သမိုင်းထောင်ချောက်ထဲက မှောက်မှောက်မှားမှား စော်စော်ကားကား အရေးအသားများ

၂၀၂၄ ဧပြီ ၁၁

    ၂၀၂၄ ဧပြီလဆန်းပိုင်းမှာ NLD ရဲ့ခေါင်းဆောင်ပိုင်းထဲက တစ်ဦးဖြစ်တဲ့ ဦးဟံသာမြင့်ရဲ့ 'ဗမာ့ သမိုင်းထောင်ချောက်ကြီး}စာတမ်းကို အွန်လိုင်းပေါ်မှာ ဖတ်ခဲ့ရပါတယ်။ ဦးဟံသာမြင့်ဟာ မတ်လ အတွင်းက ချင်းမိုင်ကို ထွက်ပြေးသွားခဲ့ပြီးနောက် ဒီစာတမ်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီစာတမ်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အကြမ်းဖက် Z (ဇက်) မျိုးဆက်များနဲ့ NUG ဆီမှာ ဝင်ခွင့်လျှောက်လွှာတင်သွင်းရင်း အလျင်စလို ဖျာခိုင်းလိုက်တာနဲ့ တူနေပါတယ်။ သူ့စာတမ်းမှာ သမိုင်းဆိုင်ရာနဲ့ လူမှုရေးရာတွေ အများကြီးပါနေခဲ့ပေမယ့် ဒီစာတမ်းဟာ 'သမိုင်းစာတမ်း၊ လူမှုသိပ္ပံစာတမ်း မဟုတ်ဘူးဆိုတာကိုတော့ ကြိုတင်အသိပေးပါရစေ'လို့ ကြိုကန်ထားတာ တွေ့ရပါတယ်။ ဒီလို ကြိုကန်ထားတာကတော့ သူ့စာတမ်းမှာ သမိုင်းအမှားတွေ၊ လူမှုရေးရာ သုံးသပ်ချက်အလွဲတွေနဲ့ ခင်းကျင်း တင်ဆက်တော့မယ်ဆိုတာ ကြိုတင်ဝန်ခံထားရာ ရောက်ပါတယ်။ စာတမ်းခေါင်းစဉ်မှာ 'သမိုင်းထောင်ချောက်'လို့ ပေါ်ပေါ်တင်တင် သုံးထားပြီးမှ သမိုင်းစာတမ်းမဟုတ်ဘူးလို့ အသိပေးလိုက်ပုံဟာ လည်း အိုးမလုံအုံပွင့်သလို ဖြစ်နေပါတယ်။
    တကယ်တော့ ဦးဟံသာမြင့်ဟာ ကိုယ့်လိပ်ပြာကိုယ်မလုံဘဲ ချုံကွယ်ရာလက်သီးဆုပ်ပြသလို ဖြစ်နေပါတယ်။ ဒီနေ့ လူငယ်များရဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး ]တစ်ခါမှ မကြုံဖူးတဲ့ ဒလန်များကိုရော၊ အုပ်ချုပ်ရေးဝန်ထမ်းများကိုပါ သုတ်သင်ခြင်း နည်းလမ်းများ သုံးလာပါတယ်}လို့ ဖော်ပြခဲ့ပြီး 'ငြိမ်းချမ်းချောမွေ့သောနည်းကိုသာ သုံးရမယ်၊ အကြမ်းဖက်ခြင်းကို ဘယ်ဘက်ကသုံးသုံး လက်မခံဘူးလို့ အန္တရာယ်ကင်း ဂါထာထုတ်သလို တဖွဖွမန်းမှုတ်လာခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်တွေအတွက် စဉ်းစားစရာ ဖြစ်လာပါတယ်'လို့ဆိုပါတယ်။ NLD ရဲ့ မူလလမ်းစဉ် 'နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာခြင်း'ကိုလည်း တို့ထိဝေဖန် သုံးသပ်ထားတာ တွေ့ရပါတယ်။
