ကာ/လုံ ဦးတည်ချက် လေးရပ်၊ နိုင်ငံတော်၏ ရှေ့ခရီးနှင့် ဒုတိယစာမျက်နှာ

၂၀၂၅ ၊ ဩဂုတ် ၉

    နစက အလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်း ဘယ်လိုဖြစ်လာမလဲ စိတ်ဝင်စားစရာကောင်းသလို စိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့သည်။ နစက သို့မဟုတ် SAC ဟု အတိုကောက်သုံးနှုန်း ပြောဆိုကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံ့တာဝန်များကို ဥပဒေနှင့်အညီ ထမ်းဆောင်ခဲ့သည်မှာ ယခုဆိုလျှင် လေးနှစ်ခွဲကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
    နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "နိုင်ငံတော်ရဲ့ ရှေ့ခရီးကတော့ အများကြီး ကျန်ပါသေးတယ်။ ဒါတွေက ကျွန်တော်တို့ ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်။ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ။ ဒုတိယစာမျက်နှာအစကို ကျွန်တော်တို့ သွားတာပေါ့။ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ်ကောင်းမွန်လှတဲ့ လက်ရေး လှလှလေးနဲ့ ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟူ၍ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ဇူလိုင် ၃၀ ရက်က ပြုလုပ်ခဲ့သည့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
    နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲ အကျပ်အတည်းများ အားလုံးကို မိမိတို့အစိုးရ အဖွဲ့ ဝင်များအနေဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းကျော်ဖြတ် နိုင်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များ အားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့သလို နစက၏ လေးနှစ်ကျော်ကာလ တာဝန်ထမ်းဆောင် မှုနှင့်ပတ်သက်၍ လုပ်ငန်းအရပ်ရပ်အားလုံးကို  အခက်အခဲပေါင်းစုံကနေ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပြီး နောင်တွင်လည်း ဆက်လျှောက်ရမယ့် ခရီးစဉ်များတွင်  ယင်းကဲ့သို့ အောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပမှုအပြီး နောက်တစ်ရက် ဇူလိုင် ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေး ကျင်းပခဲ့သည်။ ထိုစဉ် ပြည်သူလူထုကလည်း အရေးပေါ်ကာလ ကြေ ညာထားမှု၊ သက်တမ်းတိုး၊ မတိုး အပါအဝင် ကာ/လုံ အစည်းအဝေး ဘာထူးမည်လဲ၊ အာရုံစိုက်ခဲ့ကြပြီး ကာ/လုံ အပြီး ပေါ်ထွက်လာမည့် အပြောင်းအလဲ အခင်းအကျင်းများအပေါ် စိတ်ဝင်စားခဲ့ကြသည်။ 
    အစည်းအဝေးအပြီးတွင် ကာ/လုံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာလွှဲအပ် ဆောင်ရွက်စေခဲ့သည့် အမိန့်အား ဇူလိုင် ၃၁ ရက်တွင် ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ် အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာ ကွယ်ရေးဦး စီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် ကာ/လုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ရက်စွဲပါ အမိန့် အမှတ်၊ ၁/၂၀၂၁ ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ကာ/လုံ၏ အမှုဆောင် ချုပ်အဖြစ် ဦးအောင်လင်းဒွေး (ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး)၊ ကာ/လုံ၏ တွဲဖက်အမှုဆောင်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး)တို့အား ခန့်အပ်ခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် လေးရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။
