Breaking

တော်လှန်ရေးခေါင်းစဉ်အောက်မှာ ဆက်မိုက်နေကြဦးမှာလား

၂၀၂၅ ၊ ဒီဇင်ဘာ ၁၉

    တော်လှန်ရေးဆိုတာ အခြေအနေတစ်ခုကို မကြိုက်လို့ ကိုယ်လိုချင်တဲ့ အခြေအနေတစ်ခုကို ပြောင်းလဲရရှိစေလိုတဲ့အတွက် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တစ် ခုပဲဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ရရ ကိုယ်လိုချင်တဲ့ အခြေအနေကို ရောက်သွားဖို့သာ အဓိက မဟုတ်ပါလား။ နယ်ပယ်စုံမှာ ပြုပြင်ပြောင်းလဲဖို့ တော်လှန်ရေး သဘောတရားဆိုတာ ရှိပြီးသားပါ။ လူမှုရေးနယ်ပယ်၊ နိုင်ငံရေး နယ်ပယ်၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ် အစရှိသဖြင့် နယ်ပယ်အလိုက်မှာလည်း သူ့နည်းသူ့ဟန်နဲ့ တော်လှန်ရေးဆိုတာ ရှိကြပါတယ်။ ကမ္ဘာကြီးဟာအပြား ကြီးဆိုတဲ့အယူအဆကနေ အလုံးကြီးဖြစ်တယ်ဆိုတဲ့ အခြေအနေမှန်ကို လူတွေမြင်လာအောင် ဆောင်ရွက်ခဲ့ကြတာကလည်း တော်လှန်ရေးပါပဲ။ ဆိုလိုချင်တာက တော်လှန်ရေးဆိုတာ ကိုယ်လိုချင်တာ ရဖို့အတွက် သို့တည်းမဟုတ် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်ဖို့အတွက် ဆောင်ရွက်ရခြင်းသာ ဖြစ်တယ်။ 
    ထိုသို့ ပြောင်းလဲရေးအတွက် တော်လှန်ရေးလုပ်တဲ့အခါမှာ နိုင်ငံရေးစနစ် ပြောင်းလဲရေးနဲ့ အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရေးအတွက် တော်လှန်ရေးလုပ်တဲ့အခါ နိုင်ငံရေးနည်းလမ်း တော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးကို တစ်ခုစီဖြစ်ဖြစ်၊ ပူးတွဲဆောင်ရွက်တာဖြစ်ဖြစ် ဆောင်ရွက်ကြတာ တွေ့ရမှာဖြစ်ပါတယ်။  လူ့ဘောင်လောကရဲ့ ထူးမဆန်းတဲ့ အခြေအနေ တစ်ခုသာ ဖြစ်ပါတယ်။ သမိုင်းမတင်မီခေတ်က စခဲ့တဲ့ လူ့ဘောင်မှာ ခေတ်အလိုက် ခေတ်အလိုက် ပြောင်းလဲရေးအတွက် နည်းမျိုးစုံနဲ့ တော်လှန်ရေးလုပ်ခဲ့ကြတာ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အောင်မြင်တဲ့ တော်လှန် ရေးရှိသလို သားလျှောတဲ့ တော်လှန်ရေးတွေလည်း မနည်းလှပါဘူး။ 
    အောင်မြင်တဲ့တော်လှန်ရေးတစ်ခုအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ အဲ့ဒီခေါင်းဆောင် ကောင်းနောက်ကိုလိုက်တဲ့ အရည်အချင်းပြည့်ဝတဲ့ ထိပ်တန်းခေါင်းဆောင်တွေ၊ နောက်လိုက်ကောင်းတွေ လိုပါတယ်။ ဒီလို လူအင်အားပြည့်စုံရင်တောင်မှ အခြေအနေအချိန်အခါအရ ရှုံးနိမ့်ရတဲ့တော်လှန်ရေးတွေလည်း ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ တော်လှန်ရေးကြောင့်လို့ ဆိုနိုင်ပေမယ့် အခြေအနေအချိန်အခါက ပေးတာက ရာခိုင်နှုန်းပိုများတယ်လို့ ဆိုရပါလိမ့်မယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက် လိုက်ကောင်းတွေ ရှိသလို အခြေအနေက ပို့ပေးလို့ဆိုတာကိုလည်း နိုင်ငံရေး သမိုင်းလေ့လာသူတွေ ပိုမြင်ကြပါတယ်။ အဲဒီအခြေအနေကို မှန်ကန်စွာမတွက်ဆဘဲ ရလာတဲ့အခွင့်အရေးကို လိုတာထက်ပို အသုံးချခဲ့ကြတဲ့အတွက် မိမိတို့နိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ် ကြီးထွားလာခဲ့တာပဲ ဖြစ်ပါတယ်။ 
    မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေး အစဟာ ကွန်မြူနစ်ပါတီကပါ။ လွတ်လပ်ရေးမရခင် ကွန်မြူနစ်ပါတီအကွဲမှာ ကွန်မြူနစ်ပါတီ(ဗမာပြည်)ဆိုတဲ့ အလံနီက လက်နက်ကိုင်လမ်းစဉ်ကို စခဲ့ပေမယ့် အင်အားကြီးမားခဲ့တာက သခင်သန်းထွန်းခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ပါ။ ဒီနေရာမှာ ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သခင်စိုး၊ သခင်သန်းထွန်း၊ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းစတဲ့ သူတို့တွေဟာ လွတ်လပ်ရေးရဖို့ အတူပေါင်းလုပ်ခဲ့ကြတဲ့ မြန်မာ့တော်လှန်ရေး ခေါင်းဆောင်တွေပါ။ သူတို့အချင်းချင်း အယူအဆမတူတာနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေး ချယ်သင့်ကြ ပါသလား။ အာဏာမရတာနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သင့်ကြပါသလား။ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးလို့ရပါလျက်နဲ့ လက်နက်ကိုင်တော်လှန်ရေးကိုရွေးခဲ့ကြတဲ့အတွက် လူမျိုးရေးနဲ့ ပုဂ္ဂိုလ်ရေးအာဏာ လိုလားကြတဲ့ တိုင်းရင်းသားနိုင်ငံရေးသမား၊ အုပ်ချုပ်ရေးသမားတွေဆီ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် ကူးစက်ခဲ့တယ်လို့ မြင်ပါတယ်။ အကျေအလည် ဆွေးနွေးညှိနှိုင်းတဲ့လမ်းကိုသာ ရွေးချယ်ခဲ့ကြ မယ်ဆိုရင် အခုလို အခြေအနေအထိ ရောက်လာလိမ့်မယ်မထင်ပါ။ 
    ဒီနေရာမှာ သမိုင်းကိုပြန်ကြည့်ရင် ဗကပတွေအနေနဲ့ ညှိနှိုင်းဆွေးနွေးရေးထက် အပြုတ်တိုက်ရေး လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ KNU ၊ KIA နဲ့ အခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေအနေနဲ့လည်း ပေါင်းစည်းရေးထက် သီးခြားလွတ်လပ်တဲ့ နယ်မြေရရှိရေးကိုသာ ဦးတည်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုကြည့်ရင် လက်နက်ကိုင်တော်လှန်ရေး စကတည်းကကို ပေါင်းစည်းရေးထက် ခွဲထွက်ရေးကိုသာ အဓိက ဖြစ်နေခဲ့ကြတာ သူတို့ရဲ့ ကြေညာစာတမ်းတွေ၊ ပြောဆိုချက်တွေကိုကြည့်ရင် သိသာပါတယ်။ နောက်ပိုင်းမှသာ နိုင်ငံရေးအရ သမိုင်းတရားခံ မဖြစ်ချင်ကြတာနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်တွေ၊ ဘာတွေ ဖြစ်လာခဲ့ကြတာပါ။ အခုချိန်မှာလည်း ဖက်ဒရယ် ဖက်ဒရယ် သာပြောနေကြတာ အမှန်တကယ်လုပ်နေကြတာက အနိမ့် ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်းပါ။ KIA ဆိုရင် ခုချိန်ထိ ကချင်ဂျိမ်းဖောကြီးစိုးရေးကိုသာ ဦးတည်နေတာ တွေ့ ရမှာဖြစ်ပါတယ်။ 
    မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ၊ အုပ်ချုပ်ရေးအပြောင်းအလဲတွေ လိုလားတဲ့အခါ ဘယ်လို ညင်သာစွာပြောင်းလဲဖို့ ကြိုးစားကြမလဲဆိုတာထက် အပြုတ်တိုက်ရေးကိုသာ အဓိကထားကြတာ တွေ့ရမှာဖြစ်ပါတယ်။ စတင်အခြေတည်ခဲ့တဲ့ ဗကပရဲ့ စရိုက်ကူးစက်ခဲ့တာလို့ ဆိုရမလားမသိ။ ဒီအခြေအနေတွေကို ဘယ်မှာတွေ့နိုင်သလဲဆိုရင် ၁၉၆၂ ခုနှစ် 7 July အရေးအခင်း၊ ၁၉၇၅ ခုနှစ်ဦးသန့်အရေးအခင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းနဲ့ ၂၀၂၁ ခုနှစ် မဲမသမာမှုပြဿနာ အရေးအခင်းများမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၇၅ ခုနှစ်အရေးအခင်းတွေမှာ ဗကပရဲ့ မြို့ပေါ်နိုင်ငံရေးတိုက်ပွဲကတစ်ဆင့် အပြုတ်တိုက်ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်တဲ့အခါ မြို့ပေါ်က ဗကပနဲ့ဆက်နွှယ်နေတဲ့ လက်ဝဲကျောင်းသားလူငယ် တွေအနေနဲ့ ဗကပဆီ ပြေးခဲ့ကြရတာကို တွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးမှာ ထင်သလို အစိုးရအပြောင်းအလဲမဖြစ်တဲ့အခါ သွေးထိုးခြောက် လှန့်မှုတွေအရ ကျောင်းသားတွေ၊ လူငယ်တွေ မြို့ပေါ်က ထွက်ပြေးသွားကြရပါတယ်။ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အသီးသီးဆီကို ရောက်ရှိသွားကြပြီးနောက်မှာတော့ ABSDF ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပေါ်လာ ခဲ့တာပဲ ဖြစ်ပါတယ်။ 
    ဒီလက်နက်ကိုင်တော်လှန်ရေးတွေဟာ နှစ်သာကြာလာတယ် အောင်မြင်မှုမရခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့် မရနိုင်တာလဲဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အခြေအနေခြင်းမတူကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ အခြေခံအကြောင်းရင်းက ဝါဒရေးထက် လူမျိုးရေးစွဲနဲ့ ပုဂ္ဂိုလ်ရေးအာဏာ၊ ငွေကြေးတပ်မက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအကျိုးကို လိုလားပြီး ပြည်ထောင်စုအတွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်၊ ရသင့်ရထိုက်တဲ့ အခြေအနေကို နားလည်လက်ခံကြရင် လက်နက်ကိုင်တော်လှန်ရေးဆိုတာ ချုပ်ငြိမ်းတာ ကြာလှပြီဖြစ်ပါတယ်။ အဓိကကတော့ ပြည်ထောင်စု စိတ်ဓာတ် မရှိကြလို့ဘဲ ဖြစ်ပါတယ်။ 