    'စစ်တပ်ကလုပ်ပေးတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသေကိုင်ထားကြတာ များပါတယ်။ အဲဒီရလဒ်ကို ၂၀၁၀ စာတစ်ကြောင်းနဲ့ ပယ်ဖျက်လိုက်တော့လည်း အမှတ်မရှိခဲ့ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တော့ ၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေးထက်သာတဲ့ ရလဒ်ကို ဆောင်ကြဉ်းနိုင်ခဲ့တယ်လို့ ယူဆလိုက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မန်းမှုတ်ခဲ့တဲ့ဂါထာ (အကြမ်းမဖက်ရေး)က အစွမ်းထက်တယ်လို့ ယုံသွားပါတယ်'လို့ ဆိုပါတယ်။
    သူ့ရဲ့မိခင်ပါတီ NLD ကိုလည်း ပိုးစိုးပက်စက် ဆက်လက်ဝေဖန်ထားတာ တွေ့ခဲ့ရပါတယ်။
    '၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က ရှမ်းမြောက်က တစ်နေရာကိုသာ ရှုံးပြီး ကြံ့ခိုင်ရေးက တစ်ပြည်လုံး NLD မ ပြိုင်တဲ့နေရာမှာသာ အနိုင်ရခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်အမတ်နေရာ ၄၀ ကျော်နဲ့ အကြီးဆုံးအတိုက်အခံဖြစ်လာတဲ့အခါ NLD ကလည်း မကြာခင်မှာပဲ အချိုးပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ပါတီရဲ့ တစ်ဦးတည်းသော ယှဉ်ပြိုင်ဘက်မရှိ ခေါင်းဆောင်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မှာအခြေမချတော့ဘဲ နေပြည်တော်ကို ပြောင်းရွှေ့သွားပါတယ်။ ရန်ကုန် NLD ရုံးချုပ်ကို ရုံးမတက်တော့ပါဘူး။ ဒါ့ကြောင့် နေပြည်တော်မှာ ရုံးမထားနိုင်တဲ့ အဖွဲ့ချုပ်မဟာမိတ် CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီများနဲ့ ဝေးကွာသွားပါတယ်။ လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များနဲ့ တပ်မတော်ကိုယ်စားလှယ်များ သဘောထားကွဲကြတဲ့အခါ (ဘယ်အချက်မှာ သဘောထားကွဲတယ်ဆိုတာ ဖော်ပြမထားပါ) NLD က USDP (ကြံ့ခိုင်ရေး) ကို ထောက်ခံလာပါတယ်။ ရခိုင်(မြောက်ပိုင်း)က ရိုဟင်ဂျာအရေးမှာ NLD ရဲ့သဘောထားက ဝေဝါးလာပါတယ်။ CRPP အဖွဲ့ဝင် ရိုဟင်ဂျာတစ်ယောက်ဆိုရင် NLD ကို လာလည်ရင် ဧည့်ခံမယ့်သူမရှိ ဖြစ်လာပါတယ်။ ၂၀၁၃ NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပပြီး ဗဟိုအဖွဲ့များ ပြန်လည်ဖွဲ့စည်းတဲ့အခါ ကချင်၊ ကယား၊ ချင်းကိုယ်စားပြုတဲ့ CEC တစ်ယောက်မှ ပါမလာပါဘူး။ အဲဒီပြည်နယ်တွေက ပါတီဝင်တွေ စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဟာမိတ်တိုင်းရင်းသားပါတီများ နဲ့ မဲဆန္ဒနယ်မြေခွဲစေဖို့ ညှိနှိုင်းတိုင်ပင်ခြင်း မရှိခဲ့ပါဘူး'လို့ အကြောလှန်ဝေဖန်ရင်း ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရချိန်မှာလည်း တကယ်အရေးပါတဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာတွေ၊ အစိုးရအဖွဲ့ဝင်နေရာတွေ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းတွေမှာ တိုင်းရင်းသား ပါတီများက တစ်ဦးမှမပါဘဲ ဗမာတွေကိုသာ ခန့်ထားခဲ့တယ်။ ရိုဟင်ဂျာအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်တပ်ဘက်က ရှေ့နေလုပ်ပြီး ကာကွယ်ပေးခဲ့တယ်။ ‘တစ်ကမ္ဘာလုံးအရှေ့မှာ ဗမာလူမျိုးကြီးဝါ‘’အထုပ်ကို ဖြေပြလိုက်တာပဲ‘ လို့ ဆိုပါတယ်။
    ၂၀၂၀ ရွေးကောက်ပွဲပြီးချိန်မှာလည်း NLD ဟာ တိုင်းရင်းသားတွေအပေါ် ဗမာလူမျိုးကြီးဝါဒနဲ့ ပါတီကြီးဝါဒ ကျင့်သုံးတယ်ဆိုတဲ့အသံတွေ ထွက်လာတယ်။ မွန်ပြည်နယ် ချောင်းဆုံတံတားနာမည်ပေးခြင်းနဲ့ လွိုင်ကော်ပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွေမှာ ဒီဝေဖန်ချက်တွေ ပေါ်ထွက်ခဲ့တာဟာ NLD ရဲ့ ဗျူရိုကရက်များကြောင့် ဖြစ်ရတာလို့ ဆိုနိုင်တယ်လို့ သုံးသပ်ထား ပါတယ်။ NLD အသက်မရှိတော့မှ ဘာကြောင့် ဒီလိုထိုးနှက်နေရသလဲ၊ NLD အားကောင်းမောင်းသန်ရှိ စဉ်အခါက ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေမှာ ဖော်ထုတ်သင့်ခဲ့ပါလျက်အခုမှ သူခိုးပြေးမှ ထိုးကွင်းထ ဟန်ရေးပြနေရတာလဲ။
    ဦးဟံသာမြင့် အဓိကပြောချင်တာက ‘ဗမာ လူမျိုးကြီးဝါ’ကို သူ့ရဲ့မိခင်ပါတီ NLD ကိုယ်တိုင် ကျင့်သုံးခဲ့တယ်ဆိုတာပါပဲ။ ဒါကလည်း အခုမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားကောင်းလာချိန်မှာ ကမူးရှူးတိုး ကယောင်ကတမ်း ထအော်လိုက်တာပါပဲ။ တကယ်စေတနာမှန်ရင် အစောကြီးကတည်းက ထုတ်ဖော်ရေးသားပြောဆိုမှုတွေ လုပ်သင့်ခဲ့တာပါ။ သူ့မိခင်ပါတီကိုတောင် ပြစ်မှားနေပြီ ဆိုမှတော့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးကိုလည်း ဘယ်ချန်ထားလိမ့်မလဲ။
    “ဗမာ့တပ်မတော်ထဲမှာ ဗမာဗုဒ္ဓဘာသာတွေကလွဲရင် ဗိုလ်ချုပ်ရာထူးမဖြစ်ခဲ့တာက မကြေညာတဲ့ အသံတိတ်ပေါ်လစီဖြစ်ပါတယ်”လို့ ဦးဟံသာမြင့်က သူ့စာတမ်းအဆုံးပိုင်းတစ်နေရာမှာ ဖော်ပြထားပါတယ်။ ဘယ်လောက်အထိ ဖြီးဖြန်း ရမ်းတုတ်ထားသလဲဆိုတာ အလွန်ထင်ရှားပါတယ်။ ဗမာ့တပ်မတော်ရဲ့ ပထမဆုံးကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းဆိုတာ ဗမာ ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ကရင်လူမျိုး ခရစ်ယာန်ဖြစ်ကြောင်း အားလုံးသိကြပါတယ်။ ပြီးတော့ အမှတ်(၄) ကချင်သေ နတ်ကိုင်တပ်ရင်းကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗိုလ်မှူးချုပ် (ဗိုလ်ချုပ်) လဇွန်တန်ဆိုတာ ကချင်လူမျိုး ခရစ်ယာန်ဆိုတာလည်း စစ်သမိုင်းလေ့လာသူတိုင်း သိကြပါတယ်။ စစ်တက္ကသိုလ်ရဲ့ သက်တမ်းအရှည်ဆုံး တတိယမြောက်ကျောင်းအုပ်ကြီး သီရိပျံချီ ဗိုလ်မှူးကြီး အယ်ခွန်နောင်ဆိုတာလည်း ကချင်ကရစ်ယာန်ပါပဲ။ တပ်မတော်မှာ အရေးကြီးတဲ့ရာထူးနေရာတွေကို တိုင်းရင်းသား ခရစ်ယာန်များကို ယုံယုံကြည်ကြည် အပ်နှင်းခဲ့တာတွေ့ရပါတယ်။
    ကြံ့ခိုင်ရေး (USDP) နဲ့ပတ်သက်ပြီးတော့လည်း  လူမျိုးရေးခွဲခြားမှုတွေနဲ့ စွပ်စွဲပြစ်တင်ထားတာ တွေ့ရပါတယ်။
    ‘ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အနိုင်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးများကို သမ္မတ၊ ဒုသမ္မတ(၁)၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနေရာများသာမက အရင်က အရပ်သားများကို တာဝန်ပေးခဲ့တဲ့ တရားသူကြီးချုပ်၊ အခြေခံဥပဒေခုံရုံး၊ ဥက္ကဋ္ဌနေရာတွေမှာပါ ခန့်ထားလိုက်ပါတယ်။ အားလုံး ဗမာတွေချည်းပါပဲ။ ဒုသမ္မတတစ်နေရာကိုတော့ ကြံ့ခိုင်ရေးပါတီက ရှမ်းအမတ်တစ် ယောက်ကို ပေးလိုက်ခြင်းဖြင့် ချွေးသိပ်လိုက်ပါတယ်။’
    ငြိမ်းချမ်းရေးအတွက် တိုက်တွန်းဆွေးနွေးအဖြေရှာခြင်းမပြုဘဲ လူမျိုးရေးမုန်းတီးမှုကိုသာ ဦးဟံသာမြင့်က မီးလောင်ရာလေပင့်ထားတာ တွေ့ရပါတယ်။ သူက သမိုင်းအမှန်ကို ကပြောင်း ကပြန်လုပ်ပြီး သပ်လျှိုသွေးခွဲတာတွေလည်း လုပ်ခဲ့ပါတယ်။ ဥပမာ ညောင်ရမ်း မင်းဆက်နေပြည်တော် အင်းဝကို ဗမာသက္ကရာဇ် ၁၁၁၁ ခုနှစ်ဝန်းကျင်မှာ မွန်၊ ဝ}နှင့် တရုတ်တွေဝိုင်းဖျက်လို့ အလောင်းဘုရား ပေါ်လာတာ’ဆိုတာမျိုးပါ။ မြန်မာပြည်အရှေ့မြောက် တရုတ်နယ်စပ်မှာနေတဲ့ ‘ဝ’တွေ၊ ကျိုင်းတုံတစ်ဝိုက်က ‘ဝ’တွေက အင်းဝကို ဘာကိစ္စနဲ့လာတိုက်မှာတုန်း၊ ယုတ္တိဗေဒအရကို တက်တက်စင်အောင် လွဲကြနေပါပြီ။ မွန်နဲ့မြန်မာဆိုတာ ဘတစ်ပြန်ကျားတစ်ပြန် အားစမ်းနေကြတာပါ၊ ဘယ်တရုတ်မှလည်း မပါပါဘူး။ အင်းဝကိုလာတိုက်တဲ့ သမိုင်းအမှန်က မွန်တလိုင်းတွေ ဖြစ်ပါတယ်။ (၂၀၀၅ သြဂုတ်လ စတုတ္ထအကြိမ်ထုတ်၊ မြန်မာမင်းများအရေးတော်ပုံ၊ ၂၀၀၈ ဇွန်လထုတ် ဒေါက်တာ တိုးလှရဲ့ အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ရွှေပြည် စတဲ့ သမိုင်းစာအုပ်များမှာကြည့်ပါ)။
