Breaking

ကမ္ဘာ့အဆင့်မီ လေတပ်ကြီး

၂၀၂၅ ၊ ဒီဇင်ဘာ ၁၉


    ခုတလော ဒေသတွင်းနှစ်နိုင်ငံစစ်ပွဲက စောင့်ကြည့်စရာ ဖြစ်နေသည်။ နယ်စပ်ရေးရာ အငြင်းပွားမှုကြောင့် သူက စပစ်တယ်၊ ငါက စပစ်တာဆိုပြီး ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားတို့ စစ်ရေး ပြင်းထန်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည်။ ဒီလိုဆိုတော့ နှစ်နိုင်ငံစိတ်ကောက်ပြီး ရန်ဖြစ်ရာမှ အားကစားနဲ့ နိုင်ငံရေး မဆိုင်ဟုဆိုသော်လည်း ကမ္ဘောဒီးယားက သူ့နိုင်ငံက ကစားသမားတွေအကုန် ပြန်ခေါ်သွားလေသည်။ အာဆီယံရှိတာမှ ၁၀ နိုင်ငံ ဟိုအသင်းထွက်၊ ဒီအသင်းထွက်ဆိုတော့ ဆီးဂိမ်းပြိုင်ပွဲကြီးကလည်း ပြိုင်ဆိုင်မှု မပြင်းထန်တော့ပေ။ ဒီကြားထဲ အိမ်ရှင်နိုင်ငံက အိမ်နီးချင်းနဲ့ ရန်ဖြစ်နေတာဆိုတော့  ကျန်နိုင်ငံက ကစားသမားတွေခမျာ အလှူက ဖိတ်လို့ အလှူအိမ်သွားစားတာ အလှူရှင်လင်မယား ရန်ဖြစ်နေလို့ ဆက်ပဲစားရ မလို၊ ပြန်ရမလို ဖြစ်နေကြသည်။
    နှစ်နိုင်ငံ စစ်ရေးသတင်းတွေကလည်း ယခု ရက်သတ္တပတ်အတွင်း အာဆီယံနိုင်ငံ အသီးသီးက မီဒီယာစာမျက်နှာထက် ပလူပျံနေသည်။ စစ်ရေးစစ်ရာ ကျွမ်းကျင်သူတွေကလည်း နှစ်နိုင်ငံ စစ်ရေးအင်အားကို ချပြကြလေတော့ ခမာတို့ စစ်တပ်အင်အားက ထိုင်းထက် အားနည်းနေကြောင်း တွေ့ရသည်။ ဒါ့အပြင် ခမာစစ်တပ် ဖွဲ့စည်းပုံမှာ လေတပ်မရှိဘူးဆိုတော့ ထူးမြတ်တို့တောင် အံ့သြမိသေးသည်။ ထူးမြတ်တို့ တပ်မ တော်ဆိုရင် တပ်မတော်(လေ)ဆိုပြီး စနစ်တကျဖွဲ့ထားပြီး မျိုးဆက်အလိုက် တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ အစုံ အလင် ဖြစ်သည်။ ဒါကြောင့် မြန်မာ့တပ်မတော်က အဟန့်ရှိတာကြောင့် သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်သည်။ တိုင်းပြည်တစ်ပြည်၏ တပ်မတော်အင်အား တောင့်တင်းရန် လိုအပ်မှုက ယခုလို ကမ္ဘောဒီးယားနှင့်ထိုင်း တင်းမာမှုဖြစ်ရပ်က သက်သေပြနေသည်။ စစ်ပွဲသတင်း ရုပ်သံတွေမှာမြင်ရတော့ ခမာတွေအတွက် စိတ်မကောင်း ဖြစ်မိသည်။ နှစ်နိုင်ငံ နယ်စပ်က ကုန်းတွေပေါ်ကို ထိုင်းလေတပ်က ပစ်ချလိုက်ပုံများ ပုရွက်ဆိတ်အုံ ရေလောင်းသလို တဖွားဖွား ဖြစ်ကုန်ကြသည်။ ခမာစစ်သည်တွေ ထမင်းစားနေတုန်း လေယာဉ်သံကြားတော့ မျက်နှာငယ်လေးတွေနဲ့ ကောင်း ကင်မော့ကြည့်နေစဉ် ဂျိမ်းခနဲအသံကြီးဖြင့် တိုက်လေယာဉ်က ပစ်သွားလေတော့ စားလက်စတွေ ပစ်ချပြီး ပြေးရပြန်လေသည်။ ဟိုတောထဲက ကလေးတွေတောင် သတိရမိသေးသည်။
