၂၀၂၅ ၊ ဩဂုတ် ၂၄
အခါတစ်ပါး ဗုဒ္ဓမြတ်စွာဘုရားထံတော်ပါး သုဘလုလင်အမည်ရှိ လူငယ်တစ်ဦး ရောက်ရှိလာပြီး သူ့စိတ်ထဲမှာ သံသယဝင်နေတဲ့ အကြောင်းအရာတွေကို မေးလျှောက်ခွင့်ပြုပါဘုရားလို့ အသနားခံ တောင်းပန်တယ်။ ဘုရားရှင် ခွင့်ပြုတော်မူလို့ ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လောကလူသားတွေ အကြောင်း မေးလျှောက်ပါတယ်။ လောကကြီးမှာ တချို့က အသက်ရှည်တယ်၊ တချို့က အသက်တို တယ်၊ ဆင်းရဲချမ်းသာ ကွာခြားမှုတွေလည်း တွေ့မြင်နေရတယ်။ ပြီးတော့ တချို့က ရုပ်ရည်ချောမောလှပ၊ တချို့ကျတော့ အရုပ်ဆိုးအကျည်း တန်လိုက်တာ၊ အဲဒါ ဘာ့ကြောင့်ပါလဲ အရှင်ဘုရား။ သုဘလုလင်က လောကလူ့ဘုံထဲက ကွဲပြားခြားနားနေတဲ့ အကြောင်းအချက် ခုနစ်ချက်ကို မေးလျှောက်ပါတယ်။ သုဘလုလင်အမေး ဘုရားရှင်အဖြေကို ကျေးဇူးတော် ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ကဗျာလင်္ကာရေးပြီး မှတ်တမ်းတင်တော်မူခဲ့ပါတယ်။ ၁၉၉၈ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'ကဝိဗန္ဓန ကထာ' ကဗျာစာအုပ်ထဲက ကောက်နုတ်ဖော်ပြအပ်ပါ တယ်။
၁။ ဤလောက မြေဘုံမဟေဝယ်၊ သန္ဓေခိုသား တူပါငြားလည်း၊ ချို့ကားသက်ရှည် သက်မရှည်မှာ၊ ဘယ်ခြေမူလ မတူကြ၍ ညီမျှပုံကင်း စုန်မဆင်းကို၊ ရှင်းလင်း မြွတ်ဟ၊ နှုတ်တော်မှ ...။
အမိဝမ်းမှာ သန္ဓေတည်မွေးဖွားလာခဲ့သူချင်း တူပါလျက် အချို့က အသက်ရှည်ရှည်နေသွား ရတယ်။ အချို့က အသက်တိုတိုလေးနဲ့ သေသွားရတယ်။ ဒီလိုကွဲ ပြားခြားနားရခြင်းရဲ့ မူလအခြေခံအကြောင်းတရားက ဘာများပါလဲ အရှင်ဘုရား ...။
ဗုဒ္ဓဘုရားရှင်ရဲ့ အဖြေက ...
(က) သူ့သက်သတ်ထား ထိုသူအားလျှင်၊ တို ငြားအသက်၊ နေ့ညရက်။
(ခ) သူ့သက်မခြွေ ထိုသူတွေကို အနေကောင်းရန် စောင့်ရှောက်ပြန်က ရှည်ပြန်ရ၊ ဘဝအဆက်ဆက် နေ့ညရက်။ (စာ-၁၀၇)
ယခင်ရှေးဘဝတွေက သူ့အသက်သတ်ခဲ့သူတွေ အသက်တိုတိုနဲ့ သေရတယ်။ သူ့အသက် မသတ် ရုံမက သူ့ဘ၀ အခြေကောင်း၊ အနေကောင်းဖို့ စောင့်ရှောက်တတ်သူ၊ ကူညီတတ်သူတွေဟာ ဘဝအဆက်ဆက် အသက်ရှည်ရှည် နေရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ သြဝါဒအနှစ်ချုပ်ကို မဟာဗောဓိ မြိုင်ဆရာ တော်ဘုရားကြီးက လင်္ကာရေး၍ အသိပေးတော်မူခဲ့ပ တယ်။
