Breaking

ရန်ကုန်မြို့၊ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌  ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ  ၁၉
   ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့ကာ ကရင်လူမျိုးများနှင့် တိုင်ရင်းသားပေါင်းစုံလူဦးရေ ထောင်ကျော်နီးပါး ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
   အဆိုပါကရင်နှစ်သစ်ကူး ပွဲတော်တွင် ကရင်အမျိုးသားအလံကို လွှင့်တင်ကာ အလေးပြုကြပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ( ဗဟို) အကြံပေးအဖွဲ့ခေါင်းဆောင် ၊  ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဗဟို)ဂုဏ်ထူးဆောင်နာယက ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းရင်းသားလူမျိုးများရေး ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊    ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်ကိုးချက်တီးပြီး ကရင်လူငယ်ကိုးဦးက ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။


  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက  "ကျွန်တော်တို့ ဒီကနေ့ကတော့ ကရင်တစ်မျိုးသားလုံး တန်ဖိုးထားတဲ့ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ အခုလိုတိုင်းရင်းသားကျေးရွာမှာ ဆောင်ရွက်တာဆိုရင် ၅နှစ်မြောက်ရှိပြီ ဖြစ်ပါတယ်။ မနက် ၆ နာရီမှာ ကရင်အမျိုးသားအလံကို ကရင်အမျိုးသားသီချင်းသီဆိုပြီး အလေးပြုပါတယ်။ (၇) နာရီခွဲမှာ ဖျော်ဖြေပွဲအနေနဲ့ ယဥ်ကျေးမှုအဖွဲ့ စုစုပေါင်း (၃၆) ဖွဲ့ လောက်ဖျော်ဖြေတင် ဆက်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဖွဲ့စည်းထားတဲ့အဖွဲ့ တွေဖြစ်ပါတယ်။ တက်ရောက်တဲ့ ပြည်သူတွေအနေနဲ့က တော့ တစ်ထောင်နီးပါးရှိပါတယ်။" ဟု ပြောကြားခဲ့သည်။
  ထို့အပြင် အခမ်းအနားတွင် ပဲခူးရိုးမတောင်ပေါ်နေ ကရင်လူမျိုးများ၏   ကရင်ရိုးရာအိုးစည် အက၊ ကွမ်းခြံကုန်းမြို့နယ် ကရင်ရိုးရာဒုံးအက၊မှော်ဘီမြို့နယ်  ကရင်ရိုးရာကြိုးကျစ် အက၊မှော်ဘီမြို့နယ် ကရင်ရိုးရာဝါးညှပ်အက နှင့် မှော်ဘီမြို့နယ် ကရင်ရိုးရာဒုံးအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


 အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ( ဗဟို)အကြံပေးအဖွဲ့ခေါင်းဆောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က  ကရင်အမျိုး သားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့်ထောက်ပံ့ငွေများကို    ပေးအပ်လှူဒါန်းရာ  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
    ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့်မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ပူးပေါင်း၍   ပျော်ပွဲရွှင်ပွဲများ ဖြစ်ကြသည့် လက်မောင်းလှဲပြိုင်ပွဲ နှင့်လက်ဝှေ့ပြိုင်ပွဲများ၊ ကရင်တိုင်းရင်းသား၊တိုင်းရင်းသူများကကရင်ရိုးရာယဥ်ကျေးမှုအဆို၊အကများဖြင့်ဖျော်ဖြေတင်ဆက်ကြသည့်အပြင် ကရင်ရိုးရာအဝတ်အထည်များ၊ အစားစာများကိုပြသရောင်းချလျက်ရှိပြီး၊ ပွဲတော်လာပြည်သူများကဝယ်ယူအားပေးလျှက်ရှိ​ကြောင်း၊ရန်ကုန်တိုင်း ဒေသကြီးတွင် ကရင်လူမျိုးလူဦးရေမှာ လေးသိန်းကျော်ရှိကာ ကရင်လူမျိုးအများဆုံးနေထိုင်သည့် မှော်ဘီမြို့နယ်၊တိုက်ကြီးမြို့နယ်၊ထန်းတစ်ပင်မြို့နယ်နှင့်အင်းစိန်မြို့နယ် ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်မြို့နယ်တို့တွင်လည်း နှစ်သစ်ကူးပွဲတော် ကျင်းပရေးဦးစီးကော်မတီဖွဲ့စည်း၍ ကျင်းပဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သက်မှူး

 

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59132

© 2022 - 2025 News. All Rights Reserved.