    ဗကပရဲ့ မအောင်မြင်ရတဲ့အကြောင်းရင်းက ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ မကိုက်ညီတဲ့စနစ်ကို အသေစွဲကိုင်ထားလို့ပဲ ဖြစ်ပါတယ်။ သူ မအောင်မြင်ခဲ့ပေမယ့်လည်း သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အကျင့်စရိုက်တွေဟာ အခုထက်ထိ ကျန်နေသေးတာကို တွေ့ရပါလိမ့်မယ်။ အထူး သဖြင့် လူငယ်သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ၊ တချို့နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကိုကြည့်ရင် ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှုကတစ်ဆင့် လက်နက်ကိုင်လမ်းစဉ်နောက် ကို လိုက်တတ်တဲ့အကျင့် စွဲနေတာက အထင်ရှားဆုံး ဖြစ်ပါတယ်။ ၁၉၈၈ အရေးအခင်းမှာ နိုင်ငံရေးလှုပ်ရှားမှု ထင်သလိုမဖြစ်တဲ့အခါ သွေးထိုးခြောက်လှန့်ခြင်း နည်းလမ်းနဲ့ လူငယ်တွေကို လက်နက်ကိုင်လမ်း ကြောင်းပေါ် တွန်းပို့ခဲ့ကြသလို ၂၀၂၁ ခုနှစ်မှာလည်း  အနာရှာခြင်း၊ မုန်းတီးစေခြင်း နည်းလမ်းတွေနဲ့ စစ်အာဏာရှင်စနစ်ဆိုတဲ့စကားကို တွင် တွင်သုံးပြီး လူငယ်တွေကို လက်နက်ကိုင်လမ်းစဉ်ထဲ သွတ်သွင်း ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 
    ဒီမှားယွင်းတဲ့ လုပ်ရပ်တွေအပေါ်မှာ အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြန်လည်လှုပ်ရှားလာကြတာဟာ နဂိုကတည်းက သူတို့လို ချင်တဲ့အခြေအနေကို ရယူလိုလို့ပဲဖြစ်ပါတယ်။ ဒါကို မြင်တတ်ဖို့လိုပါတယ်။ နဂိုကတည်းက NLD တစ်ဖြစ်လဲ NUG ကို ထောက်ခံခဲ့ကြတာ မဟုတ်ဘူး။ ဒီအခြေအနေအမှန်ကို မြင်မှသာ မှန်ကန်တဲ့ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားအကျိုးကို ဖန်တီးနိုင် မှာပဲ ဖြစ်ပါတယ်။ ဒါကို NUG က မမြင်ပါဘူး။ ဒူဝါလရှီးလရဲ့ မိန့်ခွန်းဟာ NUG ကို ထင်ဟပ်စေတဲ့အတွက် NUG လို့ခေါင်းစဉ်တပ်လိုက်ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သူတို့ NUG နဲ့ မပေါင်းတာ သမိုင်းဆိုင်ရာအငြှိုးနဲ့ လူမျိုးရေးအမုန်းအာဃာတတွေကြောင့်လို့ ဆိုထားပါတယ်။ ဒီလိုဖြစ်ရတာကလည်း နှစ် ၆၀ ပြည်တွင်းစစ်နဲ့ ခေတ်အဆက်ဆက်က အာဏာရှင်အစိုးရတွေဟာ လူမျိုးရေးသွေးခွဲအုပ်ချုပ်မှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုပျက်ပြားအောင် လုပ်ခဲ့လို့ ဖြစ်တာလို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် သူတို့ NUG မအောင်မြင်တာ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံ တွေရဲ့ ပယောဂကြောင့်လို့လည်း အကြောင်းပြထားတာတွေ့ရပါတယ်။ 
    သူ့အပြောကိုကြည့်ရတာ သူတို့လုပ်ရပ်ကမှန်နေပေမယ့် တပ်မတော်က သွေးခွဲခဲ့လို့၊ တရုတ်က တပ်မတော်နဲ့ လက်ရှိအစိုးရဘက်ကပါတဲ့အတွက် မအောင်မြင်တာလို့ ဆိုချင်ပုံရပါတယ်။ ဒီလိုအပြော၊ ဒီလိုအမြင် ရှိတဲ့အဖွဲ့အစည်း၊ ဒီလိုအမြင်ရှိတဲ့သူတွေဟာ ပြည်ထောင်စုရဲ့ခေါင်းဆောင် ဘယ်တော့မှ ဖြစ်မလာနိုင်သလို ဦးဆောင်တဲ့အဖွဲ့အစည်းလည်း