရာမှာ ထိုက်တန်အောင်မပေးဘဲ အစွန်အဖျားမှာ နေရာချ ပေးတာမျိုးကအစ မူလမှာကိုက အဆင်မပြေတာတွေ လိုင်းပေါ်မှာ ရင်ဖွင့်တာ တွေ ကြားသိနေရပါတယ်။
လေ့ကျင့်မှုနဲ့ စည်းကမ်းကလည်း လက်ရှိဖြစ် ပေါ်နေတဲ့ အနေအထားအရ အခြေခံသင်တန်းလောက်သာ ပေးနိုင်တာ ဖြစ်ပါတယ်။ အချိန်က ပြဿနာဖြစ်နေတော့ အဖွဲ့အစည်းအများစုဟာ ရသလောက်အချိန်လေးမှာ လက်ပူတိုက်လိုက်ရတဲ့သဘော ဖြစ်နေပါတယ်။
စနစ်တကျစုဖွဲ့မှုဆိုတာမှာလည်း သက်တမ်း ရင့်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာတော့ စနစ်လေး ရှိပေမယ့် NUG ရဲ့ (Armed Wing) ကတော့ သူတို့ဘက်တော်သားတွေ ဆန်းစစ်ချက်အရ လိုင်းပေါ်မှာ တွေ့နေရတာမှာ NUG ကာကွယ်ရေးဌာနဟာ ဒေသခံ PDF တွေ လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်း ဖြစ်တည်မှုမျိုး (Armed Institutional Structure) မရသေးဘူးဆိုတဲ့ အားမရတဲ့ဝေဖန်ချက်ကို နောက်ဆုံး ကြားသိရ ပါတယ်။
  ခေါင်းဆောင်မှုအပိုင်းမှာလဲ အထက်အဖွဲ့အစည်းလိုဖြစ်နေတဲ့ NUG အပိုင်းနဲ့ တိုင်းပြည်ကိုစွန့်ခွာလာတဲ့ NLD (Exiles) တွေ၊ တစ်ချိန်က NED အ ထောက်ပံ့မကင်းတဲ့ NGO ကလူတွေက အများစုပါဝင် နေပြီးတော့ PDF ကတော့ မြေပြင်မှာ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်မျိုးစုံနဲ့ ဝင်လာကြတဲ့သူတွေ ဖြစ်တဲ့အပြင် လူငယ်အများစု ပါဝင်နေတာ၊ အလွှာပေါင်းစုံဖြစ်နေတော့ သိပ်အစေးမကပ်(Cohesion)နည်း၊ ရေခြားမြေ ခြားဖြစ်နေတော့၊ အထက်ပိုင်းရော အောက်ပိုင်းမှာပါ အရည်အသွေး ပြည့်ဝသူတွေ နည်းပါးနေတာ တွေ့ရပါတယ်။ အချိန်ကြာလာတဲ့အချိန်မှာ ခေါင်းဆောင်အငယ်ပိုင်းကစ အကျင့်ပျက်မှုတွေ ားလာပြီး ငွေနောက်လိုက်ကုန်တာ သူတို့ချင်း Online ဖော်ထုတ်ချက်တွေအရ သိလာရပါတယ်။
လူစုဖို့ သိမ်းသွင်းရာမှာလည်း စိတ်ဓာတ်စေ့ ဆော်ချက် (Motivation ) ကောင်းသူတွေရတာထက် မုန်းတီးစိတ်၊ မကျေနပ်ချက်၊ နာကြည်းမှု၊ လောဘတွေနဲ့ ဝင်လာကြတော့ ဘယ်လောက်ပဲ စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ပါစေ မတိုးတော့ဘဲ တစ်ကိုယ်ရေ အကျိုးစီးပွားနဲ့ ဝင်လာကြချိန်မှာ နောက်ပိုင်း ထိန်းရသိမ်းရခက် လာတာတွေ တွေ့ရပါတယ်။ အချိန်ကြာလာတော့ သူတို့သိမ်းထားတဲ့ နယ်မြေအတွင်းမှာ စင်ပြိုင်အဖွဲ့အစည်းတွေ ထူထောင်ဖို့လိုလာတာ သူတို့မြင်လာပါတယ်။ ပကဖ၊ ပအဖတို့ စသည် ဖြင့် ဖွဲ့လာတာ တွေ့ရပါတယ်။ ဒီအချိန်ဟာ သူတို့အတွက် 'ခြေမှန်။ ပင်ကိုအရည်အသွေးမှန်' (True Color) ပေါ်တဲ့အချိန် ဖြစ်လာပါတယ်။ EAO နဲ့ PDF တွေဟာ တော်လှန်ရေးရဲ့အရသာကို စတွေ့သွားပါတယ်။ သူတို့ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ဂိတ်ကြေးကောက်တာက စပါတယ်။ တော်လှန်ရေး 'ရန်ပုံငွေ'ဆိုတာ အကြောင်းပြရင်းကနေ အဂတိတရားတွေ ပါလာပါတယ်။ နောက်တော့ နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ထိန်းချုပ်၊ သယံဇာတထွက်တဲ့ နေရာတွေဟာ တော်လှန်ရေးရည်မှန်းချက် ပစ်မှတ်တွေ ဖြစ်လာပါတယ်။ အိတ်ထဲကို အကုန်ထည့်ဖို့ စီမံပါတယ်။ လူသစ်စုဖို့အတင်းအဓမ္မ လုပ်ပါတယ်။ စနစ်ဟောင်းကို တော်လှန်စွန့်ပစ်ဖို့ ကြွေးကြော်လာပေမယ့် စနစ်ဟောင်းအတိုင်း တစ်သေ၀ မတိမ်းလုပ်ပါတယ်၊၊ အကြမ်းဖက်တာတွေ၊ တရားမဲ့ သတ်ဖြတ် တာတွေ (Arbitary Killings) တွေ၊ သူဌေးကို ပြန်ပေးဆွဲတာ၊ ဘဏ်ဖောက်တာ၊ AA ဆိုရင် သူများကို လက်ညှိုးထိုးနေတဲ့ 'မျိုးသုဉ်းသတ်ဖြတ်မှု' (Crime Against Humanity) တွေပါ လုပ်လာပါတယ်၊၊ ဒေသခံတွေက မခံနိုင်တော့ဘဲ အခုဆို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်လာတဲ့အတွက် တပ်မတော်ဟာ ထိုးစစ်အသွင်ပြောင်းပြီး စစ်ဆင်လာနိုင်တာ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေတင်ပြရတာဟာ NUG/ PDF တို့တစ် တွေကို အပုပ်ချချင်လို့မဟုတ်ပါဘူး။ ကမ္ဘာ့မီဒီယာလောကမှာ မြန်မာ့သတင်းမှန်တွေကို တက်မလာအောင် လုပ်ထားတော့ သူတို့ချင်းအော်ပြီး အထုပ်ဖြေနေတာတွေ၊ သူတို့အတွင်းထဲက မခံမရပ်နိုင်လို့ ပွင့်ထွက်လာတာကို လုပ်ကြံပြောတာ မဟုတ်ဘဲ (Open Source Information) တွေထဲက ထုတ်နုတ်တင် ပြရခြင်းသာ ဖြစ်ပါတယ်။
    အခုအချိန်မှာ တိုင်းပြည်အပြင်ထွက်ကြည့်ပါ။ သူများနိုင်ငံမှာ အဝင်ထဲကစပြီး ကိုယ့်ရှေ့က Immigr-ation counter မှာ နိုင်ငံသားချင်းအတူတူ ဘယ်လိုအ ဆက်ဆံခံရလဲဆိုတာ မြည်းစမ်းကြည့်စေချင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ က အိမ်နီးနားချင်းတွေ အခုဘယ်လိုနေ နေကြသလဲ၊ လူများစု ဆန်ပြုတ်တောင် နပ်မမှန်သူတွေ၊ အခု ဘယ်လိုနေကြ စားကြသလဲ၊ ရေခြားမြေခြားမြန်မာလို ပြောသံကြားလို့၊ လာစကား