Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပြုလုပ်သည့် နှစ်(၈၀)ပြည့် မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ အခမ်းအနား တက်ရောက်ခဲ့မှု၊ တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့မှုအပေါ် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း မီဒီယာများသို့ ပြန်လည်ဖြေကြားချက်

၂၀၂၅ ၊ မေ ၁၅

မေး။    ။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ် (၈၀)ပြည့် မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲမှာ မြန်မာ့တပ်မတော်က ဝင်ရောက် ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒီအခမ်းအနားကနေ မြန်မာ့တပ်မတော်အတွက် ဘယ်လိုအတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါသလဲ။
ဖြေ။    ။
ရုရှားနိုင်ငံရဲ့ နှစ်(၈၀)ပြည့် မျိုးချစ်စစ်ပွဲကြီးက ရုရှားနိုင်ငံမှာ ကျင်းပခဲ့တယ်။ အမှန်ကတော့ ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာ ရုရှားနိုင်ငံတစ်နိုင်ငံတည်းအတွက် သက်ဆိုင်တာ မဟုတ်ပါဘူး။ အရင်တုန်းက ကမ္ဘာမှာ ဖက်ဆစ်စနစ်၊ နာဇီစနစ်ဆိုတဲ့ အစွန်းရောက်မှုတွေ ရှိခဲ့တယ်။ ဒီဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲ။ ဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ခင်ဗျားတို့၊ ကျွန်တော်တို့သိတဲ့အတိုင်းပဲ ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးတွေ ကျွန်တော်တို့ ခံစားခဲ့ရပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးလည်း နှိပ်စက်ခံခဲ့ရပါတယ်။ ဒီလိုပဲ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးတွေ ခံခဲ့ရတယ်။ ဥပမာ ဖက်ဆစ်စနစ်ရဲ့ ဆိုးကျိုးကို သိချင်ရင် မြန်မာနိုင်ငံမှာဆို 'ငဘ'ဆိုတဲ့ ဝတ္ထု ဆရာမောင်ထင်ရေးတာ။ ဖတ်ကြည့်ပါ။ အဲဒါဖြစ်ရပ် မှန်တွေကို ရေးသားထားတာ၊ ဖြစ်ရပ်မှန်တွေနဲ့ သမိုင်းကြောင်းကြီးကို အခြေခံပြီး ရေးသားထားတာပါ။ ဒီလိုပဲ ကျွန်တော်တို့ အိမ်နီးနားချင်း တရုတ်နိုင်ငံမှာဆိုလည်း နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့၊ ဘာတို့ ရှိခဲ့တယ်။ ဒီလိုပဲ အရှေ့ဥရောပထဲပါတဲ့ ရုရှားဟာဆိုလည်း အရှေ့ဥရောပမှာ ဒီနာဇီစနစ်ကို အဓိကထားပြီးတော့ တိုက်ခိုက်ခဲ့တဲ့ နိုင်ငံပေါ့။ သူ့ရဲ့လူဦးရေ ၂၆ သန်းလောက် အသက်ပေးသွားရတာရှိတယ်။ ၂၆ သန်းဆိုတဲ့ လူဦးရေဟာ ခုခေတ်လူဦးရေနဲ့ ချိန်ဆကြည့်မယ်ဆိုရင်တောင် အတော်များတဲ့လူဦးရေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့က အောင်ပွဲလုပ်ကြတာဖြစ်တယ်။ ဒါက ယခင်က အတိတ်သမိုင်းကြောင်း ဖြစ်ပါတယ်။ အခုခေတ် သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ခဏခဏပြောနေတဲ့ ခေတ်သစ်ကိုလိုနီဝါဒရှိမယ်။ ခေတ်သစ်မှာ စီးပွားရေးလက်ဝါးကြီးအုပ်မှု တွေရှိတယ်။ ခေတ်သစ်မှာ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေအပေါ်မှာ လွှမ်းမိုးလိုတဲ့ဆန္ဒတွေ အမြဲရှိပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့က ပူးပေါင်းပြီးတော့ တိုက်ဖျက်သွားရမယ်။ ပူးပေါင်းပြီးတော့ ဆန့်ကျင်သွားရမှာ ဖြစ်တယ်လို့ ပြောချင်တယ်။ 
    ဒီနေရာမှာ မြန်မာ့တပ်မတော်အနေနဲ့လဲ ဒီနှစ် (၈၀) ပြည့် အခမ်းအနားမှာ ဒါကျွန်တော်တို့ ပထမဦးဆုံးအကြိမ်အနေနဲ့ ပါဝင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ စစ်ရေးပြလျှောက်ခဲ့တယ်။ ဂုဏ်ပြုချီတက်ခဲ့တယ်။ ဒီအတွက်လည်း မြန်မာ့တပ်မတော်အနေနဲ့က နံပါတ်တစ်နိုင်ငံတကာ တပ်မတော်တွေနဲ့အညီ မြန်မာ့တပ်မတော်သည် ဒါ ရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်တစ်ရပ်ဖြစ်တယ်။ နံပါတ်နှစ် မြန်မာ့တပ်မတော်သည် နိုင်ငံတကာ တပ်မတော်တွေနဲ့အတူ အဆင့်မီဆောင်ရွက်နိုင်တဲ့ တပ် မတော်ရှိတယ်ဆိုတာ ထင်ထင်ရှားရှား ပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ယခင်ကတည်းက ပြောခဲ့တယ်။ 'တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်'ဆိုတဲ့ စကားကို ပြောခဲ့တယ်။ ဒါကို တချို့သော တပ်မတော်ကိုမှေးမှိန်အောင် လုပ်ချင်တဲ့သူတွေက ဆန့်ကျင်ဘက်စကားတွေ ပြောကြတာ ပေါ့ဗျာ။ သို့သော် ခုခေတ်မှာ ကြည့်လိုက်ပါ။ မိမိတိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ မိမိတိုင်းပြည်ရဲ့ ဂုဏ်ကျက်သရေ ရှိရေးပေါ့။ ဒီအတွက် ကာကွယ်ရေး အင်အားတောင့်တင်းဖို့ လိုတယ်၊ တပ်မတော်အင်အား တောင့်တင်းဖို့လိုတယ်။ မိမိရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ဆိုရင် ရိုသေ ခံ့ညားလောက်တဲ့ ကာကွယ်ရေး အင်အားစုရှိဖို့ လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ တစ်နိုင်ငံလုံး၊ တစ်နိုင်ငံသားလုံးက သိရှိဖို့၊ သဘောပေါက်ဖို့၊ ဂုဏ်ယူဖို့လိုတယ်၊ ဒါတွေကို ကျွန်တော်တို့ ဖော်ဆောင်ဖို့ လိုတယ်။ ဖော်ဆောင်နိုင်အောင်လည်း အခွင့်အရေးရခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။


