ရန်ကုန်၊ အောက်တိုဘာ ၂
ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရထားလမ်းပိုင်းများ၊ တံတားများ ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေးပြည့်မီရေးကို ဦးစားပေး ဆောင်ရွက်သွားရန်လိုပြီး နောင်အလားတူဖြစ်ရပ်မျိုးဖြစ် ပေါ်လာပါက ခံနိုင်ရည်ရှိစေရေးအတွက် စနစ်တကျ သုတေသနပြုတွက်ချက်၍ ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက် စီးမှုများဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး မီးရထားလမ်း ပိုင်းပေါ်ရှိ စမုံချောင်းတံတား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများအား စက်တင်ဘာ ၂၉ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ်ရေ အလုံးအရင်းဖြင့် မြင့်တက်တိုက်စားခဲ့မှုကြောင့် တံတားအမှတ် ၆၉၁ (အဆန်)၏ ရန်ကုန်ဘက်ခြမ်းတံတား ချဉ်းကပ်တာပေါင် ရေတိုက်စားပျက်စီးခဲ့မှုအား ရထားလမ်းဖြုတ်သိမ်း၍ စက်ယာဉ်ယန္တရားများ ဖြင့် တာပေါင်မြေဖို့ ပြုပြင်ဆောင်ရွက်ခြင်းနှင့် သံလမ်းပြန်လည် ခင်းခြင်းလုပ်ငန်းဆောင် ရွက်နေမှု၊ တံတားအမှတ် ၆၉၁ (အစုန်)၏ သံပေါင် လေးခုပြုတ်ကျခဲ့ပြီး တိုင်အမှတ် (၃) ရေစီးအားဖြင့် မျောပါပျက်စီးခဲ့မှုအား Triple Double Bailey တံတားပေ ၉၀ ထိုး၍ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုလုပ်ငန်းခွင်တို့ နေရာရောက်ရှိပြီး လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့် ရေစီးအားကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို လိုက်လံ ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
ယခု ထိခိုက်ပျက်စီးခဲ့မှုများကို ကြည့်၍ ရေအလုံးအရင်းဖြင့် စီးဆင်းမှုအား မည်မျှ ပြင်းထန် မည်ကို ခန့်မှန်း၍ ရနိုင်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့စဉ် ရှမ်းကုန်းပြင်မြင့်ဘက်မှ စီးဆင်းလာခဲ့သည့် ရေစီးကြောင်းများနှင့် ၎င်းင်းရေစီးကြောင်းများနှင့်အတူ မျောပါလာသည့် သစ်လုံးသစ်တုံးများ၊ နုန်းအနည်အနှစ်များကြောင့်လည်း ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက် ထိခိုက်ပျက်စီးမှု ပိုမိုများပြားခဲ့ရခြင်းဖြစ် ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။
ထို့အပြင် ပြုပြင်မည့် ရထားလမ်း ပိုင်းနေရာများနှင့် အသစ်တည်ဆောက်မည့် ရထားလမ်းပိုင်း နေရာများ၌ ရေဝင်ရေထွက် ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန် လိုသကဲ့သို့ တံတားနေရာများ၌ အရှိန်အဟုန်ဖြင့် စီးဆင်းလာမည့် ရေစီးကြောင်းအရှိန်ကို ထိန်းနိုင်မည့် ကျောက်စီနံရံများ ဆောင်ရွက်ခြင်း၊ ချောင်းဖြောင့်ခြင်းတို့ကိုလည်း ထည့်သွင်းဆောင်ရွက်သွားရန်၊ အဆက်အသွယ်ပြတ် တောက်မှုမရှိစေရေး ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ အချိန်မီပြီးစီးအောင် စီမံဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။ နဒီ