Breaking

ကျရှုံးနေသည့်တော်လှန်ရေးမှ ကိုယ်ကျိုးရှာ စွန့်ခွာနေသော NUG ဘက်တော်သားများ

၂၀၂၅ ၊ ဒီဇင်ဘာ ၂၀

ပုံစံပြောင်းသွားသူ
    သူတို့အဖွဲ့ အခုတော့ အပြောခံနေရလေသည်။ သူတို့ပြောဆိုခဲ့သည့် စကားများနှင့် လုပ်ပုံကိုင်ပုံများကြောင့် အပြောခံရသည်မှာ နည်းသည်ဟူ၍ မှတ်ချက် ပြုသူကပြုကြသည်။ ကျန်သည့်စကား နိုင်ငံရေးစကားကို မဆိုနှင့်ကိုယ့်ကိုယ်ကိုယ် ကတိပေးထားသည့်စကားကိုပင် မတည်သောကြောင့်လည်း အပြောခံရသည်မှာ နည်းသည်ဟု ပြောကြသူကလည်း ပြောကြသည်။ အစကတော့ မိုးကောင်းကင် ဒူးနှင့်တိုက်မည်၊ ပင်လယ်ပြင် မီးနှင့်ရှို့မည်ဟု ကြွေးကြော်ပြီး လက်တွေ့တွင် အရက်နှစ် ပက်ဖိုးလောက် စွန့်ကြဲခဲ့ပါဦးဟု ပြောနေသည့် အမူးသမားတစ်ယောက်ကဲ့သို့လည်း ဖြစ်နေသည်။ ကြီးကြီးကျယ်ကျယ် လက်သီးလက်မောင်းတန်း၍ ပြောခဲ့သမျှ ယခုတော့ မျက်နှာငယ်လေးနှင့် ပြောနေလေသည်။ ထိုသူက Sniper Ranger Force (local PDF) တပ်ဖွဲ့ခေါင်းဆောင် ဆိုသူဖြစ်သည်။ သိပ်ပြီး ကြီးကျယ်ထင်ရှားသည့် အဖွဲ့ လည်း မဟုတ်သော်လည်း အမှတ် (၁) စစ်ဒေသမုံရွာ ခရိုင်ကဟု ဆိုသောကြောင့် ကိုယ့်ဝန်းကျင်က ဖြစ်၍ သူတို့အဖွဲ့၏ တင်ဆက်မှုတိုင်းကို သတိထားစောင့် ကြည့်မိဖြစ်သည်။ ကြီးကျယ်ထင်ရှားသည့် အဖွဲ့မဟုတ်ဟု ဆိုသည့်အတိုင်း ဟိုဟာလေးလိုချင်၍ အလှူခံလည်းမရ၊ သည်ဟာလေးလိုချင် ၍လည်း အလှူခံ မရနှင့် သူတို့ဘဝကိုကြည့်ပြီး  အကြည်ဓာတ်ပင် ပျက်ရ၏။ လွန်ခဲ့သည့်နှစ်ကလည်း လုံခြုံရေးဂိတ်များကို တိုက်ခိုက်ရန် သေနတ်တစ်လက်ဝယ်လို၍ ကျပ်သိန်းတစ်ရာကျော် အလှူခံရာ သုံး၊ လေးလသာ ကြာသွား သည်။ သူတို့လည်း ရှက်၍ထင်ပါသည်။ အလှူခံငွေမရသည့်အဆုံး မသိချင်ယောင်ဆောင်သွားလေသည်။ ထိုအကြောင်းနှင့် ဆက်စပ်၍ ဘာမျှပြောသည့်အသံကို မကြားရတော့ပေ။ သူတို့က ထိုမျှစွမ်းသည်ဟု ဆိုရမလိုဖြစ်နေလေသည်။ ထိုအဖွဲ့၏ခေါင်းဆောင် ဆလိုင်းဆိုသူက တော်လှန်ရေး ခေတ်ဦးတွင် ပြောခဲ့သည့် စကားတစ်ခွန်းရှိခဲ့သည်။တော်လှန်ရေးနိုင်ပြီး အရေးတော်ပုံအောင်မှ သူ၏ဆံပင်ကို ဖြတ်မည်ဟု သူ့ဖန်များကို ကြွေးကြော်ကာကြွယ် ထား၏။ ဆံပင်မညှပ်ဘဲထားသည့် သူ၏ခေါင်းကို တဘက်ဖြင့် ခေါင်းပေါင်းထားပြီး ခေါင်းပေါင်းကြီး တကားကားနှင့် တော်လှန်ရေးအကြောင်း၊ အရေးတော်ပုံအကြောင်း အလှူခံလေ့ ရှိလေသည်။ ယခုတော့ မည်သို့မည်ပုံ ဖြစ်သွားသည်မသိ။ ခေါင်းတုံးပြောင်ပြောင်နှင့် တော် လှန်ရေးတပ်သားသစ်များ ခေါ်နေလေသည်။ တော်လှန်ရေး မပြီးမချင်း၊ အရေးတော်ပုံမအောင်မချင်း ဆံပင်မညှပ်၊ ခေါင်းတုံးမရိတ်ဟု ကြွေးကြော်ပြီး သူပြောသည့်စကားကိုပင် မသိချင်ယောင်ဆောင်ကာ နေနေ လေတော့သည်။ သို့မို့ကြောင့် အထက်တွင်ဆိုခဲ့သည့်အတိုင်း အရက်သမား၏ စကားလောက်မျှ မတည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ 
    ယခု သူ၏ တပ်သားသစ်များခေါ်ယူချိန်တွင် သူ၏ဖန်၊ သူ၏ပရိသတ်များ တုံ့ပြန်ပုံက စိတ်ဝင်စား ဖို့ ကောင်းလှသည်။ 'မုန့်ဝေတုန်းက မရဘဲ၊ တုတ်ဝေတဲ့ အလှည့်ကျမှ မလာတော့ဘူး'ဟူ၍ တုံ့ပြန်ခံနေရကြောင်း သူကိုယ်တိုင် ရင်ဖွင့်နေလေသည်။ ထိုသို့ တုံ့ပြန်မှုများအပေါ်သူက "ကျွန်တော်တို့က ဘယ်တော့မှ မုန့်အဝေခံရတဲ့အဖွဲ့ မဟုတ်ပါဘူး၊ တုတ်ပဲအဝေခံခဲ့ရတာပါ"ဟူ၍ ပြန်လည်ချေပလေသည်။ သူ့ချေ ပချက်ကို ကြားကြကုန်သော သူ၏ နောက်လိုက်နောက်ပါ ပရိသတ်များက တာ့တာပြကာ အားလုံးတော်သေးပြီ ဖြစ်ကုန်ကြ၏။ သူတို့ အချင်းချင်း စည်းရုံးပုံ၊ မဲဆွယ်ပုံများကိုကြည့်ပြီး သည်ကောင် Marketing တယ်လည်း ကောင်းလှသကိုး၊ ဒေဝါလီခံချင်သည့် ကုမ္ပဏီရှိပါက ထိုသူကို Marketing ခန့်သင့်သည်ဟုပင် စေတနာရှေ့ထားပြီး အခမဲ့ကြော်ငြာ ဝင်ပေးလိုက်ချင်ပါသည်။

သွေးပျက်နေသည့် NUG နှင့် သူတို့ခေါင်းဆောင် ပျောက်ဆုံးနေမှု
    NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် NUG ပြည်ထဲရေးနှင့် လဝက အမြဲတမ်းအတွင်းဝန် ဦးကွန်မင်း ပျောက်ဆုံးနေပြီး NUG အဖွဲ့သွေးပျက်ကာ တုန်လှုပ်နေသည်ဟု သူတို့နှင့်ဆက်စပ်သည့် သတင်းဌာနများကိုယ်တိုင် ဖွင့်ချလာခဲ့လေသည်။ သည်အကြောင်းအရာကို တော်လှန်ရေးနှင့် ဆက်စပ်သည့် သတင်းဌာနများက ပြောမှသိရပြီး ထို ဦးကွန်မင်းဆိုသည်မှာ NUG ၏ အရေးပါသူ ဆိုသည်ကိုလည်း