မေး။    ။ ဒီခရီးစဉ်အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ အခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံ သမ္မတကြီးနဲ့ တွေ့ခဲ့တယ်။ ဒီခရီးစဉ်ကနေ၊ တွေ့ဆုံ ဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
ဖြေ။    ။
တရုတ်နိုင်ငံသမ္မတကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအတွက် အချက်သုံးချက်ပဲ ပြောလိုတယ်။ နံပါတ်တစ်အချက်ကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ဖွံ့ဖြိုးတိုးတက်မှု ဒါတွေကို တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံဘက်က ရပ်တည်ထောက်ခံလျက်ရှိတယ်။ နံပါတ်နှစ်အနေနဲ့က ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ တရုတ်သည် သူများ၏ပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ရေးမူဝါဒကို လက်ခံကျင့်သုံးလျက် ရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့ နှစ်နိုင်ငံလုံးက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို လက်ခံကျင့်သုံးလျက်ရှိတယ်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တယ်။ သူ့ရဲ့အနောက်ဘက် ထွက်ပေါက်တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ကောင်းတဲ့ဘက်က ရှုမြင်ပြီးတော့၊ ကောင်းတဲ့ဘက်က မျှော်မှန်းပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးလျက်ရှိတယ်။ ဒါတွေကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမယ်ဆိုတာမျိုးရခဲ့တယ်။
    နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့ပြီးသား ဒီနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပပေးမှာ ဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ခံအားပေးတာကို တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ သတင်းကောင်း ပါးလိုတာကတော့ မြန်မာပြည်သူလူထု ယခင်ကတည်းက လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ပါတီစုံဒီမိုက ရေစီစနစ်ဆိုတာသည် ယခင်ကတည်းကတိုင် တပ်မတော်ရဲ့ ဖော်ဆောင်မှုနဲ့ ကျွန်တော်တို့ရရှိခဲ့တယ်။ မဲလိမ် ၊ မဲခိုးမှု တွေကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူခဲ့တယ်။
    ခုချိန်မှာတော့ မြန်မာပြည်သူလူထု လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်တော်တို့အနေနဲ့ ဆက်လက် ဖော်ဆောင်သွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးလိုပါတယ်။