    ခေတ်မီစစ်ပွဲဆိုတော့လည်း အားသာရာ ဝေဟင်ဖြင့် ထိုင်းက ဆော်ပလော်တီးလေသည်။ ခမာတို့ လူးလိမ့်နေအောင် ခံလိုက်ရပြီး နယ်စပ်စစ်စခန်းတွေ ဖရိုဖရဲ ဖြစ်ကုန်တော့သည်။ ဒီတော့မှ နေရာတကာ ပါလေရာ ကိုရွှေဘီရုမာတို့ ခမာတွေမှာ ဘာလို့ လေတပ်မရှိတာလဲ၊ ထိုင်းက ဒါကိုအခွင့် ကောင်းယူပြီးချတာ၊ မခံနဲ့ ပြန်ချကွဆိုပြီး မဆီမဆိုင် အားပေးကြလေသည်။ အရင်ကဆိုရင် ဘီရုမာပြည်မှာ လေလည်မိရင်တောင် စိုးရိမ်ကြောင်း၊ အလွန်ပူပန်မိကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တတ်သည့် ငပွကြီးများ အဖွဲ့အစည်းတွေ ထိုင်းနှင့်ခမာစစ်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မတွေ့ရသလို တံခါးပိတ်၊ တံခါးဖွင့် အစည်းအဝေးတွေ လုပ်တာလည်း မတွေ့ရချေ။ ဒီလိုဆိုတော့ လူဆိုတဲ့ ထုံးစံအတိုင်း အားနည်းတဲ့ဘက်က ရပ်တည်ပေးတတ်သည်။ ခုလည်း အင်မတန် သနားတတ်သော ဘီရုမာမျိုးနွယ်ဝင်ဖြစ်သော မောင်ထူးမြတ်လေးတစ်ယောက် ခမာစစ် သားတွေကို သနားမိနေသည်။
    ဖခင်က စစ်ပွဲသွားမှာကို သိနေသော ခမာစစ်သည်တွေရဲ့ သားငယ်၊ သမီးငယ်လေးတွေ ဖက်တွယ်ထားသည့် မြင်ကွင်းများက စိတ်မကောင်းဖြစ်မိသေးသည်။ TikTok မှာလည်း ဗမာစကား မပီကလာပီကလာဖြင့် ကမ္ဘောဒီးယား နိုင်ငံသားတစ်ယောက်က အကူအညီတောင်းခံလာသည့် ရုပ်သံက တက်လာသည်။ ဒီလိုဆို ပြန်တော့လည်း အာဆီယံမိသားစုတစ်စုတည်း ညီအစ်ကိုချင်း ရန်ဖြစ်တာ ဝင်ဖျန်ဖြေရ မယ့်အစား ဟိုဘက်၊ ဒီဘက် ပါ၍မရသော ဘက်မလိုက်သော မူဝါဒက ရှိပြန်တော့ ဘီရုမာက ဝင်ပါမှာ မဟုတ်တာ သေချာသည်။ စိတ်အားငယ်နေသော ခမာပြည်သူတွေအတွက် စိတ်မကောင်းရုံကလွဲပြီး ပြောစရာစကားမရှိပေ။ တစ်ခုတော့ အကြံပေးလိုသည်။ အမေရိကားမှာရှိသော ကမ္ဘာ့အဆင့်မီလေ တပ်ကြီးကို ငှားလိုက်ရင်တော့ အနည်းနဲ့အများ အကျိုးရှိမည် ထင်သည်။ ထိုလေတပ်ကြီးတွင် ဒေါ်လာ သန်း ၂၀ တန် လေယာဉ်ပစ်ကြီးလည်း ရှိသည်။ ဒီအဖွဲ့ကို သွားငှားလိုက်ရင်တစ်ခါမှ မပစ်ရသေးသော လေယာဉ်ပစ်ကြီး ရောက်လာပြီး ခမာတို့ အခက်အခဲ ကူညီနိုင်မည်ထင်သည်။ ဒါတင်မကသေး ခမာစစ်သည်တွေ ဘေးရန်ကင်းဖို့ ခေတ်မီ AI စနစ်သုံး လေကြောင်းရန် ကာကွယ်ရေး လော်စပီကာကြီးတွေဖြင့် 'ဘန်ကောက်လေတပ်စခန်းမှ ပျံသန်းလာသော တိုက်လေယာဉ်ဟာ အနောက်မြောက်အရပ်သို့ ပျံသန်းလာနေပါတယ်' ဆိုပြီး အော်ဟစ်သတိပေးရင် အချိန်မီ ပြေးလို့ရသည်။ ထိုင်းလေတပ်က ပိုင်းလော့တွေ တိုက်လေယာဉ်ပေါ်က သီချင်းအကျယ်ကြီး ဖွင့်မထားဖို့တော့လိုသည်။
    ထိုလေတပ်ကြီးကို စစ်ကူခေါ်ရင် နိုင်ငံတကာကလည်း အာရုံစိုက်လာမည် ဖြစ်သည်။ ထိုလေတပ်ကြီးက တစ်ခုခုဆိုရင် အရေးယူပေးပါ၊ ပိတ် ဆို့ပေးပါ၊ ကန့်ကွက်ပေးပါဆိုပြီး နားပူနားဆာ လုပ်တတ်သည်။
    ဒါတင်မကသေး ထိုလေတပ်က အကြီးအကဲတွေက အပြောကောင်းလှသည်။ 'ခမာပြည်သူတွေ ညီရဲ့လာဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့'ဆိုပြီး ကြွေးကြော်လိုက်ရင် ခမာပြည်သူတွေ မခံချင်စိတ်တွေ ပေါက်ဖွားလာနိုင်သည်။ ဒါတင်မကသေး လေတပ်အကြီးအကဲတွေက အချိန်တိကျ သည်။ ခုနေများ အချိန်မီငှားလိုက်ရင် 'ယိုးဒယားတွေ ထွက်သွား ၂၀၂၅} ဆိုပြီး ကြွေးကြော်သံတွေနဲ့ ခမာပြည်သူတွေ ၁၅ ရက်လောက်ပဲ တောင့်ခံနိုင် တော့မှာဆိုပြီး အားပေးကြပေလိမ့်မည်။ နောက်ပြီး သူတို့ကတစ်ဆင့် UN တပ်ကြီးတွေကို ခေါ်သွင်းပေးနိုင်သည်။ UN စစ်သားတွေ ရောက်လာရင်သာ ခမာပြည်သူတွေ အော်ဟစ်နှုတ်ဆက်တာမျိုး၊ သပြေပန်းနဲ့ကြိုတာမျိုးတွေ မလုပ်ကြဖို့ တားမြစ်ထားစေလိုသည်။ နောက်ပြီး ခမာ ပြည်သူတွေ ပိုက်ဆံတော့ စုထားဖို့လိုသည်။ လေတပ်အကြီးအကဲတွေက အလှူခံရင် ကြည်ကြည်ဖြူဖြူ ထည့်ကြဖို့လိုသည်။ တော်ကြာ အလှူငွေမရရင် မင်းတို့ဘက်က မကူတော့ဘူးကွာဆိုပြီး စိတ်ကောက်သွားနိုင်သည်။
    ပြောက်ကျားယူနီဖောင်းကြီးတွေဝတ်ပြီး စစ်ရေးစစ်ရာမှာ အင်မတန်ကျွမ်းကျင်သော  လေတပ်အဖွဲ့ကြီးကို ငှားလိုက်ရုံဖြင့် နယ်စပ်ပြဿနာက မီးကိုရေနဲ့ ငြှိမ်းလိုက်သလို ချက်ချင်းငြိမ်းကျသွားမည်။ ခမာပြည်သူတွေ အိမ်မှာထိုင်နေပြီး ထိုင်းလေတပ်ကိုအလိုမရှိကြောင်း သံပုံးတွေ ထိုင်တီးနေရုံဖြင့် အခြေအနေ တည်ငြိမ်သွားနိုင်သည်။ နောက်ပြီး ထိုလေတပ်အကြီးအကဲတွေ ညွှန်ကြားသော သပိတ်ပေါင်းစုံကို သာသာယာယာ လိုက်လုပ်ရုံပင် ဖြစ်သည်။ တစ်ဖက်နိုင်ငံ၏ ရိုးရာစားသောက် ဖွယ်ရာကို ဆန့်ကျင်သော သင်္ဘောသီးမထောင်းသပိတ်တို့၊ ဖက်ခဖောင်မစားသ ပိတ်တို့၊ ယိုးဒယားပစ္စည်း ဘွိုင်းကောက်တို့ စတဲ့ ပေါ့ပေါ့ပါးပါး သပိတ်လေးတွေ  လိုက်လုပ်ပေးဖို့လည်း လိုသေးသည်။ ဒီလို သာသာယာယာလေးတွေ လိုက်လုပ်ဖို့ အဆင်ပြေတယ်ဆိုရင် ထိုလေတပ်ကြီးကိုငှားဖို့ အမြန်ဆုံး စီစဉ်သင့်သည်။ ငှားမယ်ဆိုရင်လည်း သူတို့အချိန် ရ၊ မရ အရင်မေးရမည်။သူတို့က တစ်ဖက်မှာ တော်လှန်ရေးတာ ဝန်ကြီးက ရှိနေသည်။ မလေးရှားနိုင်ငံ အကျယ်အဝန်းလောက် သိမ်းထားတာဆိုတော့ တော်လှန်ရေးက ပြီးတော့မှာလို့တော့ ခဏခဏပြောနေတာ ကြားဖူးသည်။ တော်လှန်ရေးပြီးလို့ အချိန်ရတယ်ဆိုရင်တော့ ခမာနိုင်ငံအတွက် စိတ်အေးရပြီလို့သာ မှတ်ယူစေလိုသည်။ ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59124

© 2022 - 2025 News. All Rights Reserved.