ပြောသူက (Shopping mall) တွေ၊ (Restaurant) တွေမှာ ဘာအဆင့်နဲ့ အလုပ်လုပ်နေကြသလဲ၊ (Parking Area ) မှာ ဘာကားအမျိုးအစားတွေ ရပ်ထားသလဲ၊ မြင်ရတာ အတော်ဝမ်းနည်းစရာ ကောင်းပါတယ်။ တစ်ခေါက်နဲ့ တစ်ခေါက် မြင်ကွင်းတွေ အပြောင်းအလဲက သိသာလွန်းပါတယ်။ ဘာလို့ဝမ်း နည်းရသလဲ၊ (ကိုယ်ကျင့်တရား ရှုထောင့်ကပဲပြောပါ့မယ်)ဗုဒ္ဓဘာသာကိုးကွယ်တဲ့ တိုင်းပြည်မှာ ကျွန်တော်တို့ "လောဘ၊ ဒေါသ၊ မောဟ၊ မာန"ကနေ နောက်ဆုံး 'ဒိဋ္ဌိ' ဖြစ်ကုန်တာကြောင့်ပါ။ (Self Centered) အတ္တဗဟိုပြု စိတ်ထားတွေ များလာတော့ မြန်မာတွေဟာ အင်မတန်  (Tribal Mentality) အလွန်ကြီးတာ တွေ့ရမှာပါ။ တိုင်းရင်းသား အားလုံး ဘယ်သူမှမလွတ်ပါဘူး။ နိုင်ငံခြားသားတွေက (Bamah) ကိုသာ မြင်နေတာ၊ ကချင်က လီရှောကို တန်းတူအခွင့်အရေး မပေးပါဘူး။ ရှမ်းက 'အခါ'ကို အီကောလို့ သတ်မှတ်ထားပါတယ်။ ချင်းမှာတောင် ဆရာငွန်ကျုံလျံက ဇိုမီး၊ ချိုမီးအကြောင်းပြောတော့ US က မိတ်ဆွေထရမ့်ကြီးရဲ့ (MARGA) မူဝါဒကြောင့် သူ့မဟာမိတ် (allies) တွေ ခိုးလိုးခုလု ဖြစ်ရသေးတာဖြစ်လို့၊ ကိုယ့်ဟာကိုယ်တော့ သာသာထိုးထိုး သုံးသပ်လိုက်ပါမယ်။
    တကယ်တမ်းတော့ ဘယ်လောက်ပဲ (Human Rights) လူ့အခွင့်အရေးတွေ၊ Fraternity တွေ၊ Equality တွေ၊ Justice တွေ ပြောချင်တာ ပြောပါစေ။ အစောက တင်ပြထားသလို လက်တွေ့မှာ မသင့်မြတ်တာတွေဖြစ်နေတော့ လက်နက်ကိုင် ဖြေရှင်းတာဟာ အဖြေမထွက်ဘဲ နောက်ဆုံးမှာ ပြည်သူသာ နစ်နာတာပဲ ကျန်ခဲ့ တာဖြစ်တာကြောင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်အောင် ရွေးကောက်ပွဲသာလျှင် အဖြေဖြစ်နိုင်တယ်ဆိုတဲ့ အဖြေထွက်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ ဖြစ်မြောက်သွားရင် တပ်မတော်အစိုးရလို့ သူတို့ကြိုတင် ကင်ပွန်းတပ်ထားတဲ့ အရွေးချယ်ခံအစိုးရဟာ (Legitimate)တရားဝင် ဖြစ်သွားမှာစိုးလို့ ဆန့်ကျင်ဘက်အဖွဲ့တွေဟာ လိုင်းပေါ်တက်ပြီး ကျယ်ကျယ်လောင်လောင် အော်နေကြတာ ဖြစ်ပါတယ်။