'အသက်တိုရှည် ထိုနှစ်ထွေကား၊ ကာယေ သူ့သက်ရှင်နေချက်ကို ငဲ့ကွက်မညှာ စာနာမရှိ ခွင်းဖျက်မိသော် ရောက်၏ ငရဲ၊ ခံမြဲစဉ်းခံ နှစ်စေ့ပြန်က လူ့ထံ တက်ရ သက်တိုရဖြင့် ကမ္မဖလကျိုး ပြစ်ကျ၍၊ မှတ်ကြသက်တို ဝဋ်ခင်းပို၏။ ထိုမှအပြန် မသတ်ဆံသော်၊ ကံကျိုးမူလ ရှည်လွန်းလှသည်။ ဘဝတိုရှည်သည်အကြောင်း၊
သူ့အသက်သတ်သူဟာ ပထမငရဲကျမယ်၊ ငရဲသက်ကုန်လို့ လူ့ဘဝပြန်ရောက်လာရင်တောင်မှ အသက်ရှည်ရှည် မနေရဘူး။ ဝဋ်ဒုက္ခကြီးမားလှတယ်။ သူ့အသက်မသတ် သူရဲ့ ကံအကျိုးပေးက အသက်ရှည်ရှည် နေရတယ်ဆိုတဲ့ ကြောင်းကျိုးဆက်သဘောချက်ကို ဖော်ထုတ်ထားပါတယ်။
၂။ သုဘဒ္ဒခေါ်သုဘလုလင်ဟာ သံသယကင်း ဉာဏ်ရောင် လင်းခဲ့ပေပြီ၊ အသက်ရှည်ခြင်း အသက်တိုခြင်းနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေး ကွာခြားမှုကြီးဟာ လောကကြီးမှာ အမှန်ဖြစ်ပေါ်နေတယ်။ အချို့ အနာရောဂါကင်းရှင်း ချမ်းသာနေပြီးတော့ အချို့ကျတော့ အနာရောဂါ ထူပြောလှတယ်။ အဲဒါ ဘာကြောင့်ပါလဲ။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဆက်လက်မေး လျှောက်ပါတယ်။
'အချို့ နာကင်း၊ နာမကင်းကား၊ ဘယ်သင်းကိစ္စ မတူကြ၍၊ ညီမျှပုံကင်း စုန်မဆင်းကို၊ ရှင်းလင်းဖြေပါ နှုတ်တော်မှ ..' သူတစ်ပါးရဲ့ ကိုယ်ကာယအပေါင်း အစု၊ အင်္ဂါခြေလက်တို့ကို ပျက်ယွင်းအောင် နှိပ်စက်ဖျက် ဆီးခဲ့သူတွေဟာ ဘဝအဆက်ဆက် ခြေလက်အင်္ဂါ ဒဏ်ရာအနာတရ ကြီးစွာဖြစ်တတ်ရုံမက ရောဂါပေါင်းစုံရဲ့ နှိပ်စက်ခြင်းကိုလည်း ခံရတတ်တယ်။ သူတစ်ပါးကို မနှိပ်စက်မဖျက်ဆီးဘဲ မိမိကိုယ်နှင့် မခြား ကူညီစောင့်ရှောက်ခဲ့သူများကတော့ ခြေလက်အင်္ဂါ ပြည့်စုံစွာနဲ့ အနာရောဂါ ကင်းရှင်းချမ်းသာခြင်းဖြင့် နေနိုင်ကြတယ်လို့ ဗုဒ္ဓမြတ်စွာဘုရား ဖြေကြား ရှင်းလင်းတော်မူပါတယ်။
(က) သူ့ကိုယ်ခန္ဓာ ပေါင်းစုမှာ၏ အင်္ဂါခြေ လက်တွဲအဆက်ကို ပျက်ယွင်းစေလျှင် ကိုယ့်မှာပင်၊ မရှင်ခြေလက် နေ့ညရက်၊
(ခ) သူ့ကိုယ်အဆက် ခြေလက်စသား အင်္ဂါများကို၊ မခြားကိုယ်သို့ စောင့်ရှောက်ပို့က၊ မချို့ခြေ လက် နေ့ညရက်၊
'သူ့ကိုမျက်စိ ညှဉ်းဆဲမိက ကိုယ့်မျက်စိမှာ ဒဏ်ပိရာ၏။ တစ်ဖြာနားနှာ၊ လျှာကိုအနှံ့ ညှဉ်းချက် ဖြန့်သော်၊ ဖြန့်သည့်တိုင်းသာ ကိုယ့်မှာခံရ ဒဏ်ပေါ်ရ၏။ ထိုမှအပြန် ညှဉ်းရန်မလွယ် ရန်စွယ်မထုတ် မဆိုးယုတ်က ဟုတ်ဟုတ်ငြားငြား ရောဂါပါးမည်၊ နာဖျားနာကင်း သင်းအကြောင်း ...။' (စာ-၁၀၈)
၃။ သုဘလုလင်က တတိယမေးခွန်းကို ဆက်လက်လျှောက်ထားပါတယ်။
လောကကြီးမှာ အချို့က အဆင်းလှပါတယ်။ အချို့ အကျည်းတန် ရုပ်ဆိုးပါတယ်။ ကမ္မဖလအ ကျိုးနှစ်၀ ကွဲပြားသွားရတဲ့ အကြောင်းရင်းကို ဖြေရှင်းမိန့် ကြားပေးတော်မူပါ မြတ်စွာဘုရားတဲ့။
'တစ်ဖက်သူ့အား ပြစ်မှားမုန်းငြိုး ရန်မီးပျိုးက ရုပ်ဆိုးရ၊ မလှမဲ့ခွက် နေ့ညရက်။'
'တစ်ဖက်သားကို ပြစ်မှားမုန်းငြိုး မျက်ရိုးကုပ် ကုပ်ညိုပုပ်ပုပ်နှင့် စိတ်ယုတ်စိတ်ထား ကင်းသူအား လှငြားအဆင်း ပန်းနှယ်သင်း၏။ ထိုခင်းမှပြန် မျက်ဆန် စောင်းထိုး မုန်းငြိုးစိတ်ထား တင်းသူအား၊ လှသား ကင်းမိုက်ပိုးကိုက်သည့်ပန်း ပုံမတန်းသို့ နွမ်းတယဲ့ယဲ့ ပန်သူ မဲ့မည်၊ ဆင်းသွဲ့ဆင်းမဲ့ နှစ်ဖွဲ့ကြောင်း ...။' (စာ-၁၀၈)
တစ်ဖက်သားကို ပြစ်မှားတတ်သူ၊ ရန်လိုတတ်သူ၊ အငြိုးအတေးကြီးသူ၊ အမုန်းစိတ်မွေးသူတွေဟာ နေ့ညရက်စက် အလှပျက်ပြီး အကျည်း တန်နေပါလိမ့်မယ်။ သူနှင့်မတူ တစ်ဖက်သားကအပြစ် လုပ်ထားရင်တောင်မှ ခွင့်လွှတ်တတ်သူ၊ အကောင်းမြင်တတ်သူ၊ ပီတိဖြင့် စိတ်နှလုံးသား နူးညံ့ပျော့ ပျောင်းသူတို့ဟာ နေ့ရောညပါအလှ ဝေဖြာနေတတ်တယ်လို့ ဆိုပါတယ်။ စိတ်ယုတ်မာကင်း သူဟာ လှငြားအဆင်း ပန်းနှယ်သင်းပြီး စိတ်ထားပုပ်သူကတော့ ပိုးကိုက်ပန်းလို အရုပ်ဆိုးပြီး ပန်သူမဲ့တဲ့ဘ၀ ရောက်သွားတတ်ပါတယ်။
၄။ 'အချို့ ခြွေရံပေါလွန်းပြန်၏။ ရံခြွေသင်ပင်း အချို့ကင်းသေး၊ ဘယ်သင်းကိစ္စ မတူကြ၍ ညီမျှပုံ ကင်း၊ စုန်မဆင်းကို၊ ရှင်းလင်းမြွက်ဟ နှုတ်တော်မှ ...'လို့ သုဘလုလင်က ဆက်လက်လျှောက်ထားပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ အဖြေစကားကို မဟာဗောဓိ မြိုင်ဆရာတော်ဘုရားကြီးက ကဗျာလင်္ကာအားဖြင့် အမှတ်အသားပြုတော်မူခဲ့ပါတယ်။
(က) တစ်ပါးသူကို လိုမပြည့်၀ အားမရ၍၊ နားမခံချိ ငြူစူမိ၊ ကင်းဘိ ခြွေသက် နေ့ညရက်။
(ခ) တစ်ပါးသူ့လို ကိုယ်ကသာဖြည့် သူရွှင်ဘိလျှင် ခင်မင်မှုပွား သူအားထား ပေါများခြွေသက် နေ့ညရက်။
'တစ်ဖက်သူအား ညည်းတွားငြူစူ ရမ္မက်ပြူသော်၊ နားပူစိတ်နွမ်း သူမချမ်း၍ လက်ကမ်းရုပ်လျင်း မိတ်ဖျက်ကင်းလိမ့်၊ ထိုခင်းမှပြန် မထန်ရမ္မက်၊ စွဲချက်မတင် မငြိုငြင်က၊ ဘဝစိတ်လန်း၊ သူကျေချမ်း၍ ဝမ်းပြည့် တုံ့ပြန် ကိုယ့်နောက်ရံမည်၊ ခြံမဲ့ခြံကင်း သင်းအကြောင်း ...။' (စာ-၁၀၉)