    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးနှင့်ပတ်သက်၍ "အရေးပေါ်အခြေအနေကြေညာခဲ့စဉ်က ပါရှိခဲ့တဲ့ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် လည်းကောင်း၊ နံပါတ် (၂)အရ နိုင်ငံတော်ကို ပါတီစုံလမ်းကြောင်း လျှောက်လှမ်းနိုင်ရန်အတွက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် လိုအပ်တဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာခြင်းကို ဒီနေ့ ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ၊ ပုဒ်မ ၄၂၆ အရ ဒီအရေးပေါ်အခြေအနေ အမိန့်ပယ်ဖျက်ကြောင်း ကြေညာပြီးတဲ့ နောက်မှာ ပုဒ်မ ၄၂၇ (က)အရ အာဏာသုံးရပ်လုံးကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကျင့်သုံးမှာ ဖြစ်ပါတယ်။ ပုဒ်မ ၄၂၇ (က) အရ နိုင်ငံ တော်သမ္မတ (၁) ရွေးချယ်တင်မြှောက်ပြီးတဲ့အချိန်အထိ ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းများ ဆောင်ရွက်ပြီးသည်အထိ ဥပဒေပြုရေးအာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကိုယ်တိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်"ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
    ကာ/လုံသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်တွင်ဥက္ကဋ္ဌအဖြစ် ယာယီသမ္မတတာဝန်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယတပ်တော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ အပါအဝင် ကော်မရှင်တွင် အဖွဲ့ဝင် ၁၀ ဦးက တာဝန်ယူ ဆောင်ရွက်မည်ဖြစ် သည်။ ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစောက တာဝန်ယူမည့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း ကာ/လုံက အမိန့်အမှတ်၊   ၃/၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့သည်။
    "ဒီအခြေအနေ၊ ဒီအခင်းအကျင်းအရဆိုရင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကော်မရှင်က နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအတွက်ကို အဓိကထား အာရုံစိုက်ပြီးတော့မှ အပြောင်းအလဲကို ညင်ညင်သာသာနဲ့ ပိုပြီးတော့မှ ကောင်းသထက်ကောင်းမွန်အောင် ရွေ့သွားမယ်။ အဲဒီဘက်ကို ကော်မရှင်က ပိုပြီး အားစိုက်လုပ်တော့မယ့် အခင်းအကျင်းလို့မြင်ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးအပါအဝင် ပုံမှန်လုပ်ရမယ့်အ လုပ်တွေ၊ ကိစ္စအ၀၀တွေကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစောက ကိုင်တွယ်မယ်ဆိုတဲ့ အခင်းအကျင်းလို့ မြင်ပါတယ်"ဟူ၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုတိယ ဥက္ကဋ္ဌဦးထက်အောင်ကျော်က မှတ်ချက်ပြုသည်။
    ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅)က ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပုဒ် မ ၄၂၇၊ ပုဒ်မခွဲ(ခ) အရ ဖွဲ့စည်းပေးခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အသစ်၏ ပထမဆုံး အစည်းအဝေးကို သြဂုတ် ၁ ရက်က နိုင်ငံတော်ဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ယင်းအစည်း အဝေးသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကား ပြောကြားခဲ့ရာ မိမိတို့အစိုးရအနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အား ဦးထိပ်ထား ပန်ဆင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရန် လိုသကဲ့သို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက် လေးရပ်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံအတွင်း နေထိုင်ကြသူများ အားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    "ပြည်သူများ၏ လိုလားချက်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ ထို့ကြောင့် ယခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပ သွားမည်ဖြစ်သည်ကို နိုင်ငံတော်အကြီးအကဲက ပြည်သူများကို အသိပေးပြောကြားပြီးဖြစ်ကြောင်းကို လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။
    ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲများပေးနိုင်ရေး၊ အကြောင်းအမျိုး မျိုးကြောင့် ဆန္ဒမဲ မပေးနိုင်သူများအား ကြိုတင်မဲများပေး နိုင်ရေးသတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဆောင်ရွက်ပေးသွားရေး လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ နိုင်ငံတော်အ နေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေး အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကဏ္ဍများအလိုက် ပါဝင် ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ထည့်သွင်းပြောကြားခဲ့သည်။
    နစက အလွန် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများနှင့် ပုံစံသစ်၊ အခင်းအကျင်းသစ် အလားအလာတို့နှင့်ပတ်သက်၍ "အစိုးရ၊ တပ်မတော်အကြီးအကဲတွေက အကုန်လုံးကို ကြိုတင်ပြင်ဆင်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာ၊ ဥပဒေအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်သွားတာပါ။ လက်ရှိ အခင်းအကျင်းကလည်း ရွေးကောက်ပွဲလမ်းကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်တင်လာ တယ်၊ ရွေးကောက်ပွဲကိုလုံး၀ အာရုံစိုက်လာတယ်လို့ မြင်တယ်။ ဒီရက်ပိုင်းထဲ မှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ Calendar ဆွဲမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးက ရွေးကောက်ပွဲကို စိတ်ဝင်စားကြဝာာပေါ့။ ကျွန်တော်ကတော့ ရွေးကောက်ပွဲအလွန်ကို စိတ်ဝင်စားတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်လာမယ်။ မူဝါဒကောင်းတဲ့ အစိုးရတစ်ရပ် ပေါ်လာရင် ကျွန်တော်တို့ တိုင်းပြည် ရှေ့ရောက်ပါတယ်။ တိုင်းပြည်ကို အရွေ့တစ်ခုဆီရောက်ဖို့ မူဝါဒအစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်" ဟူ၍ ပြည်သူ့အလုပ်သမားပါတီဥက္ကဋ္ဌ ဦးကျော်ဇင်က မှတ်ချက်ပြုသည်။
    နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေး အင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေး ဟူသည့်အချက်သည် ကာ/လုံ၏ ဦးတည်ချက်လေးရပ်တွင် ပထမဦးဆုံး ဦးတည်ချက်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမို ကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရေး အချက်မှာလည်း ကာ/လုံ၏ ဦးတည်ချက်လေးရပ်၏ နောက်ဆုံးအချက် ဖြစ်သည်။ ဦးတည်ချက်(၂)တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေ ခံသည့် စက်မှုကဏ္ဍ (Agro based Industries) ဖွံ့ဖြိုးတိုး တက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးဟူသည့် အချက်ပါဝင်ပြီး  ဦးတည်ချက်(၃)တွင်  နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထား မြှင့်တင်ရေးအချက် ပါဝင်သည်။
    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက်လေးရပ် ထုတ်ပြန်ခဲ့သလို ကာ/လုံ၏ ဗဟိုအကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဦးစီးအဖွဲ့များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ၊ စည်ပင်သာယာရေးကော်မတီများ၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများကိုလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ သည်။
    တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ကာ/လုံမှ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နှင့်ပတ်သက်၍ "ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမယ်လို့ ပြောထားတဲ့အတွက်ကြောင့် ၁၉၅၃ ခုနှစ် တုန်းက ရွေးကောက်ပွဲမျိုး ဖြစ်မလားဆိုပြီးတော့ ခန့်မှန်းကြတာပေါ့။ ဒါပေမဲ့ အခုဟာက ရွေးကောက်ပွဲ ကော်မရှင်ကလည်း မြို့နယ် တော်တော်များများ ကျင်းပမယ်ဆိုပြီး ထုတ်ပြန်ထားတယ်။ လက်ရှိ အနေအထားအရ အခုကျင်းပ မယ့်နေရာတွေကို အဓိကထားပြီးတော့မှ လုံခြုံရေးကို ပိုအားကောင်း‌အောင်လုပ်မယ်ဆိုတဲ့ သ‌ဘောမျိုး မြင်ရတယ်။ အဲဒါပြီးသွားမှပဲ ကျန်တဲ့အရေးပေါ် ကြေညာထားတဲ့ ဒေသတွေက ဆက်ပြီး စီမံဆောင် ရွက်မယ်လို့ မြင်တယ်။ လက်ရှိ ကျင်းပမယ်ဆိုတဲ့ မြို့နယ်တွေကို ငြိမ်သက်သည်ထက် ပိုပြီး ငြိမ်သက်အောင်၊ ငြိမ်းချမ်းသည်ထက် ငြိမ်းချမ်းအောင် အဓိကထား ကြိုးပမ်းသွားမယ်လို့ မြင်တယ်"ဟူ၍ NDF ဒုဥက္ကဋ္ဌ ဦး ထက်အောင်ကျော်က မှတ်ချက်ပြုခဲ့သည်။
    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးမှုအရ တိုင်းပြည်အတွက် အပြောင်းအလဲကို အမှန်တကယ် လုပ်ကိုင် ဆောင်ရွက် တော့မည်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသလို ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မည်ဆိုသည်ကို Signal ပြလိုက်ခြင်းဖြစ်သည်ဟုလည်း နိုင်ငံရေးပါတီတာဝန်ရှိသူများက ရှုမြင်ကြသည်။ ရွေးကောက်ပွဲ အလွန် ပေါ်ပေါက်လာမည့် အခင်းအကျင်းအပေါ် ၎င်းတို့က ပို၍ စိတ်ဝင်စားနေ ကြသည်။
    ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလများတွင် မဲမပေးရေး No Vote  ကမ်ပိန်းများ လုပ်ခဲ့ကြသည်။ ထိုစဉ်က No Vote  ကမ်ပိန်းပြုလုပ်သူများက အမှန်တကယ် ပြုလုပ်သည်များ ရှိခဲ့ပြီး အစိုးရဘက်မှ Action ယူ၍ တစ်စုံတစ်ရာ အရေးယူခဲ့ခြင်းမရှိခဲ့ဟု နိုင်ငံရေး ပါတီတချို့က ထောက်ပြခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီး ခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ယင်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပြီး ဥပဒေတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ၊ မဲပေးသူများ၊ မဲရုံတာဝန်ကျသူများကို နှောင့်ယှက်ဟန့်တားပါက အရေးယူမည့်အချက်အပါအဝင် ပြစ်ဒဏ်များအဖြစ် အနည်းဆုံး ထောင် ဒဏ်သုံးနှစ်မှ သေဒဏ်ထိချမှတ်နိုင်သည့် အချက်များ ပါဝင်သည်။
    "အခု ဒီတစ်ခေါက်က ဒါမျိုး လုပ်လို့ရှိရင် တော်တော်ကို ပြင်းပြင်းထန်ထန် ထောင်ဒဏ်တွေနဲ့ အရေးယူခံရမယ့် ဥပဒေပြဋ္ဌာန်းလိုက်ပြီ။ တချို့အမှုတွေက ဒီအတိုင်းဆိုရင် သာမန်အမှုပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ အတောအတွင်းမှာ ကျူးလွန်ခဲ့ရင် တော်တော်ကို ကြီးလေးတဲ့အမှု ဖြစ်သွားပြီ။ မဲမပေးချင် တဲ့သူရှိခဲ့တယ်ဆို ရင် ဒါက သူ့ရဲ့ဆန္ဒပါ။ ဒါပေမဲ့ မဲမပေးပါဘူး၊ ရွေးကောက်ပွဲကို ဆန့်ကျင်ပါတယ်လို့ ပြောလို့မရဘူး။ ဒါက တစ်ဦးတည်းပြောရင် ထောင်သုံးနှစ်၊ အုပ်စုနဲ့ပြောရင် ငါးနှစ်ဆိုတာ ပြဋ္ဌာန်းထား ပြီးသား။ အဲဒီလိုထည့်ထားတဲ့အတွက် နိုင်ငံရေးပါတီတွေဆိုရင် အရင်တုန်းက ပြောတယ်။ ရွေးကောက် ပွဲလုပ်ရင် သူတို့အတွက် အကာအကွယ်ပေးသင့်တယ်ဆိုတာမျိုး ပြောခဲ့တာရှိတယ်။ အခုဆိုရင် သေဒဏ် အထိ ပါလာပြီလေ။ ပါတီ‌တွေအတွက် အများကြီး အကာအကွယ် ပေးထားတယ်။ မဲပေးမယ့် ပြည်သူတွေ အတွက်လည်း အကာအကွယ် ပေးထားတယ်။ ဥပဒေတစ်ရပ်က ထွက်ပြီဟေ့ဆိုရင် နောက်ဆက်တွဲတွေက ပါလာပြီ။ ဒါကိုလည်း လူထုကို သေသေချာချာ နားလည်အောင် Awareness