    NCA ကို လက်မှတ်မထိုးတဲ့အဖွဲ့တွေ၊ ကိုယ့်နယ်မြေထဲမှာ ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူးဆိုတဲ့ အဖွဲ့တွေ၊ စဉ်းစားတာ 'လွဲနေတယ်'လို့ ထင်ပါတယ်။ ကိုယ့်နယ်ထဲမှာ ကိုယ်သာ အနေအထိုင်မှန်ခဲ့ရင်၊ ကိုယ့်မျိုးနွယ်စုအရေးကို တကယ်အလေးထား လုပ်ခဲ့ရင်၊ ကိုယ့်နယ်ထဲကမဲဟာ ကိုယ့်မဲပါ။ ပြည်သူ့ချဉ်ဖတ်ဖြစ်နေရင်တော့ မပြောတတ်ဘူးပေါ့။ ဒါနဲ့ပတ်သက်လို့ KNU က အန်ကယ်မြကြီးကို KNU နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးချိန်မှာ KNU ကို ပါတီထောင်ပြီး ကိုယ်စားလှယ် အရွေးခံပါလားလို့မေးတော့ သူက "ကျုပ်ဝင်အရွေးခံပြီးနိုင်ရင်တောင် ငါးနှစ်သက်တမ်းပဲ လုပ်ရမှာ။ ကျုပ်ဘာသာ KNU ခေါင်းဆောင်လုပ်နေရင် တစ်သက်လုံးနေလို့ရတယ်"လို့ပြောတော့ "မဟုတ်ဘူးလေ၊ ဒါဆိုရင် အန်ကယ်ကြီး တောထဲက ခေါင်းဆောင်ပဲ ဖြစ်နေမှာပေါ့။ မဲဝင်အရွေးခံပြီး မြို့ပေါ်တက်၊ ကရင်အမျိုးသားခေါင်း ဆောင်လုပ်တာက ပိုမကောင်းဘူးလား"ဆိုတော့ "အေးဟုတ်သားပဲ"ဆိုပြီး ရန်ကုန်ကို လူကြီးတွေနဲ့တွေ့ဖို့စီစဉ် ပေးရတယ် လို့ ကြားဖူးပါတယ်။
    ခုတော့ NUG ရဲ့သဘောထားက ရွေးကောက်ပွဲကို မပျက်ပျက်အောင်လုပ်ရမယ်၊ ဒီလိုလုပ်ဖို့လည်း အမေရိကန်လွှတ်တော်အမတ်တွေ (ဒီမိုကရက်ပဲ ဖြစ်ဖို့များပါတယ်)ကို အကူအညီတောင်းတော့ ငွေကြေး လိုသလောက် ထောက်ပံ့မယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့အပတ်က ထွက်လာပါတယ်။ Republican သမ္မတက မကြာခင်က နိုင်ငံတကာရွေးကောက်ပွဲတွေအပေါ်မှာ ဘာမှတ်ချက်မှမပေးရဘူးလို့ Executive Order ထုတ် ထားတာလည်း ဖြစ်တယ်။ လွှတ်တော်နှစ်ရပ်လုံးမှာလည်း Republican အမတ်တွေ ကြီးစိုးထားတာ ဖြစ်တော့ ငပွကြီးတို့အဖွဲ့တွေ၊ Cloak and Dagger နဲ့ Black ops တွေဘယ်ထောင့်က ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
    ပြည်သူတွေ သတိချပ်ဖို့ကတော့ (၁၀၂၇) တိုက်ပွဲတွေကစပြီး အသက်တွေ ဆုံးရှုံးရတာ မနည်းပါဘူး။ အိမ်ရာ ဆုံးရှုံးရသူတွေ၊ မိသားစုတွေ သေကွဲ၊ ရှင်ကွဲကွဲရတာတွေ၊ မြို့ရွာသာမက ဘုရားကျောင်းကန်တွေ ထိခိုက်ပျက်စီးရတာလည်း မနည်းပါဘူး။ ဒီတော့ ရပ်တန်းကရပ်ပြီး မြင့်မြတ်တဲ့ စိတ်ထားနဲ့ တိုင်းပြည်ကြီးကို ပြန်လည်တည်ဆောက်ကြဖို့ လိုပြီလို့ တင်ပြလိုက်ရပါတယ်။                                          
(ဖိုးခွား)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 89

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50013

© 2022 - 2025 News. All Rights Reserved.