    သမိုင်းအချက်အလက်သာမက သုံးသပ်ချက် အလွဲအမှားတွေနဲ့ သူ့စာတမ်းတစ်စောင်လုံး တင်းကြမ်း ပြည့်နေပါတယ်။ တစ်ချက်ချင်း၊ တစ်ကြောင်းချင်းသာ ထောက်ပြနေရရင် သူ့မူရင်း ၄၂ မျက်နှာထက် နှစ်ဆလောက်ပိုများအောင် ရေးပြရတော့မှာပါ။ ကုန်းဘောင်ခတ်မှာ စစ်နိုင်အောင်တိုက်နိုင်တဲ့ စစ်သူကြီးတွေကို ရှင်းပစ်ပြီး လူပျော့လူညံ့တွေ မွေးထုတ်တဲ့အကျင့် ရလာတယ် လို့ ဆိုထားပါတယ်။ ဘယ်မင်းလက်ထက်မှာ ဘာကြောင့်၊ ဘယ်လိုရှင်းပစ်တယ်ဆိုတာ သက်သေအထောက်အထား မပြထားဘဲ ရမ်းတုတ်ထားတာပါ။ (ဘယ်အချက်ကိုမှ ကျမ်းကိုး ကျမ်းကား အထောက်အထားမပြနိုင်ဘဲ အရက်သမားတစ်ယောက် မူးမူးရူးရူးနဲ့ ရမ်းကားပြောဆိုနေတာနဲ့ တူလှပါတယ်)။ ဦးဟံသာမြင့် ပြောတဲ့ စစ်သူကြီးက အလောင်းဘုရားအားကိုးရတဲ့ မင်းခေါင်နော်ရထာခေါ် ဦးတွန်ဖြစ်ပါတယ်။ အလောင်းဘုရား နတ်ရွာစံပြီး နောင်တော်ကြီးမင်းလက်ထက်မှာ ‘အပြုမှား၍ အထင်မှားခံရ’ကာ သုတ်သင်ခံရခြင်း ဖြစ်ပါတယ်။ မဟာဗန္ဓုလလို စစ်သူကြီးမျိုးကျတော့ ဘုရင်က အားကိုးရုံသာမက အထူးချီးမြှောက်တော်မူခဲ့ကာ ယနေ့တိုင်အောင် သမိုင်းဂုဏ်ရောင် ပြောင်နေဆဲမဟုတ်ပါလား။ အောက်မြန်မာပြည်ကို သိမ်းထားတဲ့ အင်္ဂလိပ်တွေကို ထီမထင်ဘဲ ရန်ကုန်ကို ရေကြောင်းစုန်ပြီး အင်အားပြစိန်ခေါ်ခဲ့တဲ့ သာယာဝတီမင်းကိုလည်း (ဦးဟံသာမြင့်က မင်းနာမည်တောင် မသိရှာပါ) ပြက်ရယ်ပြုထားတယ်။ အိုးဝေဦးညိုမြ (ဦးသိန်းဖေမြင့်ရဲ့သူငယ်ချင်း)က ‘ကုန်းဘောင်ရှာပုံတော်’ စာအုပ်ကြီးမှာ သာယာဝတီမင်း ချီးမွမ်းခန်းဖွင့် ထားတာရှာဖတ်ပါတော့လို့ပဲ ပြောချင်ပါတယ်။
    အင်္ဂလိပ်ခေတ်မှာပဲ အညာကဗမာတွေ အောက်ပြည်ကိုဆင်းလာပြီး ကရင်တွေကို တွန်းထုတ်လိုက်လို့ ကရင်တွေက ဗမာတွေကို မုန်းတီးခဲ့တယ်ဆိုတာမျိုး လံကြုတ်ဇာတ်ခင်းခဲ့ပြန်ပါတယ်။ အင်္ဂလိပ်က လယ်ကူလီကုလားဆင်းရဲသားတွေ အများကြီးခေါ်သွင်းခဲ့သလို လယ်ပိုင်ရှင်ဖြစ်စေမယ့် ချစ်တီးသူဌေးတွေလည်း ခေါ်လာပြီး ကိုလိုနီစီးပွားရေးကို ချဲ့ထွင်ထူထောင်ခဲ့တာပါ။ ချစ်တီးတွေရဲ့ သွေးစုပ်ခြယ်လှယ်မှုအောက်မှာ ကရင်၊ ဗမာလယ်သမားတွေ အတူတကွ အထုအထောင်း ခံခဲ့ကြရတာပါ။ ကိုလိုနီခေတ်သမိုင်းမှတ်တမ်းစာအုပ်တွေ လတ်လတ်ဆတ်ဆတ်ကြီး ရှိနေပါသေးတယ်။ ဆရာ မောင်ထင်ရဲ့ နာမည်ကျော် ‘ငဘ’ဝတ္ထုလောက်တော့ ဖတ်ကြည့်သင့်ပါတယ်။