လုပ်ဖို့လိုပါမယ်။ Awareness ဖြစ်အောင် လုပ်ရမယ်။ အဲဒီမှာ တချို့တစ်လေပေါ့။ ကျွန်တော်တို့ လူမျိုးကလည်း သိတဲ့အတိုင်းပဲ ဒါလေးက ဘာမှမဟုတ်လောက်ပါဘူးဆိုတာမျိုးနဲ့ စိတ်ထဲရှိရာ လျှောက်လုပ်လိုက်မယ်ဆိုရင် အမှုကြီးကြီးနဲ့ တွေ့သွားနိုင်တဲ့ အနေအထားရှိတယ်။ ဒါကြောင့် ဒါကို တော်တော်များများ သိရှိနားလည်အောင် အကုန်လုံး Awareness ဖြစ်အောင် လုပ်ထားဖို့တော့ လိုတယ်လို့မြင်တယ်။ ဘာမှ မဟုတ်လောက် ပါဘူးလို့ထင်ပြီး No Vote တို့၊ ဘာတို့ လျှောက်ရေးလိုက်ရင် အမှုကြီးတာတွေ ဖြစ်သွားမယ်။ Awareness လုပ်ခြင်းအားဖြင့် Negative အသံတွေ သိပ်မထွက်ဘူးဆိုရင်၊ ပြီးတော့ လက်ရှိခေတ်ကလည်း Social Media ခေတ်ဖြစ်နေတော့ လူထုအများ စုကလည်း Social Media မှာ ကြည့်ကြတာများတယ်။ Social Media မှာ ရေးနေကြတဲ့ သူတွေက ဒီဥပဒေကြောင့် ဒါနဲ့ပတ်သက်ပြီး ဘာမှမရေးဘူးဆိုရင် တဖြည်းဖြည်းနဲ့ Negative အမြင်တွေကနေ လူထုမှာလည်း Positive အမြင်များလာမယ်။ ရွေးကောက်ပွဲ မဲပေးသင့်တယ်ဆိုတဲ့ Positive ဘက်ကို ရောက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ရွေးကောက်ပွဲအခြေအနေ လေ့လာနေသူတစ်ဦး က မှတ်ချက်ပြုသည်။
    ရွေးကောက်ပွဲ အခင်းအကျင်းအပါအဝင် လက်ရှိအခြေအနေအရပ်ရပ် အပြောင်းအလဲများမှာ နိုင်ငံတော်အကြီးအကဲများ၏  အမြော်အမြင်ဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြသည်။ ဒီမိုကရေစီလမ်းကြောင်း အရွေ့အပြောင်းတစ်ခုဆီသွားဖို့ ရည်ရွယ်ခြင်းဖြစ်၍ တိုင်းပြည်တိုးတက်ကောင်းမွန်ဖို့အတွက် ဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။
    နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ ရှေ့ခရီးများစွာ ကျန်ရှိနေသေးကြောင်း အသိပေးပြောကြားထားသည်။ 
    ပထမစာမျက်နှာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိအချိန်သည် ဒုတိယစာမျက်နှာအစသို့ ရောက်ရှိလာပြီ ဟူ၍လည်း ညွှန်းဆိုခဲ့သည်။ အစကောင်းမှ အနှောင်းသေချာဆိုသည့် စကားပမာ "ဒုတိယစာမျက်နှာအစတွင် အမှန်တကယ် ကောင်းမွန်လှသည့် လက်ရေးလှလှလေးရေးကြဖို့" အတွက်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လမ်းညွှန်ပြောကြားခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ပြောကြားချက်နှင့် ပတ်သက်၍ NDF ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်၏ ရှုမြင်သုံးသပ်မှုဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်လိုပါသည်။ ၎င်းက "ဒုတိယစာ မျက်နှာမှာ လက်ရေးလှလှရေးဖို့ဆိုတာ အားလုံးမှာ တာဝန်ရှိပါတယ်။ လက်ရေးလှလှရေးဖို့ဆိုတာ သမိုင်းလှလှရေးဖို့၊ ကိုယ့်သမိုင်းကို လှအောင်ရေး ကြဖို့ဆိုတဲ့ အဓိပ္ပာယ်လို့ နားလည်ပါတယ်။ ဒီအချိန်မှာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေမှ မဟုတ်ဘူး။ ပြည်သူအပါအဝင် နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်း အသီးသီးက လူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အား လုံးက နိုင်ငံရဲ့ရှေ့ခရီး ဒုတိယစာမျက်နှာမှာ လက်ရေးလှလှ ဝိုင်းရေးကြရမှာပါ။ တိုင်းပြည်ကို ကောင်းမွန်တဲ့ အရွေ့တစ်ခုဆီကို ရွေ့သွားဖို့ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမှာပါ။ ဒီလို ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီးလုပ်ကြမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်သွားမှာ သေချာပါတယ်"ဟူ၍ မှတ်ချက်ပြုခဲ့သည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49084

© 2022 - 2025 News. All Rights Reserved.