သူတို့ပြောမှ သိရှိလာရခြင်းဖြစ်သည်။ ထို ဦးကွန်မင်းပျောက် ဆုံးနေခြင်းနှင့် ပတ်သက်၍လည်း NUG ဘက်က အရေးပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်နေပြီး လုံခြုံရေးစိုးရိမ်ရ သည့် အခြေအနေအဖြစ် တပ်လှန့်ထားသည်ဟု NUG တို့ သူတို့ သွေးပျက်နေကြောင်း ဖွင့်ဟဝန်ခံနေလေသည်။ ဦးကွန်မင်းသာ အမှန်တကယ် အဖမ်းခံရသည် ဆိုပါက NUG အတွက် အထိနာမည့် အခြေအနေဖြစ်ကြောင်းနှင့် လွင်ကိုလတ်၏ ညာလက်ရုံးဖြစ်ကြောင်း ဖွင့်ချလာလေသည်။ သူတို့ ဖွင့်ချသည့်အထဲတွင် "ဦးကွန်မင်းဆီက ပေါက်ကြားလာတဲ့ သတင်းတွေနဲ့ အခု MoHAI (NUG ပြည်ထဲရေး) အောက်က ပကဖ တည်နေရာတွေကို ဗုံးကြဲမှုတွေ လုပ်နေတယ်ကြားတယ်"ဟု အသံကြား တရားနာနေကြလေသည်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ဦးကွန်မန်း၏ သတင်းအစအနက ပျောက်ဆုံးနေပြီး NUG က မအောင်မြင်သည့် တော်လှန်ရေးတွင် ကြောက်ရွံ့နေကြောင်း အစဆွဲထုတ်လာသည်ဟု သုံးသပ်သူများ လည်းရှိနေသည်။ ထိုသုံးသပ်နေသူများက မအောင်မြင်သည့် တော်လှန်ရေးအတွက် လက်ညှိုးထိုးပြစရာ တစ်စုံ တစ်ခုကိုရှာဖွေရင် ဦးကွန်မန်းက အသုံးချသွားခြင်းဟုလည်း ထင်မြင်ချက်အချို့ ရှိနေသည်။ တော်လှန်ရေး ကြာလာသည်နှင့်အမျှ မျှော်လင့်ချက်လည်း နည်းပါးနေသည်ကို NUG လူကြီးပိုင်းထဲက ပိုမို၍ သိရှိကြ သည်။
    ထို့အပြင် မကြာခင်ကျင်းပမည့် ရွေးကောက် ပွဲပြီးစီးပါက NUG သည် သူ့အလိုလို မြောင်းထဲသို့ မည်သူမျှမပို့ဘဲ ရောက်သွားမည်ဆိုသည်ကိုလည်း NUG ဖန်များနှင့် PDF တို့ကသာ မသိသော်လည်း NUG ခေါင်း ဆောင်များက သိရှိကြသည်။ ထိုအခြေအနေအတွက် NUG ခေါင်းဆောင်ပိုင်းထိပ်သီးထဲက သူတို့ထွက်ပေါက်ကို သူတို့ရှာဖွေနေကြသည်ဟု သုံးသပ်နေသူများလည်း ရှိနေသည်။ ထိုကဲ့သို့ထွက်ပေါက်အတွက် အကောင်းဆုံး ထွက်ပေါက်သည် သူတို့အချင်းချင်း ချနင်းရုံကလွဲလျှင် အခြားသော ထွက်ပေါက်မရှိပေ။ ယခုလည်း သူတို့အချင်းချင်းထဲကမှ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဘုန်းရိပ်ကံရိပ်အောက် ခိုလှုံရန် သူ့ထက်ငါ အလုအယက် လုပ်နေကြမည်ကို မည်သူက သိနိုင်ပါမည်နည်း။ နိုင်ငံရေးဆိုသည်မှာ ဤကဲ့သို့ ရှိတတ်ပါ၏ဟူ၍ NUG ထိပ်ပိုင်းကလူများ ထိုကဲ့သို့ပြု လုပ်လာပါက မအံ့သြ စေရန် ကြိုတင်၍ ပြောထားပါရစေဟု စေတနာရှေ့ထားကာ ပြောကြားရခြင်းဖြစ်ပါသည်။

တော်လှန်ရေးခွာစစ် ဗျူဟာကျကျ ဆုတ်ခွာနေကြသူများ
    "ယခုလုပ်ဆောင်တဲ့အရာလေးက တော်လှန်ရေးရဲ့ နောက်ဆုံးလုပ်ဆောင်တဲ့အရာလေးမို့ ဒီ Movie လေးကို အဆုံးထိကြည့်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု ကလေးမြို့မှ ရဲဘော်တစ်ယောက်က တော်လှန်ရေးကို စွန့်ခွာတော့မည်အကြောင်းကို ပြောလာလေသည်။ ထိုရဲဘော်သည် တော်လှန်ရေးတစ်လျှောက် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သည်ဟုပြောပြီး အစဉ်အမြဲ အလှူခံလေ့ရှိသည်။ သူ၏ Movie များကို ကြည့်လျှင် များသောအားဖြင့် အလှူခံနေသည်ကသာများ၏။ ထိုကဲ့သို့ အလှူခံနေသည့် ရဲဘော်တစ်ယောက်က တော်လှန်ရေးကို နောက်ဆုံးပြောခြင်းဖြစ်ပြီး စွန့်ခွာတော့မည်ဟု ဆိုလာလေသည်။ သူတို့အကြောင်း သူတို့သာ ဂဃနဏ သိမည်ဖြစ်ပြီး လူမှုကွန်ရက်က သာသာယာယာ အလှူခံစားနေရသည့် ဘဝကို စွန့်လွှတ်သည်ဆိုသည်မှာ သာမညောင်ညမဟုတ်ဟု သတိထားမိသည်။
    တော်လှန်ရေးအခြေအနေ မကောင်းတော့သည်ကို သိလာသူတို့က ထိုရဲဘော်ကဲ့သို့ခွာစစ်ကို တစ်နည်းမဟုတ်တစ်နည်း ပြင်ဆင်ကုန်ကြလေသည်။ ထိုကလေးမြို့က ရဲဘော်သည်လည်း တော်လှန်ရေး တစ်လျှောက်လုံး အလှူခံလာခဲ့ရာမှ တော်လှန်ရေးကို စွန့်လွှတ်မည်ဟု ပြောသည့်အချိန်အထိ ရဲရဲ တောက်စကား တစ်ခွန်းပြောသွားလေသည်။ "ကျွန်တော့်ရဲ့ တော်လှန်ရေးနောက်ဆုံးဖြစ်မယ့် ဒီ Movie လေးကိုကျော်မသွားပါနဲ့။ အခုပြောမယ့်စကားက ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရဲဘော် လေးတစ်ယောက်အတွက်ပါ၊ သူကခိုင်းသမျှ တာဝန်ကျေလို့ သူ့အတွက် လုပ်ပေးတာပါ။ အဲဒီရဲဘော်လေးမှာ ဖုန်းမရှိတဲ့အတွက် သူ့ကို ဖုန်းဝယ်ပေးချင်လို့ အလှူငွေလေးထည့်ကြပါဦး"ဟု၍ နောက်ဆုံးရဲရဲ တောက် သူအတွက်မဟုတ်တောင် သူ့ရဲဘော်အတွက် အလှူခံသွားလေသည်။ လတ်တလော မြေပြင်က တော်လှန်ရဲဘော်ဆိုသူတို့ ထိုကလေးမြို့က ရဲဘော်ကဲ့သို့ တော်လှန်ရေးကို စွန့်ခွာလာသူများ ခပ်စိပ်စိပ် တွေ့လာရသည်ဟု ဆိုနိုင်ပါသည်။ သူတို့က စွန့်ခွာသည့်လုပ်ရပ်တွင် လူမသိသူမသိ စွန့်ခွာခြင်းမျိုး မဟုတ်ဘဲ ကိုယ့်အတွက် အကျိုးရှိမည့် အရာတစ်ခုခု လုပ်သွားလေ့ရှိ၏။ ဥပမာ ကလေးမြို့က ရဲဘော်ကဲ့သို့ နောက်ဆုံးဟုပြောပြီး အလှူခံခြင်းမျိုး ဖြစ်သည်။ သူတို့တင်ပဲလားဟုမေးလျှင် သူတို့အားကိုသည့် NUG ထဲက လူများလည်း တော်လှန်ရေးကို ခွာစစ်လှလှပပ ကစားလာကြလေသည်။ အိသဉ္ဇာမောင် ဆိုလျှင် လူငယ်တွေကို နေရာပေးချင်၍ သူက ရာထူးမှ အနားယူသည်ဟု ဆိုလေသည်။ အိသဉ္ဇာမောင်က အတော် အသက်ကြီးနေပြီ ကိုးဟူ၍ ခပ်ထေ့ထေ့ မှတ်ချက်ပေးကြသူလည်း အများအပြားရှိသည်။
    ဟိုက တော်လှန်ရေးအခြေမလှတော့၍ လူကြားကောင်းအောင် ပြောသည့်စကားကို သွား၍ လှောင်နေကြလေသည်။ တေဇာဆန်းဆိုလျှင်လည်း ကြည့်လျှင်သိသာ၏။ လက်သီးလက်မောင်းတန်းပြီးသာ  မြို့ထဲထွက်၍ ဆန္ဒပြသည်ဟု ထင်မြင်အောင် လုပ်ဆောင်နေသည်။ အမှန်တကယ်က တေဇာဆန်းဆိုသူလည်း သည်တော်လှန်ရေးတွင် ရတနာသူဌေးသူကြွယ်ဖြစ်သွား၍ တော်လှန်ရေးဘက်အခြမ်း တွင် ရေရှည်နေထိုင်ပါက သူ၏ဘ၀ မလုံခြုံတော့သည်ကို သိသဖြင့် နိုင်ငံတော်၏ဘုံးရိပ်ကံရိပ်ကို မည်ကဲ့သို့ခိုလှုံရမည်ကို မြို့လယ်ထွက်၍ လမ်းစရှာနေသည်ကို NUG ဖန်တို့က မသိရှိကြခြင်းပင် ဖြစ်သည်။ သူတို့တင်ပဲလားဆိုလျှင် သူတို့ထက်ကြီးသည့် သူများကလည်း တော်လှန်ရေးကို မည်ကဲ့သို့စွန့်ခွာ ရမည် ကို ကောင်းကောင်းနားလည်လာကြသဖြင့် တော်လှန်ရေး စွန့်ခွာနည်း လမ်းအသစ်များကို အသုံးပြုလာ လေကြသည်။ သူတို့ထက် ကြီးသည်ဟုဆိုသူ NUG ပင် ကိုးကွယ်နေရသည် မယ်ပန်ဆိုလျှင် တော်လှန်ရေး ကိုခွာ စစ်မဟာဗျူဟာကို ပေါ်ပေါ်တင်တင် ကျင့်သုံးလာနေသည်ကို အဝိဇ္ဇာဖုံးနေသူတို့က မမြင်နိုင်ကြပေ။ သူပြောသည့်စကား တိုက်ရိုက်ဖတ်ကြည့်လျှင်ပင် ရိုးရိုးရှင်းရှင်း တွေ့မြင်နိုင်ပါ၏။
