၂၀၂၃ ၊ဖေဖော်ဝါရီ ၁
ပြီးခဲ့သည့် ဇန်နဝါရီ၃၁ ရက် နံနက် ၁၀နာရီ ၄၅ မိနစ်အချိန် အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၏ အနောက်ဘက် ၁၃ မိုင်ခန့်အကွာ မန္တလေး-မတ္တရာသွားကားလမ်း နန္ဒာတောင်ကျေးရွာအဝင်လမ်းမပေါ်၌ ပစ်ခတ်မှု ဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ မဖြူဇင်သန့် (၂၁)နှစ် ကျွဲရေကုန်းကျေးရွာနေသူနှင့် လိပ်စာတူနေ မမျိုးမာဌေး (၁၉)နှစ် တို ၂ ဦးသည် နန္ဒာတောင်ကျေးရွာရှိ မင်္ဂလာဆောင်မှ ဆိုင်ကယ် ၁ စီးဖြင့် ကျွဲရေကုန်းကျေးရွာသိုပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ နောက်မှလိုက်လာသည့် ဆိုင်ကယ် ၁ စီးနှင့် အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်အတို(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့၍ မဖြူဇင်သန့် တွင် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ နံနက် ၁၁နာရီခွဲတွင် အလောင်းအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ထားရှိပြီး အခင်းဖြစ်နေရာမှ ASA ၂၀၀၈ စာတန်းပါ ကျည်ခွံ ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ် သွားသူများအား မမစ(ပုသိမ်ကြီး)(ပ)၃၇/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ပြီး သက်ဆိုင်ရာမှ တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။