ဖြစ်လာမှာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အခြေအနေမှန်နဲ့ သမိုင်းကို တကယ်အမှန် မမြင်တာလား၊ သိသိကြီးနဲ့ တပ်မတော်သိက္ခာကျအောင်၊ ပြည်သူတွေမုန်းအောင် ပြောတာလားဆိုတာကတော့ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သိသိကြီးနဲ့ ပြောတာဆိုရင်တော့ မဖြစ်သင့်တဲ့ စရိုက်လို့ ဆိုရမှာပါ။ ခေတ်အဆက် ဆက်မီခဲ့တဲ့ လူကြီးပိုင်းတွေအနေနဲ့ အခြေအနေမှန်ကို သိကြပါတယ်။ ခေတ်လူငယ်တွေကတော့ လေ့လာအားကောင်းတဲ့သူတွေသာ အမှန်မြင်နိုင်ပေမယ့် အနည်းစုသာ ဖြစ်ပါလိမ့်မယ်။ 
    တိုင်းရင်းသားအရေးကိစ္စ ပြောမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ သာမန်တိုင်းရင်းသားပြည်သူကို ခွဲပြောမှသာ ပြည့်စုံပါလိမ့်မယ်။ တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့အတွင်းမှာပင် ပြည်ထောင်စုအမြင်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တန်ဖိုးထားကြသူတွေ ရှိကြပါတယ်။ ထို့အတူ သာမန်တိုင်းရင်း သားတွေထဲမှာလည်း လူမျိုးစွဲကြီးသူတွေ ရှိကြပါတယ်။ ဒီလိုသဘာ၀ ရှိတတ်ကြပေမယ့် ပြည်ထောင်စု ပြိုကွဲရေး၊ တိုင်း ရင်းသားစည်း လုံးညီညွတ်မှု ပြိုကွဲရေးအတွက် သွေးမထိုးသင့်ပါဘူး။ သာမန်အားဖြင့် တိုင်းရင်းသားအချင်းချင်းကြားမှာ အမုန်းတရား အာဃာတဆိုတာ အတော်နည်းပါတယ်။ အမုန်းတရားနဲ့ အာဃာတရှိကြသူတွေက တော်လှန်ရေးအကြောင်းပြ လက်နက်ကိုင်ထားကြတဲ့ အဖွဲ့တွေရဲ့ ခေါင်း ဆောင်ပိုင်းတွေကသာ ပိုများပါလိမ့်မယ်။   
    ခေတ်ဆက်ဆက်က အာဏာရှင်ခေါင်းဆောင်တွေက လူမျိုးရေးသွေးခွဲအုပ်ချုပ်မှု လုပ်ခဲ့ကြတယ် ဆိုတာဘယ်အချက်ကို အခြေခံပြီးပြောတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ တစ်ဦးချင်း နိုင်ငံသား အခွင့်အရေးက နိုင်ငံသားအားလုံး အကုန်တန်းတူပါ။ တိုင်းရင်းသားဆိုရင် နိုင်ငံသားအခွင့်အရေးထက်ပိုတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်ခေတ်က ဥပဒေအမျိုးမျိုး ထုတ်ပြန်၊ အခွင့်အရေး အမျိုးမျိုးခွဲခြားပြီး အုပ်ချုပ်ခဲ့တာနဲ့ လွတ်လပ်ရေးရပြီးနောက် အခုချိန်ထိ ဥပဒေတစ်ခုတည်း အပေါ်မှာ အခြေခံအုပ်ချုပ်ခဲ့ကြတာ ဘယ်ဟာက သွေးခွဲအုပ်ချုပ်ခဲ့တာလို့ ဆိုနိုင်ပါသလဲ။ ဒူဝါလရှီးလပြောပုံက လက်ရှိသူတို့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ယုံကြည်မှုမရှိလို့၊ အထင်မကြီးမလေး စားလို့ သူတို့နောက်မလိုက်ကြတာကို မှန်ကန်စွာ ဆန်းစစ်မှုမပြုဘဲ တပ်မတော်နဲ့ ခေတ်အဆက်ဆက်က ခေါင်းဆောင်တွေကို ပုံချနေခြင်းသာ ဖြစ်ပါတယ်။ 