    ဦးဟံသာမြင့်ဟာ မြန်မာစစ်စစ်ဖြစ်ပေမယ့် အင်္ဂလိပ်ရေးတဲ့သမိုင်းကိုသာ အထင်ကြီးသူဖြစ်ပါတယ်။ (တိဘက်ဗမာအုပ်စုဝင် ဗမာတွေဟာ သြစတိုအေးရှား အုပ်စုဝင် မွန်တွေနောက်မှ တရုတ်ပြည်တောင်ပိုင်းက ဗမာပြည်ကို ဝင်လာတယ်ဆိုတဲ့ အင်္ဂလိပ်၊ ပြင်သစ်ပညာရှင်တွေရဲ့အဆိုကို ကျောင်းသုံးရာဇဝင်စာအုပ်တွေမှာ ဖော်ပြလာပါပြီ)တဲ့။ အင်္ဂလိပ်သမိုင်းပါမောက္ခ ဂျီအိပ်ချ်လုစ်ရဲ့ ဒီအဆိုပြုချက်ကို ဆရာကြီး ဦးဖိုးလတ်တို့လို မြန်မာ့သမိုင်းပညာရှင်တွေက အထောက်အထားနဲ့ ငြင်းပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဆရာဘုန်းတင့်ကျော်က ကျမ်းကိုးများ၊ ကျောက်စာ အထောက်အထားများနဲ့ သက်သေပြပြီး ဂျီအိပ်ချ်လုစ်ရဲ့ လံကြုတ်သမိုင်းအမှားကို ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဆရာဈာန်သစ်အောင်၊ ဆရာဗိုလ်ရှိတ်၊ ဆရာကျော်သွင်စတဲ့ လူငယ်သမိုင်းသုတေသီပညာရှင်များက မြန်မာဆိုတာ တရုတ်ဘက်ကဝင်လာတာ မဟုတ်ကြောင်း၊ မွန်ထက်စောတဲ့သမိုင်းယဉ်ကျေးမှုစာပေ အထောက်အထားတွေ ဝေေ၀ဆာဆာနဲ့ ခိုင်ခိုင်မာမာ ပြောဆိုနေကြပါပြီ။
    ဦးဟံသာမြင့်ရဲ့ အဆိုးရွားဆုံးအမှားကတော့ ‘တို့ဗမာအစည်းအရုံး’ကြီးကို ပြက်ရယ်ပြုထားခြင်းနဲ့ ‘၁၃၀၀ ပြည့်အရေးတော်ပုံကြီး'ကို စော်ကားပြစ်မှား ရေးသားလိုက်တာပါပဲ။ ‘သခင်မျိုးဟေ့ တို့ဗမာ လို့ ကြွေးကြော်ခဲ့ပေမယ့် ကုလားသခင်၊ တရုတ်သခင်အဖွဲ့ဝင်တွေရှိ နေတာပါပဲ'လို့ ဆင်ခြေတက်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရင်းနှီးလှတဲ့ ကျောင်းသားသပိတ်ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ 'ကိုရာရှစ်'တောင်မှ 'သခင်ရာရှစ်'လို့ သခင်ဘွဲ့ခံခဲ့တာ မတွေ့ရပါဘူး။ 'တို့ဗမာတွေက သခင်မျိုးလို့ ကြွေးကြော်လိုက်တော့ ဘယ်သူ ကျွန်မျိုးလဲလို့ မေးစရာဖြစ်လာပါတယ်'လို့ ထေ့ငေါ့ထားပါသေးတယ်။ သခင်ဆိုတာ အချုပ်အခြာ အဏာပိုင်နိုင်ငံသား လို့ပြောတာကို ဦးဟံသာမြင့် နားမလည်ပါ။ မြန်မာဆို တာ ပျူခေတ်၊ ပုဂံခေတ်ကစပြီး နှစ်ပေါင်းထောင်ချီကာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့လူမျိုး ဖြစ်တယ်'လို့ 'သခင်'ဝေါဟာရက ရည်ညွှန်းပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်မြ စသည်ဖြင့် အမျိုးသားရေးခေါင်းဆောင်ကြီးတွေကို 'သခင်'ဂုဏ်ပုဒ်ဖြင့် ယနေ့တိုင် အလေးအမြတ် ပြုနေရဆဲဖြစ်ပါတယ်။
    အင်္ဂလိပ်တို့ရဲ့ ကိုလိုနီခေတ်မှာ နိုင်ငံရပ်ခြား သွားမယ်ဆိုရင် နိုင်ငံကူးလက်မှတ်မှာ ဗမာ(မြန်မာ) လူမျိုးလို့တောင် ရေးခွင့်မရှိပါ။ Bunltish Subject  လို့ရေးပါတယ်။ အဓိပ္ပာယ်က အင်္ဂလိပ်ကျွန်၊ ဗြိတိသျှကျွန်တဲ့။ ဘယ်လောက် ရင်နာစရာကောင်းလိုက်ပါသလဲ။ ဦးဟံသာမြင့်က 'သခင်မျိုးဟေ့ တို့ဗမာ'ဆိုတာကို အမျိုးသား နိုင်ငံရေးလွတ်လပ်ရေးတိုက်ပွဲဝင် ဂုဏ်ထူးဘွဲ့ထူးအဖြစ် နားမလည်ဘဲ ရှုတ်ချခဲ့တာဖြစ်ပါတယ်။ ပြီးတော့ '၁၃၀၀ ပြည့် အရေးတော်ပုံ ထိရောက်မှုမရှိ'လို့ ဆက်လက်သုံးသပ်ထားတာကတော့ မြန်မာ့သမိုင်းမှတ်တိုင်ကြီးကို ရိုက်ချိုးလိုက်သလိုပါပဲ။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ပြည်သူ့အင်အားတွေ ပေါင်းစည်းမိပြီး တစ်ပြည်လုံးရဲ့တိုက်ပွဲခေါ်သံကြောင့် အင်္ဂလန်ကျွန်းကိုတောင် ဖိန့်ဖိန့်တုန်သွားစေခဲ့တာပါ။ ချောက်ရေနံမြေမှ ရန်ကုန်အထိ မိုင်လေးရာကျော် ခရီးရှည်ချီတက်ပွဲကြီးဟာ မြန်မာ့သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းမှာပါ မော်ကွန်းထိုးခဲ့ရပါတယ်။ (၂၀၁၄ ဇန်နဝါရီ ဒု-အကြိမ်ထုတ် အစည်းအရုံးသမိုင်းပေါင်းချုပ် မှာ ကြည့်ပါ။ အခြားသမိုင်းမှတ်တမ်းများဖြင့်လည်း သက်သေအထောက်အထား ခိုင်လုံပြီဖြစ်ပါတယ်)။
    ပြီးတော့ ဦးဟံသာမြင့်ဟာ ဖက်ဆစ်တော်လှန် ရေးသမိုင်းကိုလည်း ပက်ပက်စက်စက် ဖျက်ဆီးလိုက်ပြန်ပါတယ်။ 'ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်သူများဟာ ကရင်၊ ကချင်၊ ချင်း၊ ရိုဟင်ဂျာစသူတို့ဖြစ်လာကြပါတယ်'လို့ ရေးထားပါတယ်။ ကရင်၊ ကချင်၊ ချင်းညီနောင် တိုင်းရင်းသားများကို လေးစားစွာ အသိအမှတ်ပြုနိုင်ပေမယ့် ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလတုန်းက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းပင် မပေါ်ပေါက်သေးပါ။ ရိုဟင်ဂျာလူမျိုးဆိုတာ ယနေ့တိုင်အောင်လည်း မြန်မာပြည်မှာ မရှိပါ။ အခြေအမြစ်မရှိတဲ့ ရိုဟင်ဂျာကို ဖက်ဆစ်တော်လှန်ရေးသမိုင်းထဲ ဆွဲသွင်းလာတာ ဦးဟံသာမြင့်ရဲ့ သမိုင်းလိမ်ညာကောက်ကျစ်မှုကြီးပဲ ဖြစ်ပါတယ်။
    ဂျပန်တော်လှန်ရေးကို သေးသိမ်အောင် ဆက်ရေးထားတာကတော့ ၁၉၄၄ ခုနှစ် ဇွန်လကုန် လောက်ကစပြီး စစ်လန်ကာ ပြန်ဆုတ်ခဲ့ရတဲ့ ဂျပန်တပ်မတော်ရော၊ ရခိုင်စစ်မြေပြင်မှာရှုံးလို့ ဆုတ်ခွာနေရတဲ့ ဂျပန်တပ်တွေရောဟာ အစည်းပြေနေပါပြီ။ ၁၉၄၂ ဆန်းတုန်းကလိုပါပဲ။ သူများတိုက်လို့ စစ်ရှုံးပြီးထွက်ပြေးတဲ့တပ်ကို နောက်ကြောကနေ အလစ်အငိုက်ဝင်တိုက်ရင်း အောင်ပွဲဆင်ကြပြန်ပါတယ်'တဲ့။ ဂျပန်တော်လှန်ရေးဟာ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ ရင်ဆိုင်တိုက်ပွဲပါ။ နောက်ကနေ အချောင်ဝင်သိပ်ခဲ့တာမျိုးမဟုတ်ပါ။ ဆရာသခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးနှင့် တိုင်းကြီးဆယ်တိုင်း၊ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ စစ်မှတ်တမ်းများ၊ ဆရာမြဒေါင်းညိုရဲ့ စစ်တောင်းတိုက်ပွဲ စတဲ့ စာအုပ်တွေမှာ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် တိုက်ခဲ့ရတယ်ဆိုတာ ဖော်ပြထားပြီး ဖြစ်ပါတယ်။
    ဦးဟံသာမြင့်ရဲ့ နိုင်ငံရေးပြစ်မှုတွေကတော့ ပြောမကုန်အောင်ပါဘဲ။ သူက 'နိုင်ငံတော်သီချင်း' ကိုပင်  'နိုင်ငံရေးအရ အရေးမကြီးဘူး}လို့ စော်ကားရဲသူ ဖြစ်နေပါတယ်။ နိုင်ငံတော်သီချင်းဟာ 'တို့ဗမာ'သီချင်းကို ပြုပြင်ပြီး ဖွဲ့ယူထားတာ။ နိုင်ငံတော်သီချင်းမှာ ဗမာ(မြန်မာ) ဆိုတဲ့စကားဟာ ဗမာလူမျိုးကြီးဝါဒလို့ ပြောချင်ပုံရပါတယ်။ မြန်မာဆိုတာ ပုဂံခေတ်မှာ ရေးထိုးခဲ့တဲ့ ကျောက်စာထဲမှာတောင် တွေ့နိုင်တဲ့စကားလုံးပါ။ နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံအဖြစ်သာ ခေတ်အဆက်ဆက် သမိုင်းမော်ကွန်း ရေးထိုးခဲ့တာပါ။ မြန်မာဆိုတဲ့ ဖြစ်တည်နေမှုကို လူမျိုးကြီးဝါဒလို့ စွပ်စွဲဆိုင်းဘုတ်တပ်ပြီး ဘာကြောင့် ဖျက်ဆီးပစ်ချင်ရပါသလဲ။ မြန်မာဆိုတဲ့ နိုင်ငံတော်ရဲ့ ဖြစ်တည်မှုမှာ တိုင်းရင်းသားအခွင့်အရေးအားလုံး ပါဝင်နေပြီး ဖြစ်ပါတယ်။ အမေရိကန်မှာ စပိန်လူမျိုးတွေ အများကြီးနေထိုင်လျက်ရှိပါတယ်။ လူမျိုးအားဖြင့် စပိန်ဖြစ်ပေမယ့် နိုင်ငံသားအားဖြင့်တော့ 'အမေရိကန်နိုင်ငံသား'ဆိုတာ ငြင်းလို့မရပါဘူး။ ဒီလိုပါပဲ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ကရင်၊ ကချင်၊ မွန်၊ ရှမ်း စသည်ဖြင့် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်လျက်ရှိပါတယ်။ လူမျိုးကတော့ ကရင်လူမျိုး နိုင်ငံသားကတော့ မြန်မာနိုင်ငံသားပေါ့။ ရှင်းနေတာကို ရှုပ်အောင်မလုပ်ပါနဲ့။
    ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ပြည်ပနိုင်ငံကြီးတွေရဲ့ ပယောဂကြောင့် အားကောင်းခေါင်းထောင်လာချိန်မှာ ဦးဟံသာမြင့်ဟာ ခါတော်မီ ရောင်တော်ပြန်လွှတ်ပြီး ဗမာ(မြန်မာ) ဆန့်ကျင်ရေး စကားတွေနဲ့ မြန်မာ့သမိုင်းကြောင်း ကောင်းမြတ်တဲ့အစဉ်အလာတွေကို ဖျက်ဆီး စော်ကားလိုက်တာကဖြင့် သူ့ရဲ့ လံကြုတ်သမိုင်းထောင်ချောက်ကြီးထဲ သူကိုယ်တိုင် ကျဆင်းသွားပြီ၊ ကျဆုံးသွားပြီလို့ ဆိုနိုင်ပါတယ်။
(မြတ်ဘုန်းသစ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 642

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43079

© 2022 - 2025 News. All Rights Reserved.