မေး။    ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာရှိပါတယ်။ တခြားနိုင်ငံတကာ ခေါင်းဆောင်တွေက မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လိုလိုလားလား လက်ခံကြတယ်ဆိုတော့ မြန်မာနိုင်ငံမှာ ဖြစ်လာမယ့် လာမယ့်ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေနဲ့ တခြားနိုင်ငံရေးပါတီတွေအတွက် ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။
ဖြေ။    ။
အဓိက ပထမဦးဆုံးအပိုင်း ပြောချင်တာကတော့ နိုင်ငံရေးပါတီတွေရဲ့ အပိုင်းပေါ့။ နိုင်ငံရေး ပါတီတွေရဲ့အပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာရှိတယ်။ ပြီးရင် ပြည်သူလူထုကို အသိပေး ပညာပေးရမှာရှိတယ်။ ဒါတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော့်အနေနဲ့ နံပါတ်တစ် ပြောလိုတယ်။
    နံပါတ်နှစ်ကတော့ ကျွန်တော်တို့ပြည်သူလူထုရဲ့ အပိုင်းပါ။ ပြည်သူလူထုရဲ့ အပိုင်းမှာ ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိတယ်လို့ ပြောပြီးပြီ။ ပါတီစုံဒီမိုကရေစီစနစ်ကို အလိုရှိရင် ငြိမ်းချမ်းစွာနဲ့ တရားမျှတတဲ့ ရွေး ကောက်ပွဲကျင်းပနိုင်ဖို့က အခြေခံ လိုအပ်ချက်ဖြစ်တယ်။ ဒီရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ကြပါလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။


မေး။    ။ ယခုတစ်ခေါက် နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်မှာ နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာတွေ ဘယ်လောက်အထိ တိုးတက်မှုရှိပါသလဲ။
ဖြေ။    ။
ရုရှားနဲ့ မြန်မာရဲ့ဆက်ဆံရေးက ကြာပါပြီ။ခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်။ ပထမဦးဆုံး ဆက်ဆံရေးကတော့ တပ်မတော်အချင်းချင်း ဆက်ဆံရေးကနေ စခဲ့တာပေါ့။ ယခင် တပ်မတော်အစိုးရ လက်ထက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုး ရေးကောင်စီလက်ထက်ကတည်းကနေ စခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီရုရှားနဲ့ မြန်မာရဲ့ ဆက်ဆံရေးဟာ တပ်မတော် နယ်ပယ်တင်မကဘဲနဲ့ ကဏ္ဍပေါင်းစုံမှာပါ ဖွံ့ဖြိုးတိုးတက်လာ ပြီဖြစ်တယ်။ ဆက်လက်ပြီးလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒီရုရှားကို ရောက်တဲ့အခါမှာ၊ ကျွန်တော်တို့ မြန်မာတွေ ရောက်တဲ့အခါမှာ ကျွန်တော်တို့ အစိုးရအချင်းချင်းတို့၊ တပ်မတော် အချင်းချင်းတော့ ကျွန်တော် မပြောသေးဘူး။ ပြည်သူအချင်းချင်း ဆက်ဆံရေးပေါ့။ ရုရှားပြည်သူတွေရဲ့ မြန်မာပြည်သူလူထုအပေါ်မှာ အမြင်၊ မြန်မာပြည်သူတွေရဲ့ ရုရှားပြည်သူလူထုအပေါ်မှာ အမြင်ဟာ တိုးတက် ခိုင်မာနေတယ်လို့ မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ လိုလိုလားလား ရှိတယ်လို့ မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာ နှစ် (၈၀) ပြည့် ရုရှားရဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ၊ အဲဒီမှာ ကျွန်တော်တို့ နိုင်ငံ့ခေါင်းဆောင်တွေ တော်တော် များများ တက်ကြတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ တော်တော်များများတက်ကြတဲ့အခါမှာ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဒီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခဲ့ပြီးတော့ စကားပြောခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုမိုနားလည်သဘောပေါက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်မှန် တွေနဲ့ပတ်သက်ပြီး ပြောပြနိုင်ခဲ့တယ်။ ရှင်းရှင်းပြော ရရင်တော့ မြန်မာကို ကမ္ဘာက၊ နိုင်ငံတကာက ပိုမိုနားလည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43833

© 2022 - 2025 News. All Rights Reserved.