    ဒီနေရာမှာ ဒူဝါလရှီးလရဲ့ မိန့်ခွန်းနဲ့ NUG ရဲ့ ပြောင်းလဲဖွဲ့စည်းမှုနဲ့ပတ်သက်လို့ လေးစားထောက် ခံတဲ့နိုင်ငံတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးတွေ ဘယ်အဖွဲ့တွေက ထောက်ခံကြသလဲဆိုတာ နည်းနည်းလောက် ဆန်းစစ်ကြည့်။ လောက် လောက်လားလား လေးစားထောက်ခံကြတာ တစ်ခုမှမတွေ့ရဘူး။ မထောက်ခံကြတဲ့အပြင် ပြစ်တင်ဝေဖန်ကြတဲ့သူတွေ ပိုများနေကြတာတွေ့ရပါလိမ့်မယ်။ ဒါဟာ ဘာကို ညွှန်းဆိုနေတာလဲဆိုရင် NUG ရဲ့ နွေဦးတော်လှန်ရေးဟာ မကြာခင်မှာ သားလျှောတော့မယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ သားလျှော တာကအရေးမကြီးဘူး။ သားမလျှောခင်မှာ အခုပြောဆို ပြုပြင်ပြောင်းလဲမှုတွေအရ သူတို့လုပ်နေတဲ့လုပ်ရပ်နဲ့ အာဃာတတွေ၊ ငွေကြေးနဲ့အာဏာယစ်မူးမှုတွေကြောင့် လူငယ်တွေရဲ့  အသက်၊ သွေး၊ ချွေးနဲ့ ဘဝတွေအများကြီး ထပ်မံပေးဆပ်ရဦးမယ်ဆိုတာက ပိုအရေးကြီးပါတယ်။ KNU/ KNDO လို ရန်ကုန်ကိုသိမ်းနိုင်မယ့် အခြေအနေ ထိဖြစ်ခဲ့ပြီးမှ မအောင်မြင်ဘဲ အခုလိုနှစ်ပေါင်း ၇၀ကျော် ကြာအခြေ အနေမျိုးထိ ဖြစ်လာမှာမျိုးကို အစိုးရနဲ့ တပ်မတော်က အဖြစ်ခံမှာမဟုတ်တဲ့အတွက် မြင်ယောင်နေမိတယ်လို့ ဆိုလိုတာပါ။ 
    ဒီနေရာမှာ တိုင်းရင်းသားပြည်သူလူထုကို မေးလိုတာက ဘာကို လိုချင်ကြတာလဲဆိုတာပဲ ဖြစ်ပါ တယ်။ ကျွန်တော်နားလည်သလောက်ပြောရရင် ပြည်သူတွေ လိုချင်ကြတာက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်ပါလိမ့်မယ်။ ဒီလမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ဆုံးရှုံးမှုကြီးမားတဲ့ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ မလိုပါဘူး။ လက်ရှိနိုင်ငံတော်နဲ့တပ်မတော် အကြီးအကဲ ကိုယ်တိုင်ကလည်း ဒီလမ်းကြောင်းပေါ်ရောက်ဖို့ ကတိပေး ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။  တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရမှာဖြစ်တဲ့အတွက် ပထမအဆင့် အရေးအကြီးဆုံးက လက်ရှိရွေးကောက်ပွဲ အောင်မြင်ရေးပါ။ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ မြန်မာ နိုင်ငံရဲ့ ကောင်းကျိုးကို မလိုလားတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့စကားကို နားမယောင်ဖို့လိုပါတယ်။ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းနဲ့ လိုချင်တဲ့အခြေအနေတစ်ခုကို ရောက်အောင် သွားတာဟာလည်း တော်လှန်ရေးပါပဲ။ သွေးစွန်းတဲ့တော်လှန်ရေးနဲ့ ငြိမ်းချမ်းစွာသွားမယ့်တော်လှန်ရေး ဘယ်ဟာက ပိုကောင်းမလဲဆိုတာ အသိသာကြီးပါ။ မှန်ကန်စွာ ရွေးချယ်ကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် ပြည်သူတွေနဲ့ လူငယ်တွေ အရွေးမမှားကြဖို့ လိုပါလိမ့်မယ်။ 
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59124

© 2022 - 2025 News. All Rights Reserved.