တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ငြိမ်းချမ်းရေးကိစ္စကို အလေးအနက်ထား ဆွေးနွေးစေချင်၊ NCA အကျိုးသက်ရောက်မှု နည်းပါးနေသေးဟုဆို

နေပြည်တော်၊ အောက်တိုဘာ ၁၇
    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ ငြိမ်းချမ်းရေးကိစ္စကို အလေးအနက်ထားဆွေးနွေးလျှင် တိုင်းပြည်အတွက် ကောင်းကျိုးတစ်ခု ရှိလာမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "လောလောဆယ် အခြေအနေမှာ နစကဘက်က နိုင်ငံရေးအရ ဖိတ်ခေါ်မှုရှိတယ်။ တစ်ဖက်ကတော့လက်မခံဘူး။ NUG? PDF ကတော့ လက်မခံတဲ့အနေအထားမှာ ရှိတယ်။ တစ်ဖက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ သေချာစဉ်းစားမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအရေးနဲ့ တိုင်းပြည်အရေးကို စဉ်းစားတဲ့အခါမှာ တိုင်းရင်းသားတွေကလည်း သူတို့အတွက် အခွင့်အလမ်းတစ်ခု ရှိရင်တော့ ပါလာနိုင်တယ်။ NUG? PDF ကတော့ ခန့်မှန်းရခက်တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေးကိစ္စကို စဉ်းစားဆွေးနွေးမယ်ဆိုရင်တော့ တိုင်းပြည်အတွက် ကောင်းကျိုးတစ်ခု ရှိလာမှာပါ။ ကောင်းတာ ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အာမခံချက်တစ်ခုခု ပေးဖို့လိုအပ်ပါတယ်။ အာမခံချက်တွေရှိလာရင် သူတို့လို ချင်တဲ့အရာတွေ လမ်းဖွင့်ပေးထားမယ်ဆို ရင်တော့ အလားအလာ ကောင်းမယ်။ တစ်ခုရှိတာက တိုင်းရင်းသားလက်နက်ကိုင်တွေ ရဲ့အောက်က PDF အဖွဲ့တွေကတော့ သူတို့ စိတ်ဆန္ဒနဲ့ သူတို့လုပ်ချင်တာကို လုပ်ခွင့်မရှိ ဘူး။ ထိန်းချုပ်မှုအောက်မှာရှိတယ်။ ရေရှည်မှာလည်း နိုင်ငံရေးအရ စဉ်းစားတာတွေရှိလာနိုင်တယ်။ ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင်လည်း အားလုံးဒုက္ခတွေရောက်ကြမယ်၊ လူထုလည်း ဒုက္ခရောက်၊ တိုင်းပြည်လည်း ထိခိုက်တယ်။ ညှိနှိုင်းဆွေးနွေးမှု လုပ်ရင်တော့ အကောင်းဆုံးပါ။ အင်အားကြီးသူက ငယ်သူကို ဖြေလျှော့မှုပေးပြီး အသက်အာမခံကအစ လုပ်ပေးမယ်ဆိုရင် အလားအလာ အများကြီး ကောင်းနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။ 
    လက်ရှိ အခြေအနေအရ တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ (NCA) (၉)နှစ် မြောက် နှစ်ပတ်လည်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်အပေါ် သက်ရောက်မှု နည်းပါးနေသေးကြောင်း ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး ကပြောသည်။ 
    ''NCA ရဲ့နှစ်ပတ်လည်က ကိုးနှစ်တောင်ရှိနေပြီ။ တစ်ပြည်လုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးအပေါ်မှာ ငြိမ်းချမ်းရေးက ဘယ်လောက် သက်ရောက်မှုရှိပြီလဲဆိုတာ စဉ်းစားလိုက်တဲ့အခါမှာ အခုကတော့ သိပ်ပြီးတော့ မထူးတဲ့သဘော ဖြစ်နေတယ်။ ငြိမ်းချမ်းရေးအရသာ သိပ်ပြီးမရသေးဘူး။ ပစ်ကြခတ်ကြ လုပ်နေတုန်းပဲ ရှိသေးတယ်။ တချို့ကလည်း NCA က အသက်မရှိတော့ဘူး။ လက်မခံတော့ဘူးဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်းရှိတယ်။ NCA ဆိုတာရှိခဲ့တယ်။ ထိုးလည်းထိုးကြတယ်။ စာချုပ်လည်းရှိတယ်။ သူရဲ့ အကျိုးသက်ရောက် မှုကတော့ နည်းသေးတယ်။ ကျွန်တော်တို့ကတော့ စားပွဲပေါ်မှာ တွေ့ဆုံညှိနှိုင်းတဲ့ကိစ္စကိုပဲ အဖြေရှာသင့်တယ်။ စစ်ရေးနဲ့ လက်နက်နဲ့ တိုက်ခိုက်နေကြတာက နှစ်ပေါင်း များစွာရှိနေပါပြီ။ ဘာမှမထူးဘူး။ အခုတွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာ အခုအချိန်မှာ ဟာကွက်တစ်ခုများရှိနေလား။ မပြည့်မစုံ နည်းလမ်းမမှန်တာများ ရှိနေလား။ ကျွန်တော်တို့ ကြားတာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တဲ့နေရာမှာ လက်နက်ချ၊ အလင်းဝင်၊ ပါတီတာဝန်နဲ့ ရွေးကောက်ပွဲဝင် ဆိုတာမျိုးရှိတယ်။ အဲဒီအခါမှာ ဂွမ်မော်တို့ ကလည်း ခေါ်နည်းမမှန်သေး ဘူးဆိုတာ ပြောတယ်။ အဲဒီလို ဖြစ်နေတော့ အခုလည်းဖိတ်ခေါ်တယ်။ ဘယ်နှဖွဲ့များတက်မလဲ မပြောတတ်သေးဘူး။ NCA အပေါ်မှာ ဘယ်လိုများ ဆက်လက်ကိုင်တွယ် မလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းတယ်။ ဒီအတိုင်းပဲဆိုရင်တော့ ထူးမခြားဖြစ်နေတယ်"ဟု ၎င်း ကပြောသည်။
    သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အထင်ကရ ရလဒ်တခုအဖြစ် ပေါ်ပေါက်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အသက်ဝင်ခဲ့ သည်မှာ ၂၀၂၄ ခုနှစ် (အောက်တိုဘာ ၁၅) ရက်တွင် ကိုးနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ မြန်မာ့ငြိမ်း ချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်တွင် NCA သည် ပစ်ပယ်မရသေးသော အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် ဆက်ရှိနေသည်။ ကွန်းဈာန်

Total Views ~ 153

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43518

© 2022 - 2025 News. All Rights Reserved.