ရန်ကုန် အောက်တိုဘာ၊ ၁၆
အကြမ်းဖက်မှုများကို လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးခြင်းမပြုရန်နှင့် အစိုးရ၏ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတားဆီးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအား မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တိုက်တွန်းပြော ကြားလိုက်သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အစီရင်ခံစာများနှင့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြု ဖော်ပြသင့်ကြောင်း ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ရေးသားတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာတွင် အတည်မပြုနိုင်သော အချက်အလက်များနှင့် အထင်အမြင်လွဲမှားစေသည့် အချက်များအပေါ် အခြေခံသည့် စွပ်စွဲချက်များ ပါဝင်ရာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက် အဝန်းအကြား အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေသည်။ ယင်းအစီရင်ခံစာပါ အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်မှစ၍ အကျဉ်းထောင်များသို့ သွားရောက်ကာ အကျဉ်းထောင်အခြေအနေဖြင့် အကျဉ်းသားများ ထားရှိမှုနှင့် ပတ်သက်၍ စစ်ဆေးအကြံပြုလျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် မဟာမင်းကြီး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို စိစစ်အတည်ပြုခြင်း မရှိသည့်အပြင် အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များကိုလည်း ချန်လှပ်ထားကြောင်း အစီရင်ခံစာတွင် PDF များနှင့် လက်နက်ကိုင်အဖွဲ့များ၊ AA ၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားပြီး၊ ထိတွေ့မှုဆိုင်ရာစည်းမျဉ်းနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော တပ်မတော်၏ တန်ပြန်တုံ့ပြန်မှုများကိုမူ တစ်ဖက်စောင်းနင်း ဖော်ပြထား ကြောင်း တုံ့ပြန်ထားသည်။
ဆက်လက်၍ နိုင်ငံတော်အစိုးရသည် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားသည်နှင့်အညီ မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာ စတင် ကောက်ယူလျက်ရှိရာ လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးအတွက် မဆုတ်မနစ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုချိန် တန်ပြီဖြစ်သည်။ အပ်ကြောင်းထပ်နေသော ပုံစံတူယန္တရားများ ဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေခြင်းထက် မြန်မာနိုင်ငံရင် ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ယင်းယန္တရားများကို အဆုံးသတ်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းဆောင် ရွက်မှုများကို မြှင့်တင်ရန် ကုလသမဂ္ဂအား တိုက်တွန်းကြောင်း ထုတ်ပြန်ချက်ကရေး သား ဖော်ပြထားသည်။ ထူးမြတ်