မိမိအပေါ် တစ်ဖက်က ဘယ်လောက်ကောင်းနေပါစေ အလိုမပြည့်ဝ၊ စိတ်တိုင်းမကျ၊ အားမရ ဖြစ်ပြီး နားမခံသာအောင် ငြူစူတတ်သူဟာ နေ့ညရက်ဆက် အခြွေအရံကင်းမဲ့ နေတတ်ပါတယ်။ တစ်ဖက်သားရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခြင်းဖြင့် သူ့ကိုပျော်ရွှင်စေ၊ ကျေနပ်စေအောင် စွမ်း ဆောင်နိုင်သူဟာ သူ့ရဲ့ခင်မင်မှု၊ အားကိုးအားထား ပြုမှုတွေနဲ့အတူ သူ့လို ဝန်းရံပေးမယ့်သူတွေ နေ့စဉ် ရက်ဆက် တိုးပွားလာမယ်လို့ ဆိုပါတယ်။ တစ်ဖက်လူကို ညည်းတွားငြူစူတတ်သူကြောင့် နားပူစိတ်နွမ်း မချမ်းမသာဖြစ်ရပြီး ကမ်းတဲ့လက်ပင် ရုပ်သွားကာ မိတ်ဆွေဖော်သဟာ အခြွေအရံ ဘာမှမကျန်တော့ လောက်အောင် ခမ်းခြောက်သွားနိုင်ပါတယ်။ မိမိဖက်က ရမ္မက်မထန်၊ ငြိုးမာန်မဆင် မငြိုငြင်ဘူးဆိုရင် သူ့ဘက်ကလည်း ကျေနပ်လက်ခံ ဝမ်းပန်းတသာ တုံ့ပြန်ခြင်း၊ အခြံအရံအဖြစ် ဝန်းရံပေးခြင်းတို့ကို ဧကန်ပြုမှာ သေချာလှပါတယ်။
၅။ သုဘလုလင်ရဲ့ ပဉ္စမမြောက်မေးခွန်းဟာလည်း အများသိချင်နေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ တချို့ စီးပွားတက်၊ တချို့ စီးပွားပျက် ဘာကြောင့်ပါလဲ။
'အချို့စီးပွား ဒီရေလားပင် တိုးပွားလျှင်၏။ အချို့စီးပွား လုပ်လျက်သားနှင့် ဆုတ်သွားရက်ဆက် စီးပွားပျက်၏။ ဘယ့်တွက်ကိစ္စ မတူကြ၍ ညီမျှပုံကင်း စုန် မဆင်းကို ရှင်းလင်းမြွက်ဟ နှုတ်တော်မှ ...'
ဘုရားရှင်ရဲ့ အဖြေကို မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက ကဗျာလင်္ကာရေးသား၍ မှတ်သားစေခဲ့ပါတယ်။
(က) တစ်ပါးသူအား ကိုယ်သို့ထား၍ သနားချင့်တွေး ကမ်းပေးကျွေး၊ မနှေးပွားတက် နေ့ညရက်။
(ခ) တစ်ကိုယ်ကောင်းစိတ် ကိုယ့်ထံအိပ်၍၊ ချင့်သိမ်မမွေး မပေးမကမ်း၊ မလှူဒါန်း၊ နွမ်းပါးရောက် ရက် နေ့ညရက်။
'တစ်ပါးသူကို ပေးလိုကမ်းလို၊ ရက်ရောပိုနှင့် လိုလိုလားလား ကူညီထားသူ၊ သနားသူကား သူတစ်ပြန်ထား မိတ်လိုက်များ၍ စီးပွားတိုးတက် ထက်ဘုံဆက်၏။ ထိုဘက်မှ ထောက်၊ သဟောက်သ ဟန်၊ စိတ်ကြမ်းလေ ခိုတွန့်တိုနှမျော၊ ပေါသော်လည်းမြုံ ရှားလည်းငုံဖြင့်၊ လက်ကုန်မပွင့် မရင့် အသီး ပေးကျွေးနည်းသော်၊ ခရီးမဆိုက် မိတ်မလိုက်၍ ပွားထိုက်ပစ္စည်း လက်ရနည်းမည်၊ ပွားစီးပွားဆုတ် ယုတ်အကြောင်း ...။' (စာ-၁၁၀)