    "တော်လှန်ရေးအတွက် ကြိုးစားပမ်းစား တောက်လျှောက် လုပ်ကိုင်ပေးနေချိန်တုန်းက တော် လှန်ရေးအတွက် ငွေရှာပေးနိုင်တာကြောင့် အုပ်စုဖွဲ့အကွက်ချ တိုက်ခိုက် ထိုးချနေကြတုန်းက တစ်ချက် လေးတောင်မှ ရပ်တည်ပေးခဲ့တာမရှိဘဲနဲ့ အခု Fundraising တွေနားပါပြီဆိုပြီး ရပ်လိုက်တာ နှစ်လမပြည့် သေးဘူး။ တော်လှန်ရေးမလုပ်ရကောင်းလားဆိုပြီး လာဆဲတဲ့...တွေကတစ်မျိုး။ ငါ့လည်း နည်းနည်းအနား ပေးကြပါဦး၊ ခွေးသဒေါင်းဇားများရယ်။ ပေ့ချ်ပျက်လို့ ပြန်အရှိန်ယူ နေရတဲ့ အချိန်လေးတောင် နည်းနည်းမှ နားမလည်။ မသိရင် သူတို့ဆီမှာ တော်လှန်ရေးလုပ်ဖို့ တစ်သက်စာ နားရက်မရှိ Contract ထိုးထားတဲ့ လူကျနေ။ တင်တင်စီးစီးတွေ။ ဘာလို့ငါ့ပဲ အတင်းခိုင်းပြီး နင်တို့ကျ စောက်တင်းပြောရရုံအပြင် ဘာမှမ လုပ်တာလဲ။ ငါ့လိုစောက်သုံး မကျလို့လား။ ကဲ...မေးချမိပြီ"ဟု NUG နှင့် တော်လှန်ရေး တစ်ဖွဲ့လုံးကို သိမ်းကြုံးကလော်တုပ်လိုက် သည် မဟုတ်ပါလား။ 
    သည်စကားကို မည်ကဲ့သို့ ဘာသာပြန်ပြန်၊ မည်သည့်အဖွဲ့အစည်းနှင့် မည်သူ့ကိုဆဲဆိုသည့် အကြောင်း အထူးအထွေ အဓိပ္ပာယ်ဖွင့်ပြရန် မလိုအောင် ရှင်းရှင်း လင်းလင်းရှိမည်ဟု ယုံကြည်မိပါသည်။ တော်လှန်ရေးခွာစစ် မဟာဗျူဟာဆိုသည်မှာ တော်လှန်နေသူအချင်း ချင်းကို ဆဲဆိုကလော်တုပ် ချမနင်းလျှင် မည်သူ့ကိုဆဲ ဆိုချနင်းရမည်နည်း။ နိုင်ငံရေးဆိုသည်မှာ ဤသို့ပင်ရှိ တတ်သည့်သဘောပါလားဟူ၍ ထပ်ဖန်တလဲလဲ ပြောရမလို ဖြစ်နေလေသည်။ တော်လှန်ရေးဗန်းပြ၍ စုမိဆောင်းမိ ရှိသူများအဖို့မူ ပြောင်ပြောင်ပဲဟု ပြောရမလို ဖြစ်နေသည်။ တော်လှန်ရေးစကတည်းက ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့သည်ကို သဘောမပေါက်သူများကတော့ ခေတ်တိုင်းတွင် ခံရဖို့သက်သက် လူရယ်လို့ဖြစ် လာကြသူများ သာ ဖြစ်လေသည်။ ဉာဏ်ရှိသူတို့အဖို့ ပေါက်နေသည့်သင်္ဘောဖြင့် ပင်လယ်ကို မည်သူမျှ ဖြတ်ကူးကြ မည်မဟုတ်ပေ။ ထိုကြောင့် ကျရှုံးတော့မည့် တော်လှန်ရေးကို လည်သည့်သူများက ဖက်တွယ်မနေဘဲ ကိုယ်ကျိုးအတွက် ရသမျှ ရှာဖွေသွားကြမည်ကို NUG ဖန်တို့ ဘဝနှင့်ရင်းမှ သိကြရတော့မည်ဖြစ်သည်။
(ရွှေထီး)  
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59161

© 2022 - 2025 News. All Rights Reserved.