ပါတီကြီးဝါဒကို ချေဖျက်မည့် ကိုယ်စားလှယ်အချိုးကျစနစ် ( MMP )

၂၀၂၅ ၊ ဩဂုတ် ၁၅
    ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ နိုင်ငံရေး အသံများကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးလာလေသည်။ ကာ/လုံ အစည်းအဝေးပြီးနောက် ပြောင်းလဲ ပြင်ဆင်ဖွဲ့ စည်းခဲ့သည့်  ပုံစံသစ်၊ အခင်းအကျင်းသစ်များ ကလည်း  မြန်မာ့နိုင်ငံရေး အပြောင်းအလဲများအပေါ် လူထုက စိတ်ဝင်စားမှု မြင့်တက်စေခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်စသည့် လွှတ်တော်သုံးရပ်၏ ရွေးကောက်ပွဲနည်း ဥပဒေများကို သြဂုတ် ၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကလည်း မြို့နယ်ရုံးနှင့် လူအင်အားစာရင်း သတ်မှတ်အရေအတွက် ပြည့်မီရေး အပါအဝင် ပါတီလုပ်ငန်းဆောင်တာများ အင် တိုက်အားတိုက် ကြိုးပမ်း လုပ်ဆောင်နေကြပြီ ဖြစ်သည်။
    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သြဂုတ်လဆန်းပိုင်းတွင် နိုင်ငံရေးပါတီတချို့နှင့် တွေ့ဆုံခဲ့သလို သရုပ်ဆောင်များအပါအဝင် အနုပညာရှင်တချို့ နှင့်လည်း တွေ့ဆုံခဲ့သည်။ ပြည်သူ့ရှေ့ ဆောင်ပါတီ (PPP) ကလည်း ပါတီနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းနိုင်သည့် 'အမေးအဖြေကဏ္ဍ' အစီအစဉ်ကို တင်ဆက်ပေးနေသလို ဇူလိုင်လအတွင်းကလည်း Media များ ဖိတ်ကြားပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ ယင်းပါတီနှစ်ခု အပါအဝင် တစညပါတီ၊ ပြည်သူ့ပါတီ၊ ကျားဖြူပါတီ (SNDP) တို့ကလည်း ရုံးခန်းဖွင့်လှစ်နေကြသည့်ပုံရိပ်များ၊ မြို့နယ်အလုပ်အမှု ဆောင်များ ပုံမှန်အစည်းအဝေးများ ကျင်းပပြီး ရွေးကောက်ပွဲဥပဒေနှင့် ပတ်သက်သော အချက်များ၊ အောင်နိုင်ရေး လုပ်ငန်းစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများစုစည်း ရွေးချယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနေသည့်ပုံရိပ်များ ခပ်စိတ်စိတ် တွေ့လာရ သည်။ ပါတီဝင်များနှင့်တွေ့ဆုံပြီး အသစ်ပြန်လည်ထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ ကိုယ်စား လှယ်လောင်း အရည်အချင်း သတ်မှတ်ချက်များ၊ ပါတီ၏ စံတန်ဖိုးများ၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊  မြို့နယ်အမှုဆောင်များ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကိစ္စရပ်များကို ရှင်းလင်းခြင်းများ ပြုလုပ်ကြသည်။ ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်အသစ်များနှင့်တွေ့ဆုံပြီး ပါတီမူဝါဒ စည်းကမ်းလမ်းညွှန်ချက်များ၊ ကိုယ်စားလှယ်လောင်းများ ထပ်မံရရှိရေး၊ ရုံးများတိုးချဲ့ဖွင့်လှစ်ရေးများ တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။ အထူးသဖြင့်  ပြည်သူ့အကျိုးပြု ကိုယ်စားလှယ်လောင်းများအား မြို့ နယ်ခရိုင်အဆင့်ဆင့် ရွေးချယ်နိုင်ရေးကို အာရုံစိုက်လာ ကြပြီဖြစ်သည်။ 
    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ သြဂုတ် ၇ ရက်အထိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ အရေအတွက်က ၅၉ ပါတီရှိနေပြီး ယင်းပါတီများတွင် တစ်နိုင်ငံလုံး ယှဉ်ပြိုင်မည့်ပါတီ ကိုးပါတီနှင့် တိုင်းဒေသကြီး။ ပြည်နယ်များတွင်သာ ယှဉ်ပြိုင်မည့် ပါတီ ၅၀ ခန့်ရှိနေသည်။ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆဲပါတီများလည်း ကျန်ရှိနေသေးသည်။ ခပ်စိတ်စိတ် တွေ့လာရသည့် ပါတီရေးရာ လှုပ်ရှားမှုများတွင် တစ်နိုင်ငံလုံး ယှဉ်ပြိုင်မည့်ပါတီ၊ တစ်နည်းအားဖြင့် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီများ၏ လှုပ်ရှားမှုက ပိုများနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း၌သာ စည်းရုံးမည့် ပါတီများ၏ လှုပ်ရှားမှုမျိုးကို သိပ်မတွေ့ရပေ။ အချို့ပါတီများ နယ်မြေအခြေ အနေများကြောင့် အခက်အခဲများကြားက မြို့နယ်ရုံးများ ဖွင့်လှစ်ရေး ခက်ခက်ခဲခဲ ကြိုးပမ်းနေကြရ သည်။
    ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် အနိုင်ရသူ အကုန်ယူ (FPTP) စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် အယောက် ၃၃၀ ရွေးကောက်တင်မြှောက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်ထား သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ တွင် မြို့နယ်ကိုအခြေခံ၍ လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း ပြဋ္ဌာန်းချက်အရ မြို့နယ်အလိုက် FPTP စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ကို ရွေးကောက် တင်မြှောက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကော်မရှင်မှ မီဒီယာကို ဖြေကြားထားသည်။ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့အတွက် FPTP စနစ်အပြင် PR စနစ် ပါဝင်သော ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးမည်ဟုလည်း အသိပေးထားသည်။ စနစ်နှစ်ခု ရောနှောထားသည့် အရောစနစ်ကြောင့် ရွေးကောက်ပွဲမဲပေးရာတွင် မဲဆန္ဒရှင်များ ရှုပ်ထွေးမှုဖြစ်စေနိုင်သလို  လူတစ်ကိုယ် မဲတစ်ပြားမဟုတ်တော့ဘဲ လူတစ်ကိုယ် မဲပေါင်းများစွာ ပေးရတော့မည့် ကိန်း ဖြစ်မည်ဆိုသော ထင်မြင်ယူဆချက်တချို့ကလည်း ထွက်လာခဲ့သည်။
    "အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့ကို FPTP စနစ်အပြင် PR စနစ်ပါဝင်သော ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးဖို့ ဥပဒေ ပြဋ္ဌာန်းထားပါတယ်။ မဲဆန္ဒရှင်က တစ်မဲပဲပေးရမှာ ဖြစ်ပါတယ်။ လူတစ်ကိုယ် မဲပေါင်းများစွာ ပေးရခြင်းမဟုတ်ပါ။ မဲဆန္ဒရှင် တွေအတွက်လည်း ရှုပ်ထွေးမှုလည်း မရှိပါ။ FPTP စနစ်ရဲ့ အားသာချက်နဲ့ PR စနစ်ရဲ့ကောင်းကျိုး ရရှိနိုင်တဲ့စနစ် ဖြစ်ပါတယ်။ FPTP နဲ့ ကိုယ်စားလှယ် မရခဲ့ရင်တောင် PR နဲ့ အချိုးကျ ကိုယ်စားလှယ်ရ နိုင်တဲ့စနစ် ဖြစ်ပါတယ်"ဟူ၍ ကော်မရှင်ဘက်မှ ရှင်းလင်းဖြေကြားထားသည်။
    မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်တွင် နိုင်သူအကုန်ယူစနစ် FPTP ဖြင့် ၂၀၁၀ နှင့် ၂၀၁၅ အစိုးရ နှစ်ဆက်တို့တွင် ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ရဖူးသည်။ ထိုစဉ်က ပထမငါးနှစ်တွင် ပြည်ခိုင်ဖြိုး ပါတီကြီးစိုးသော အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုလည်းကောင်း၊ ဒုတိယငါးနှစ်တွင် NLD ပါတီကြီးစိုးသော အစိုးရအဖွဲ့နှင့်လွှတ်တော်ကိုလည်းကောင်း ပြည်သူများက ဖြတ်သန်းခဲ့ကြပြီးဖြစ်ကြောင်း နိုင်ငံရေးပါတီ များက ထောက်ပြကြသည်။ လွှတ်တော်တွင်း တစ်ပါတီတည်းကြီးစိုးသော အာဏာရှင်ဆန်သည့် ပါတီ ကြီးဝါဒ မကြီးစိုးရေး၊ ဖက်ဒရယ်စနစ်အတွက် အထောက် အကူ ပြုစေရေးတို့အတွက် အချိုးကျ ကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးစေသင့်ကြောင်း ပြီးခဲ့သည့် နစက အစိုးရလက်ထက်တွင် ၎င်းတို့က အကြံပြု‌ခဲ့ကြသည်။
    လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံး ရသူအနိုင်ရသည့် FPTP စနစ်မှ အချိုးကျကိုယ်စားပြု စနစ် (PRs) သို့ ပြောင်းလဲဆောင်ရွက်ရန် အချိန်အခါ ကျရောက်နေပြီဟု နိုင်ငံရေးပါတီအများစုက အကြံပြုခဲ့ကြသည်။ ထိုအကြံပြုချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မှတ်ပုံတင် ကျပြီးသား နိုင်ငံရေးပါတီများတွေ့ဆုံ၍ PR စနစ်ကျင့်သုံးရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြသည်။ PR ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် တည်ဆဲနိုင်ငံရေးပါတီ ၇၁ ပါတီနှင့် လေးကြိမ်ဆွေးနွေးခဲ့ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် PR စနစ်ပြောင်းလဲကျင့်သုံးရန် သဘောတူညီခဲ့ကြောင်း  ကော်မရှင် တာဝန်ရှိသူတစ်ဦးက ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ဖော်ပြောကြားထားသည်။
    လွှတ်တော်သုံးရပ်တွင် PR စနစ် စတင်ကျင့်သုံးရန် ဆွေးနွေးခဲ့စဉ်က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦးကို သက်ဆိုင်ရာ မြို့နယ်တွင်သာ မဲရေတွက်ပြီး ရွေးကောက် တင်မြှောက်ရန်၊ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦး ခရိုင်တွင် မဲရေ တွက်ရန်၊ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦးကို  တစ်တိုင်းလုံးနှင့်တစ်ပြည်နယ်လုံးတွင် မဲရေတွက်ရွေးချယ် ရန်ဟူ၍ ဆွေး နွေးဖြစ်ခဲ့ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။ သို့သော် ယခုအခါ ပြည်သူ့လွှတ်တော် တွင် PR မဟုတ်တော့ဘဲ FPTP ကျင့်သုံးမည်ဟု ကော်မရှင်ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယင်းအပေါ် ပါတီတော်တော်များကလည်း လက်ခံကြသည်၊ သဘောကျ ကြိုက်နှစ်သက်ကြသည်။ ပြည်သူ့ လွှတ်တော်တွင် FPTP ပေးလိုက်ခြင်းသည်  သက်ဆိုင်ရာ သူ့မြို့နယ်အလိုက် သက်ဆိုင်သည့်  လူမျိုးကိုပေးနိုင်ရန် ရည်ရွယ်ချက်ဖြစ်ပြီး တိုင်း ရင်းသားများ၏ အခွင့်အရေး (Right) အတွက် ပို၍အကျိုးရှိစေ သည်ဟုလည်း ၎င်းတို့က ရှုမြင်ကြသည်။
    "ပြည်သူ့လွှတ်တော်မှာ FPTP လုပ်ခြင်းဟာ လူမျိုးစုတွေအတွက်ကောင်းတယ်။ သူ့မြို့နယ်၊ သူ့လူမျိုးစုက လွတ်လွတ်လပ်လပ် တင်မြှောက်လာနိုင်မယ်။ ဒါက အားသာချက်ပဲ။ သူ့မြို့နယ်မှာ သူတို့ကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တင်နိုင်တယ်ဆိုတဲ့ အားသာချက်ပါ။ လူမျိုးစုလေးတွေဟာ သူ့ဒေသမှာ တစ်ခရိုင်လုံးလည်း မပြည့်ဘူး၊ လူနည်းနေတယ်။ အဲဒီမှာ PR သွားလုပ်လို့ရှိရင် တစ်ခရိုင်လုံး ပေါင်းပြီး လုပ်ရမယ်၊ တစ်ခရိုင်လုံးပေါင်းပြီး မဲရေကြရတော့မှာ။ တခြားမြို့နယ်က မဲတွေပါ ပေါင်းရတော့မှာ ဆိုတော့ ပါဝင်ရတာ အားနည်းတာပေါ့။ ဒါကြောင့် FPTP ကို ပြည်သူ့လွှတ်တော်မှာ လုပ်လိုက်တာဟာ ဒေသရဲ့ Right ကို အထက်ထိ တင်နိုင်တယ်၊ ပြောနိုင်တယ်ဆိုတဲ့ အားသာချက်ပါပဲ"ဟူ၍ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက မှတ်ချက်ပြုသည်။
    အလားတူ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့တွင် FPTP စနစ်အ ပြင် PR စနစ် ပါဝင်သော ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP) ကျင့်သုံးရန် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးကို မျှော်လင့်ပြီး  ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြသည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင်  FPTP ကိုသာ  တောက်လျှောက်ကျင့်သုံးလာခဲ့ပြီး ယခု MMP အရောစနစ် ကျင့်သုံးမှု သည် စမ်းသပ်ကာလ ဖြစ်သည်ဆိုသော အမြင်တချို့ ရှိနေသလို မြန်မာနိုင်ငံနှင့် အကိုက်ညီဆုံး၊ ရွေးကောက်ပွဲအတွက် အကောင်းဆုံးစနစ်ဖြစ်၍လည်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု အများစုက မှတ်ချက်ပြုကြသည်။ အစောပိုင်းကာလများက နိုင်ငံရေးပါတီများ သိရှိထားကြသည်မှာ PR ဆိုလျှင်  PR သက်သက်၊ FPTP ဆိုလျှင် FPTP သက်သက်ကျင့် သုံးမည့်စနစ်ဖြစ်သည်။ သို့သော် ထိုစနစ်နှစ်ခု အရော စနစ် MMP ဖြစ်လာသည်။ MMP စနစ်သည် ထိုင်းနိုင်ငံအပါအဝင် တချို့သော နိုင်ငံများတွင် ကျင့်သုံးနေကြ သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင်လည်း 'မဲအများဆုံး ရတဲ့သူလည်း လွှတ်တော်ထဲပါစေ၊ ဒုတိယမဲအများဆုံး ရတဲ့သူလည်း လွှတ်တော်ထဲပါစေ}ဟူသော ရည်ရွယ်ချက်ဖြင့် ယင်းစနစ်ကိုကျင့်သုံးရန် ဆောင်ရွက် ခြင်းဖြစ်သည်ဟု ဆိုကြသည်။
    " MMP အရောစနစ်ဆိုတာက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက်က မြို့နယ်‌တွေမှာ  FPTP စနစ်နဲ့  တစ်ယောက်ကိုရွေးမယ်။ ကျန်တဲ့ တစ်ယောက်ကို မြို့နယ်တွေကမဲတွေကို စုပေါင်းပြီးမှ PR နဲ့ ကျင့်သုံးမယ်ဆိုတဲ့ အခါကျတော့ ပါတီတွေက ရရှိတဲ့မဲတွေကို Quota စနစ်နဲ့ ပြန်ခွဲမယ်လို့ နားလည်ပါတယ်"ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင်က ၎င်း၏အမြင်ကို ပြောသည်။
    မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စသည့် သုံးမြို့ နယ်ပါဝင်သည့် မိုးညှင်းခရိုင်တွင် ရွေးကောက်ပွဲ ကျင်းပမှု၊ ထိုသုံးမြို့နယ်တွင် ပါတီသုံး၊ လေးခုစီ ယှဉ်ပြိုင်ကြမည့် အခြေအနေတို့ကို ၎င်းင်းက ဥပမာပေးသည်။ "မြို့နယ်‌တစ်ခုချင်းစီမှာ ပြည်နယ်လွှတ်တော်အတွက်က တစ်ပါတီစီကနေ FPTP နဲ့ တစ်ယောက် တက်သွားမယ်။ သက်ဆိုင်ရာမြို့နယ်တွေမှာ ဒုတိယလိုက်တဲ့ ပါတီကျန်ခဲ့မယ်။ သုံးမြို့နယ်မှာ ဒုတိယဖြစ် ဖြစ်၊ တတိယဖြစ်ဖြစ် အဲဒီမနိုင်တဲ့ မဲလေးတွေကို စုထားလိမ့်မယ်။ PR စနစ်အရ အဲဒီသုံးမြို့နယ်ကို မဲဆန္ဒနယ်တစ်ခု သတ်မှတ်မယ်ဆိုရင် အဲဒီက ကိုယ်စားလှယ်လောင်း သုံးဦးအတွက်ကို Quota စနစ်နဲ့ အချိုးကျပေးလိမ့်မယ်လို့ ထင်ပါတယ်။ လွှတ်တော် နည်းဥပဒေထဲတွင် PR မှာ  မြို့နယ်ဘယ်နှခု‌ပေါင်း ပြီး မဲဆန္ဒနယ် သတ်မှတ်ပေးမယ်ဆိုပြီးပါတယ်။ အဲဒီအခါကျတော့ သုံးမြို့နယ်ကိုပေါင်းပြီး မဲဆန္ဒနယ် သတ် မှတ်မယ်ဆိုရင် အဲဒီမှာ နိုင်သွားတဲ့မဲတွေ မပါတော့ဘဲနဲ့ ဒုတိယအများဆုံးရတဲ့ မဲတွေကစပြီး ပေါင်းမယ်လို့ထင်ပါတယ်။ မဲရာခိုင်နှုန်း ဘယ်လောက်ရရင် ကိုယ်စားလှယ် တစ်ယောက် တက်တယ်‌ဆိုတာမျိုးပေါ့။ အဲဒီလို စနစ်မျိုးဆိုတော့ အများ‌ဆုံးနိုင်တဲ့ ပါတီတွေလည်း လွှတ်တော်ထဲ ပြန်ပါလာနိုင်တယ်"ဟူ၍ စိုင်းဌေးအောင်က ၎င်းသိရှိနားလည်ပုံကို ဥပမာပေး ရှင်းပြခဲ့သည်။
    ရွေးကောက်ပွဲများတွင် PR စနစ်ဖြင့် လွှတ်တော်ထဲ ရောက်သွားသည့်  လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုထောက်ခံမှု အများ‌ဆုံးဖြင့် ရောက်ရှိသွားခြင်းဖြစ်ပြီး တစ်မဲသာအနိုင် FPTP စနစ်ဖြင့် လွှတ်တော်ထဲရောက်သွားမည်ဆိုလျှင် မဲအများဆုံးဖြင့် အနိုင်ရသွားခြင်းဖြစ်သော်လည်း လူထုကိုယ်စားပြုမှု အများဆုံးဖြင့် ရောက်ရှိသွားခြင်းမဟုတ်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်း ရေးမှူး စောခွန်ကျော်ဝင်းက ရှုမြင်သုံးသပ်ထားသည်။
    "ပါတီတချို့ မဲရာခိုင်နှုန်း ၃၀ နဲ့၊ အများနိုင် စနစ်နဲ့ လွှတ်တော်ထဲရောက်သွားတယ်ဆိုပါစို့။ ဒါက လူထုပေးတဲ့ မဲရာခိုင်နှုန်း ၃၀ နဲ့ပဲ ရောက်သွားတာ၊ တချို့က ရာခိုင်နှုန်း ၂၀၊ ၂၅ ရာခိုင်နှုန်းလောက်နဲ့ ကပ်ရှုံးသွားတာတွေရှိတယ်။ မဲ ၁၀၀ ရာခိုင်နှုန်းမှာ  လူထုမဲ ရာခိုင်နှုန်း ၇၀ လောက်က လွှတ်တော်ထဲ မရောက်ဘူး။ ဆိုတော့ ရာခိုင်နှုန်း ၃၀ နဲ့  အနိုင်ရသွားတဲ့သူက ရာခိုင်နှုန်း ၇၀ သော လူထုကို ကိုယ်စားမပြုဘူး။ ဒါမျိုးတွေက လူထုအတွက် နစ်နာတယ်။ သူတို့ပေးလိုက်တဲ့မဲတွေအတွက် နစ်သွားတယ်။ တကယ်လို့ PR နဲ့ သွားမယ်ဆိုရင် ရာခိုင်နှုန်း ၃၀ အပြင် ဒုတိယရတဲ့ ၂၀၊ ၂၅ ရာခိုင်နှုန်း ရထားတဲ့သူတွေက လွှတ်တော်ထဲ ရောက်သွားနိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။ ဒီလိုဆိုရင် ဘာပဲဖြစ်ဖြစ်ရာ ခိုင်နှုန်း ၃၀ ထက် PR နဲ့ တက် မယ့် ၂၀၊ ၂၅ ရာခိုင်နှုန်းနဲ့တက်မှာနဲ့ပေါင်းရင် လူထုကိုယ်စားပြုမှုက လွှတ်တော်ထဲမှာ ၅၀၊ ၅၅ လောက် ဖြစ်သွားမှာပါ။ အမှန်ကတော့ လူထုကကြိုက်လို့ မဲအများဆုံးနဲ့ အပြတ်အသတ်နိုင်ရင်တော့ ဘာမှပြ ဿနာမရှိပါဘူး။ အဲဒီလိုမဟုတ်ဘဲ မဲကပ်ပြီး နိုင်သွားတာဆိုရင် မြို့နယ်ရဲ့လူထုကိုယ်စားပြုမှု နည်းသွားတာပေါ့။ အခု MMP ဆိုတာက အဲဒီလို လူထုကိုယ်စားပြုမှု များသွားအောင် လုပ်လိုက်တာလို့ မြင်တယ်။ အများနိုင်စနစ် FPTP က လူထုကိုယ်စားပြုမှု နည်းတယ်"ဟု စောခွန်ကျော်ဝင်းက ၎င်း၏အမြင်ကို ပြောသည်။
    အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ ဒေသတစ်ခုစီမှ ကိုယ်စားလှယ် တစ်ဦးစီကို FPTP စနစ်ဖြင့် ရွေးကောက်တင် မြှောက်မည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်ကိုလည်း FPTP ဖြင့်ပင် ရွေးကောက် တင်မြှောက်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေးထားသည်။ မြန်မာနိုင်ငံတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟူ၍ ခြောက်ခုရှိနေပြီး အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတစ်ခုစီတွင် ကိုယ်စား လှယ်တစ် ဦးစီကို FPTP ဖြင့် ရွေးကောက်တင်မြှောက်ခြင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့တွင် ဒေသခံလူထု အကြိုက်ဆုံး လူပုဂ္ဂိုလ်တစ်ဦးကို FPTP မှ ရွေးချယ်တင် မြှောက်ခွင့်ရရှိစေရေး ရည်ရွယ်ချက် ဖြစ်သည်ဟု သုံးသပ်ကြသည်။ အမျိုးသားလွှတ်တော်အတွက် FPTP ဖြင့် ကိုယ်စားလှယ်တစ်ဦးစီကို ခွဲတမ်းအဖြစ် အပြီးဝေပေးလိုက်သည့်သ‌ဘော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ လွှတ်တော် ထဲ ရောက်ရှိရေး ဦးစားပေးလိုက်သည့် သဘောဟူ၍လည်း ရှုမြင်ကြသည်။
    "တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာလို မဲဆန္ဒနယ်အတွက်ကျတော့ FPTP ပဲ သုံးရမှာပါ။ PR  သုံးလို့မရဘူး။ တိုင်းရင်းသားရေးရာ ဝန်ကြီးခန့်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ပေါ့။ အဲဒါက မဲပုံးသက်သက် ရှိပါတယ်။ ဒါကြောင့် FPTP သုံးတာ။ ပြီးတော့ ပြည်သူ့လွှတ်တော်မှာ FPTP ကျင့်သုံးတဲ့အတွက်ကြောင့်  ၃၃၀ ရှိတဲ့ မြို့နယ်တွေမှာ ပြည်သူတွေက ကိုယ်မြို့နယ်ထဲက အများ ဆုံးကြိုက်တဲ့သူကို တင်နိုင်တယ်ဆိုတဲ့ အားသာချက်ရှိတယ်။ တိုင်းရင်းသားဒေသတွေမှာက သူတို့‌ဒေသမှာရှိတဲ့သူကို  ဝိုင်းပြီးမဲပေးလိုက်လို့ရှိရင် ပြည်သူ့လွှတ် တော်မှာ တက်လာမယ်။ တကယ်လို့ ပြည်သူ့ လွှတ်တော်မှာ PR  သုံးလိုက် ရင် သူတို့မြို့နယ်ထဲက လူပါမလာရင် Right ပျောက်သွားမယ်"ဟူ၍ ဦးရန်နိုင်ဝင်းက မှတ်ချက်ပြုသည်။
    ယခင် ရွေးကောက်ပွဲ‌များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် FPTP ကျင့်သုံးခဲ့သည်။ ထိုစဉ် ၅၁ ရာခိုင်နှုန်းဖြင့် တစ်ဦးက အနိုင်ရရှိခဲ့၍ ၄၉ ရာခိုင်နှုန်း‌သော မဲရရှိခဲ့သည့် ပုဂ္ဂိုလ်၏ Right  ပျောက်ပျက်သွားခဲ့ရသည်။ ယခုတွင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့အတွက် FPTP စနစ်အပြင် PR စနစ်ပါဝင်သော ရောနှောထားသော MMP စနစ် ကျင့်သုံးမည်ဖြစ်သည်။ "အခု MMP ဆိုတာ အဲဒီအခြေအနေကို ကာကွယ်တာပေါ့။ သူ့မြို့နယ်ထဲက အများဆုံးထောက်ခံတဲ့သူက FPTP နဲ့ ပါသွားမှာ ဖြစ်သလို ဒုတိယကျန်ခဲ့တဲ့ ဒုတိယအများဆုံး သူကလည်း PR နဲ့ ကလည်း ပါနိုင်တယ်။ FPTP နဲ့မရရင် PR နဲ့ ရနိုင်တယ်။ ပြည်သူတွေက အများဆုံးကြိုက်တဲ့သူရော၊ ဒုတိယအများဆုံး ကြိုက်တဲ့သူရော လွှတ်တော်ထဲ ရောက်သွားမယ်ပေါ့။ အဲဒါက MMP စနစ်ရဲ့ အားသားချက်ပါ။ တစ်ပါတီတည်း လွှမ်းမိုးတဲ့စနစ်ကို ဒါနဲ့ ဖျောက်လိုက်တာလို့ ပြောရမှာပါ"ဟု ဦးရန်နိုင်ဝင်းက ဆက်ပြောသည်။
    မည်သည့်တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်မှာမဆို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသာရှိသည်။ ယင်းနေရာများအတွက် MMP စနစ် ကျင့်သုံးခြင်းမှာ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ပါတီစုံ၊ လူမျိုးစုံစေလိုသည့်  သဘောတွေ့ရသည်။ သို့သော် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး ရွေးချယ်မှုနှင့်ပတ်သက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသတစ်ခုချင်းစီတွင် ကိုယ်စားလှယ်ခြောက်ဦး၊ ခြောက်နေရာကို FPTP ဖြင့် ရွေးချယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသမဟုတ်သည့် ကျန်ခြောက်နေရာကို MMP စနစ်ဖြင့် ရွေးချယ်လိမ့်မည်ဟု  နိုင်ငံရေးပါတီများက ထင်မြင် ယူဆနေကြသည်။
    "ရှမ်းပြည်နယ်မှာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ငါးမြို့နယ်ရှိတယ်။ အမျိုးသားလွှတ်တော်က ၁၂ နေရာဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ငါးမြို့နယ်က ငါးဦးကို FPTP နဲ့ သွားမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမဟုတ်တဲ့ ခုနစ်နေရာကျန်မယ်။ အဲဒီခုနစ်နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးကျတော့ MMP နဲ့သွားမယ်လို့ နားလည်တယ်။ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက်လည်း အရောနဲ့ သွားမယ်။ အရောနဲ့သွားမှာတော့ မှန်တယ်။ ဒါပေမဲ့ ဘယ်ပုံစံနဲ့ သွားမလဲဆိုတာ မသိရသေးဘူး။ မြို့နယ်ကို အခြေခံမလား၊ ခရိုင်ကို အခြေခံမလား၊ ပြည်နယ်တစ်ခုလုံးကို အခြေခံမလားဆို တာမျိုးပေါ့။ ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းအရှေ့ နှစ်ယောက်၊ ရှမ်းမြောက်နှစ်ယောက်၊ ရှမ်းတောင်သုံးယောက်လား၊ မဟုတ်ရင် ရှမ်းပြည်တစ်ပြည်လုံးကို မဲအများဆုံးနဲ့ သွားမှာလား ဒါက မသိရသေးဘူး။ အဲဒါကို တွက်လို့မရသေးဘူး။ ဒါက ရွေးကောက်ပွဲဆိုင်ရာ၊ မဲဆန္ဒနယ် သတ်မှတ်ခြင်းဆိုင်ရာ ကြေညာမှုတွေကိုလည်း ကြည့်ရပါဦးမယ်" ဟု စောခွန်ကျော်ဝင်းက မှတ်ချက်ပြုသည်။
    စနစ်တိုင်းတွင် အားသာချက်၊ အားနည်းချက်‌ဟူ၍ ရှိပါသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် FPTP ကျင့်သုံးခဲ့သည်။ တစ်ပါတီတည်းက တောင်ပြိုကမ်းပြိုနိုင်သည်၊ landslide နိုင်သည်ဟူသော စကား ကြားခဲ့သည်။ ထိုစဉ်က လွှတ်တော်တွင်း ပါတီကြီးတစ် ခုကသာ လွှမ်းမိုးသွားပြီး အာဏာရှင်ဆန်သည့် ပါတီကြီးဝါဒ ကြီးစိုးသွားသည့် သာဓကရှိခဲ့သည်။ FPTP စနစ်၏ အားနည်းချက်ကြောင့် လွှတ်တော်အတွင်း အနိုင်ရပါတီတစ်ခုတည်းက လွှမ်းမိုးခြင်း၊ ထိုအနိုင်ရပါတီ၏အကျိုးကို လွှတ်တော်အတွင်း ဖော်ဆောင်နေ၍ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုလာခြင်း၊ လွှတ်တော်တွင် တိုင်းရင်းသားပါတီများ၏အသံ (Voice) ထွက်ခွင့်၊ ပါတီစုံပါဝင်ခွင့်မရခြင်းတို့ကြောင့် ကျန်ပါတီများအားထောက် ခံခဲ့ကြသော ပြည်သူများက ပေးခဲ့သောမဲများ အလဟဿ ဖြစ်သွားခြင်းစသည့် ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့သည်။ တစ်မဲသာအနိုင် FPTP ကြောင့် မဲကပ်ပြီးရှုံးခဲ့ကြရမှု ပါတီတော်တော်များများ ကြုံခဲ့ကြရသည်။ ယခု MMP ကျင့်သုံးလိုက်ခြင်း အားဖြင့် မဲကပ်၍ ရှုံးခဲ့သည်ရှိသော် လွှတ်တော်ကိုယ်စားလှယ် ပြန်ဖြစ်နိုင်ခြေ အခွင့်အလမ်းရှိသည်။ ရှုံးသော်လည်း PR ဖြင့် ကိုယ်စားလှယ်မျှော်လင့်နိုင်သည့် အားသာချက်ရှိသည်။ ပြည်သူကို ကိုယ်စားပြု သည့် မဲပိုများလာမည်ဖြစ်ပြီး အလွှာစုံ၊ ဒေသစုံ၊ ပါတီစုံ၊ တွေးခေါ်မြော်မြင်မှု သဘောတရားအစုံနှင့် ပြည်သူတို့၏ ဆန္ဒအစုံကို ကိုယ်စားပြုလျက် အဓိပ္ပာယ်ပြည့်ဝစေမည်ဟု ယုံကြည်ကြသည်။
    ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ၏  အားသာချက်မှာ လွှတ်တော်တွင် လူထုကိုယ်စားပြုမှုတွေ ပိုမိုပါဝင်လာကြမည့် အားသာချက်ရှိနေသည့် MMP မှာ လွှတ်တော်တွင်း တစ်ပါတီတည်း ကြီးစိုးသော အာဏာရှင်ဆန်သည့် ပါတီကြီးဝါဒမကြီးစိုးရေး ချေဖျက်မည့် စနစ်ပင်ဖြစ် ကြောင်း နိုင်ငံရေးပါတီများက ရှုမြင် သုံးသပ်နေကြသည်။ (ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49447

© 2022 - 2025 News. All Rights Reserved.