ကိုယ်ချင်းစာထား မေတ္တာပွား၍ သနားချင့် တွေးပေးကမ်းတတ်သူတွေဟာ စီးပွားရေးအတက်မြန်တယ်။ မပေးရက်၊ မကမ်းရက် ကိုယ့်အတွက် တစ်ဘို့ တည်းကြည့်သူ အတ္တသမားများ စီးပွားရေး ဆုတ်ယုတ် တတ်တယ်လို့ ဆိုပါတယ်။
၆။ သုဘလုလင်ရဲ့အမေးက ထောင့်စေ့လှတယ်လို့ ဆိုနိုင်ပါတယ်။ စီးပွားတက်၊ စီးပွားပျက်ကိစ္စ မေးလျှောက်ပြီးတဲ့နောက် ဉာဏ်ရည်အကြောင်း မေးလျှောက်ပြန်တယ်။ တချို့က ဉာဏ်ကောင်းတယ်။ တချို့ ဉာဏ်တုံးပြီး ဒုန်းဝေးလှတယ်။ လူချင်းတူပါလျက် ဉာဏ်ပညာအဆင့် အတန်း ကွဲလွဲရခြင်းအကြောင်းရင်းကို ဖြေ ရှင်းပေးတော်မူပါ အရှင်မြတ်ဘုရား ...။
ဗုဒ္ဓဘုရားရှင်ရဲ့ အဖြေက သုဘစကားအဖြစ် မှတ်သားရုံမျှမက လိုက်နာကျင့်သုံးရမယ့် စရဏကျင့်စဉ် တစ်ခုလည်း ဖြစ်နေပါတယ်။ မင်္ဂလသုတ်မှာ လူမိုက်ကိုရှောင် ပညာရှိကို မှီဝဲဆည်းကပ်၊ မြတ်သောပူ ဇော်ခြင်းကို ပြုဆိုတဲ့ လမ်းညွှန်ချက်ကို သတိရစေပါတယ်။
(က) ပညာရှင်နီး ဆည်းကပ်မှီးလျက်၊ ဖြည့် ဆည်းတုပ်ကွ မာန်နှိမ့်ချ၊ ရမိဉာဏ်စက် နေ့ညရက်။
(ခ) သူ့ပညာရှိ မဖြည့်ကျင့်ဝတ်၊ မညွှတ်မာန်ဝင် မကပ်ချင်၊ ဉာဏ်မြင်မဆက် နေ့ညရက် ...။
'ပညာရှိထံ ကိုယ်အပ်နှံ၍ မြဲမြံလုံ့လ၊ မချ သတိထိအသိဖြင့် မီးထိဖယောင်း ပျော့ပျောင်းစိတ် ဓာတ်၊ နာခံမှတ်သော်၊ တတ်ရပညာ ဝှန်တက်လာ၏။ ထိုမှာ တစ်လှည့် ပြောင်းပြန်ကြည့်လော့၊ သတိမပါ ကင်းကွာ စွဲသဲ၊ စွဲမြဲနွံတာ မခံပါသော်၊ ပညာမဲ့ဝေး ပေါက်ပန်းသွေးသို့၊ ဆင်းရေသာလှ ချင်းမလှဖြင့်၊ ကင်းပပညာ နုံ့ရရှာ မည်၊ နှစ်ဖြာဝေးနီး ခရီးကြောင်း။' (စာ-၁၁၁)
ပညာရှာပမာ သူဖုန်းစားဆိုသလိုပဲ ဆရာ့ထံပါး ချဉ်းကပ်ရာမှာ မာန်မာနတွေ ကပ်ပါလာရင် ပညာသင်ကြားရေးမှာ မထိရောက်တော့ပါ။ မာန်မာနဟာ ဉာဏ်ပညာကို ထုံထိုင်းစေတဲ့ အရာလို့ မှတ်ပါ။ တပည့် ဝတ်ငါးပါး ကျေပွန်စွာဖြင့် ဆရာထံပါး ချဉ်းကပ်သူဟာ ပညာဉာဏ်ရောင် ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းလင်းနေမှာ ဖြစ်ပါတယ်။
သုဘလုလင်ရဲ့ သတ္တမမြောက် နောက်ဆုံး လျှောက်ထားချက်ဟာလည်း အလေးအနက် ဆင်ခြင်မှတ်သား ကျင့်ဆောင်ဖွယ် ကောင်းလှပါတယ်။ 'လောကကြီးမှာ 'အယုတ်-အမြတ်' ကွဲနေတာလည်း အထင်အရှားပါပဲ။ ယုတ်ညံ့လွန်းလို့ အောက်တန်းစားဖြစ်နေ သူတွေရယ်၊ မြင့်မြတ်လွန်းလို့ အလိုအလျောက် အထက်ရောက်နေသူတွေရယ် ဘယ်လိုဘယ်အကြောင်းကြောင့် ကွဲပြားနေရပါသလဲ မြတ်စွာဘု ရား ...။'
'ငါမှငါသာ နှိုင်းစရာဟု ငါ့ဟာငါခင် ငါသာ မြင်လျက်၊ စပ်ယှဉ်လေရာ မောက်မာကြမ်းကြုတ်၊ ကောက်ကျစ်ငုပ်ကြောင့် မျိုးယုတ်သို့သာ သက်ရရှာခဲ့။'
အမျိုးယုတ်ဘဝသို့ တွန်းချပေးလိုက်တာလည်း ငါစွဲအတ္တ မာန်မာနပါပဲ။ လူမှုဆက်ဆံရေးမှာ အထက်စီး ကနေချင်သူတွေ မောက်မာရုံမက ကြမ်းကြုတ်သူတွေ၊ ကောက်ကျစ်စဉ်းလဲသူတွေဟာ ဒီဘ၀ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ သံသရာမှာ ဘဝအဆက်ဆက် အမျိုးယုတ်အဖြစ်သို့ သက်ဆင်းသွားမှာ ဖြစ်ပါတယ်။
'ခန့်ဝါစိတ်ထည် အမြင်ကျယ်လျက်၊ မဖွယ်ရာ နှုတ်မဟုတ်ရာဖျောက်၊ မောက်ရာကိုဖြို လိုရာကို တိုး၊ တံတားထိုးကာ ချိုကျိုးသော နွားကဲ့အလားဖြင့် တစ်ပါးသူအောက် ယုတ်စိတ်မှောက်သော် ကဲမောက်တက်ကြွ၊ မြင့်စိတ်ထ၍ မြတ်ရဧကန် ရခဲ့ပြန်သည်။ သန္ဓေယုတ် မြတ်ဇာတ်အကြောင်း ...' (စာ-၁၁၂)
ကိုယ်နှုတ်နှလုံး ကံသုံးပါးလုံးမှာ မာနမပါ နှိမ့်ချစွာဖြင့် သူတစ်ပါးရဲ့ဂုဏ်ကို မြှင့်တင်ပေးတတ်သူဟာ ဘဝသံသရာ ကျင်လည်ရာမှာ မြင့်ရာမြတ်ရာနေ ရာဌာနများသို့ ထိုက်ထိုက်တန်တန် ဧကံရောက်ရှိ တတ်တယ်လို့ ဖော်ညွှန်းထားပါတယ်။ သုဘလုလင်ရဲ့ အမေး၊ ဘုရားရှင်ရဲ့အဖြေ အနှစ်ချုပ်ကို ကဗျာ လင်္ကာရေးပြီး နိဂုံးချုပ်ပေးထားပါတယ်။
'မပို့မယုတ် အတိုချုပ်ကား ကိုယ်လုပ်သည့်ကံ ကိုယ်သာပြန်၍ ခံရပြစ်ချက် ခံကျိုးဆက်ကြောင့် ဆိုးချက်တင်းလင်း သင့်အားပြင်းသော် ဆိုးခြင်း၌သာ ကျိုးတည်လာလိမ့်၊ အခြားတစ်ဖက် ကောင်းချက် ပြင်းပြင်း၊ သင်အားတင်းသော်၊ ကောင်းခြင်း၌သာ ကျိုးဆိုက်လာ လိမ့်၊ ကံမှာမူလ ကွဲကြရကို ဓမ္မစက္ခု ဉာဏ်မျက်ရှုဖြင့်၊ စေ့ငုဖွေရှာ တွင်းသိရာသည် နှစ်ဖြာ နှစ်ဖြာ့ ကွဲရာကို ...။'
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဗုဒ္ဓဘာသာရဲ့ အခြေခံ 'ကံ-ကံ၏အကျိုး'ကို ထင်ရှားပေါ်လွင်အောင် ကျင့်ဆောင် မှတ်သားဖွယ် တို့ကို ကဗျာလင်္ကာရေးသား၍ အသိပေး လမ်းညွှန်တော်မူခဲ့ပါကြောင်း ...။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )