၂၀၂၄ ဖေဖော်ဝါရီ ၁၈
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း နစကဥက္ကဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ယခုချိန်ကာလမှ ထူးပြီးထုတ်ပြန်ခဲ့တဲ့ ဥပဒေ မဟုတ်ပါ။ မြန်မာနိုင်ငံမှာ ရှေးဘုရင်တွေအဆက်ဆက် လိုအပ်ရင် နိုင်ငံသားတိုင်း စစ်မှုထမ်းခဲ့ကြရတာ တွေ့ကြရမှာ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးနောက်မှာ မြန်မာ့တပ်မတော်ကို အမြဲတမ်း တပ်မတော်အဖြစ် တာဝန်ထမ်းဆောင်လိုသူတွေကို တာဝန်ထမ်းဆောင်စေခဲ့ပြီး ပြည်သူပြည်သားတွေကို စစ်မှုမထမ်းမနေရ ဆောင်ရွက်ခဲ့တာမျိုးမရှိခဲ့ပါ။ သို့သော် လိုအပ်ရင် ပြည်သူ့စစ်မဟာဗျူဟာအရ ကိုယ့်ဒေသကိုယ် ကာကွယ်နိုင်စေဖို့ ပြည်သူ့စစ်အဖွဲ့တွေကို ဗော်လန်တီယာ ပုံစံမျိုးဖြင့် ဖွဲ့စည်းစေခဲ့တာတော့ တွေ့ရမှာဖြစ်ပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြုစုကြေညာခဲ့ခြင်းသည် ပြောင်းလဲလာသည့် ခေတ်စနစ်အခြေအနေများအပေါ် အခြေခံပြီး လိုအပ်ချက်အရ ဆောင်ရွက်ခဲ့ခြင်း သာဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးနှင့် ပြည်တွင်းလက်နက်ကိုင် လမ်းစဉ်သည် ရိုးရှင်းလှသည့် အခြေအနေမျိုး မဟုတ်ဘဲ ပြည်ပ ပယောဂများစွာ ပါရှိ နေသည်ကို သတိထားရမှာ ဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီးချိန်ကာလမှာ ရောင်စုံသောင်းကျန်းမှု (လက်ဝဲလက်ယာ)များ စတင်ခဲ့ချိန်မှာပင် ပြည်ပ ပယောဂ များပါရှိခဲ့တာ တွေ့ရမှာဖြစ်ပါသည်။ ထိုစဉ်အခါက ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုတာ မရှိသေးသော်လည်း တပ်မတော်ကို တာဝန်သိ လုပ်သားပြည်သူများ၊ တိုင်းပြည်ချစ်စိတ်ရှိ သည့် လူငယ်များက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြသည့်အတွက် လက်ဝဲလက်ယာ ပြည်ပပံ့ပိုးမှုများဖြင့် ကျူးကျော်မှုများကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်ကိုတွေ့ရမှာဖြစ်ပါသည်။
ထိုစဉ်အခါက ပြည်သူ့စစ်မှုထမ်းဥပဒေ မရှိခဲ့သော်လည်း သောင်းကျန်းသူအင်အား များပြားလှသည့်အပြင် ပြည်ပတရုတ်ဖြူ ကျူးကျော်စစ်ကို တွန်းလှန်နိုင်မှသာ တိုင်းပြည်၏ အချုပ်အခြာအာဏာကို စောင့်ရှောက်နိုင်မည်ကို နားလည်ကြသည့် ခေတ်ပညာတတ်လူငယ်များ၊ ရိုးသားလှသည့် နိုင်ငံချစ်သူများ တပ်မတော်အတွင်းသို့ ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့ကြသည့် အတွက် မြန်မာပြည်မြေပုံသည် ယခုချိန်ထိတည်ရှိနေခဲ့ ခြင်းဖြစ်ပေသည်။
၁၉၅၈ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အိမ်စောင့်အစိုးရအဖြစ် တာဝန်ပေးအပ်ထားချိန် ၁၉၅၉ ခုနှစ်မှာ ပြည်သူ့စစ်မှုထမ်း အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တာ တွေ့ရပါသည်။ နိုင်ငံတော်သမ္မတ မန်းဝင်းမောင်မှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ထိုဥပဒေသည် ယခု အတည်ပြုလိုက်သည့် ဥပဒေကဲ့သို့ပင် (၁၈)နှစ်ပြည့်ပြီးသည့် ယောက်ျား၊ မိန်းမ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပါသည်။၊ သို့သော် နိုင်ငံတော်၏ လိုအပ်ချက်အရ ဥပဒေထုတ်ပြန်ခဲ့သော်လည်း လိုအပ်ချက်အရ ဆရာဝန်ဘွဲ့ရများကို တပ်မတော်တွင် သုံးနှစ်တာဝန်ထမ်းဆောင်စေခဲ့သည်ကလွဲ၍ ထိုဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့ခြင်း၊ စစ်မှုထမ်းစေခြင်းများ ပြုလုပ်ခဲ့တာ မတွေ့ရပါ။
တပ်မတော်သည် မည်သည့်အခါမှ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး အဖြစ်မခံစေဘဲ သူနိုင်သည့် တာဝန်ဖြစ်စေ၊ မနိုင်သည့်တာဝန်ဖြစ်စေ မညည်းမညူ ထမ်းဆောင်ခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ နိုင်ငံရေး ကြားညပ်တာတွေ၊ နိုင်ငံရေးထိုးနှက်ချက်တွေကို ခါးစည်းခံခဲ့ရတာလည်း အထင်အရှားလို့ ဆိုရပေလိမ့်မည်။ ပြည်သူလူထုများ အနေဖြင့်လည်း ခေတ်ပြောင်းလာသည်နှင့်အမျှ တပ်မတော်အ တွင်း ဝင်ရောက်တာဝန် ထမ်းဆောင်လို သူနည်းပါးလာသည်မှာ သဘာဝအရ လက်ခံရမည့် ကိစ္စလည်းဖြစ်ပါသည်။ အေးချမ်းသာယာစွာ နေထိုင်စားသောက်လိုသည်မှာလည်း ဖြစ်သင့်သည့် သဘာဝသာဖြစ်ပေသည်။ သို့သော် တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဤနိုင်ငံ၊ ဤ အဝန်းအဝိုင်းမှာ နေထိုင်ကြသည့် ပြည်သူတိုင်းမှာ တာဝန်ရှိသည်ကိုတော့ မမေ့အပ်ပေ။ ကိုယ်ပိုင်ဆုံးဖြတ်ချက် (Volitionally)အရ တပ်မတော်အတွင်း ဝင်ရောက်မည့်သူ နည်းပါးလာလျှင် တာဝန်အရ စစ်မှုထမ်းဆောင်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ကြရသည်မှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတိုင်းလိုလိုပင် ဖြစ်ပါသည်။
ယခုလို ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာသက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ကြိုက်တဲ့သူရော၊ မကြိုက်တဲ့သူတွေပါ ဝေဖန်မှုအမျိုးမျိုးဖြင့် ဝေဖန်လာကြတာတွေ့ ရပါသည်။ များသောအားဖြင့် အေးချမ်းတည်ငြိမ်ရေးကို လိုလားကြသော်လည်း ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အမြင်တွေများနေ ကြတာကိုလည်း တွေ့ရပါသည်။ တချို့က ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ပြည်ပ ကျူးကျော်စစ်မှာ ကျင့်သုံးရတာဟု လိုရာဆွဲပြောကြတာလည်း တွေ့ရပါသည်။ ပြည်ပကကျူး ကျော်လာရင် ဥပဒေထုတ်စရာမလိုဘဲ ဓားဆွဲပြီး တွန်းလှန်ကြမည့်သူတွေ အပြည့်ဟူ၍ ဆိုသူကဆိုကြ သည်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ပြည်ပကျူးကျော်စစ်ဆိုတာ အင်မတန်မှ ရှားပါးလှပါသည်။ ကျူးကျော်စစ်ကို မဖြစ်မနေ လိုအပ်မှသာဆောင်ရွက်လေ့ရှိပြီး သာမန်အချိန်မှာ Proxy မွေးပြီး နယ်မြေသိမ်းခြင်း၊ ကြားခံနေမြေထားခြင်း၊ တိုက်ပွဲများ ဖန်တီးခြင်းများသာ ဆောင်ရွက်ကြပါ သည်။ စစ်ရေးအရ Proxy မွေးမြူထားခြင်း၊ နိုင်ငံရေးအရ လွှမ်းမိုးချုပ်ကိုင် ထားခြင်းများသည် ခေတ်သစ်ကိုလိုနီ စနစ်ပင် ဖြစ်ပေသည်။ ထိုအခြေအနေမျိုးကို မြန်မာနိုင်ငံမှာ ကြုံတွေ့နေခဲ့ရတာ လွတ်လပ်ရေးရက တည်းကပင် ကြုံတွေ့ခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ခေတ်အလိုက် ကိုယ်ပိုင်ဆုံး ဖြတ်ချက်ဖြင့် တပ်မတော်ထဲဝင်လာခဲ့သည့် စစ်သည်များသည် ထိုအန္တရာယ်ကို အသက်ပေးပြီး ထမ်းရွက်ခဲ့ကြပေသည်။
တစ်ချိန်က ရှမ်းပြည်(မြောက်ပိုင်း)ဒေသမှာ အင်အားအလွန်ကြီးမားခဲ့သည့် ဗကပသည် မြန်မာ့ ပြည်တွင်းရေးသက်သက်ဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်းဟုတ်မဟုတ် ပြည်သူများ သိရှိပြီးဖြစ်ပါလိမ့်မည်။ သူတို့ကိုင်စွဲထားသည့် လက်နက်ခဲယမ်းများကို ကြည့်လျှင်ပင် မည်သည့်နိုင်ငံက ထောက်ပံ့ပေးနေတာလဲဆိုတာ ရှင်းပါသည်။ ထို့အတူ မြန်မာပြည်အောက်ပိုင်းရှိ KNU ကို မည်သူက၊ မည်သည့်နိုင်ငံက ထောက်ပံ့ပေးနေတာလဲဆိုတာ သူတို့သုံးစွဲခဲ့သည့် လက်နက်များကို ကြည့်လျှင် သိနိုင်ပါသည်။ ယခုအခါတွင် နှစ်ပေါင်းကြာ လာသည်နှင့်အမျှ ပြည်သူတွေ၏အမြင်မှာ ပြည်ပ ပယောဂကို မေ့လျော့နေပုံရပါသည်။ မြန်မာ့တပ်မတော်ပြိုမှ၊ အင်အားချည့်နဲ့သွားမှ မြန်မာနိုင်ငံကို ထိမ်းချုပ် နိုင်မည်ဆိုသည့် အမြင်ဖြင့် စစ်ရေး၊ နိုင်ငံရေး၊ ဝါဒဖြန့်ရေးစသည့် နည်းမျိုးစုံသုံးပြီး တိုက်ခိုက်ခဲ့ကြ သည်ကို ပြည်သူများ လျစ်လျူရှုလာနေခြင်းသည်လည်း စိတ်မကောင်းစရာဟု ဆိုရပေလိမ့်မည်။ ငွေကြေးမြောက်မြားစွာအသုံးပြုပြီး ကြီးမားသည့် ဝါဒဖြန့်ယန္တရားကို လက်နက်သဖွယ် အသုံးချခဲ့သည့်အတွက် မြန်မာနိုင်ငံအတွက် ဆိုးကျိုး၊ သူတို့အတွက် ကောင်းကျိုးရခဲ့သည်ဟု ဆိုရပေလိမ့်မည်။ တပ်မတော်နှင့် တချို့ပြည်သူကြားမှာ ကွာဟချက်ကြီးမားသွာတာ စိတ်မကောင်းစရာပါ။
ရှမ်းပြည်(မြောက်ပိုင်း)က စတင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် သာမန်ပြည်တွင်းရေးသက်သက်ဟု ဆို၍မရသည်ကို သတိထားသင့်ပါသည်။ ထိုလက်နက်ကိုင် အဖွဲ့သည် မည်သည့်အချိန်က မည်သို့ပေါက်ဖွားလာသည်၊ ပေါက်ဖွားခဲ့သည်၊ မည်သူ့သြဇာ ခံနေသည်ဆိုတာ အထင်အရှား အများသိဖြစ်ပါသည်။ ထိုအခြေအနေကို သိသိကြီးနှင့် ဝမ်းပန်းတသာ အားပေးအားမြှောက် ပြုနေကြ သည့်သူများကို မြန်မာမှဟုတ်ရဲ့လားလို့ မေးရမလို ဖြစ်နေသည်။ ယခုအခါမှာ MNDAA နှင့် TNLA က ရှမ်းမြောက်ဒေသကို ထိမ်းချုပ်ဖို့ ကြိုးစားနေပြီဆိုတာ တွေ့ ရမှာဖြစ်ပါသည်။ ကိုးကန့်လူမျိုးများ မဟုတ်သည့် ရှမ်း၊ ပလောင်၊ လားဟူလူမျိုးများကိုပင် အတင်းအဓမ္မ စစ် သားစုဆောင်းနေသည်ကို မမြင်ချင်အဆုံး ကြားနေ၊ မြင်နေရသည်ကို တိုင်းပြည်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပဲ့ထွက်သွားမည့် အန္တရာယ်အဖြစ် မမြင်ကြသည်မှာ အတော်ပင်အံ့သြစရာ ကောင်းလှပေသည်။
၂၀၂၁ ခုနှစ်မှာဖြစ်ပွားခဲ့သည့် နိုင်ငံရေးပြဿနာသည် ယခုအခါမှာ အမှားအမှန် ငြင်းနေရမည့် အချိန်မဟုတ်ဟု ဆိုချင်ပါသည်။ ထိုအချိန်က ဖြစ်ခဲ့သည့် ပြဿနာကို တစ်စိတ်တစ်အိတ်ချဲ့ပြီး တပ်မတော် မုန်းတီးရေးကို အခြေခံပြီး စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးခေါင်းစဉ် တပ်ပေးရာမှ ကူးစက်မှုတွေ ပိုမိုကြီးထွားလာခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ ထိုအခြေအနေကတစ်ဆင့် မိမိလိုလား ချက်များအရ တစ်စင်ထောင်ချင်ကြသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ မိမိလိုချင်သည့် နယ်မြေနှင့် ထိမ်းချုပ်မှုရရှိစေရေး လူ၊ လက်နက်၊ နည်းပညာများ ပံ့ပိုးပေးနေသည့် ပြည်ပနိုင်ငံ ကြီးများ၏ လက်ရှိ ဆင်နွှဲနေရသည့် Proxy တိုက်ပွဲများသည် တိုင်းပြည်အတွက်အင်မတန်မှ အန္တရာယ်ကြီးမား လှပါသည်။ ထိုအန္တရာယ်၏အဓိကတရားခံမှာ ကိုယ့်လိုဘသက်သက်နှင့် တပ်မတော်မုန်းတီးရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ကြသည့် NLD နှင့် NUG တို့ သာဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ယခုပုံစံအတိုင်းသွားလျှင် တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားမည့်အရေး မြင်နေရပေသည်။ လက်ရှိအချိန်မှာ ဒီအန္တရာယ်ကို တွန်းလှန်ဖို့က အရေးအကြီးဆုံးဖြစ်ပါသည်။
ပြည်ပ ပယောဂနှင့် ပံ့ပိုးကူညီမှုများအရရှမ်း ပြည်(မြောက်ပိုင်း)ဒေသမှ အစပြုခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ယာယီအပစ်ရပ်စဲရေး သဘောတူထားသော်လည်း နေ့စဉ်စစ်ဆင်ရေးနေ့အဖြစ် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် ရေတွက်လျက်ရှိနေသေးတာ ဘာကြောင့်လဲ။ ကုလားတန်မြစ်စီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ At East မူဝါဒ၏ အခြေခံစီမံကိန်းဖြစ်ပါသည်။ ဒါကို ထိန်းချုပ်လိုသည်မှာ မည်သူဖြစ်မည်ဆိုသည်ကို ရှင်းပြစရာလိုမည်မထင်ပါ။ ယခုအချိန်ထိ အင်အားကောင်းကောင်း၊ ခဲယမ်းများ ဖောဖောသီသီ သုံးစွဲ နိုင်နေတာ ဘာကြောင့်လဲ။ အချိန်တိုအတွင်း AA မှာ အဲ့ဒီလောက်ထိ အင်အား၊ လက်နက်ခဲယမ်း ပေါများစွာ သုံးစွဲနိုင်ခြင်းသည် ပြည်သူများ၏ ထောက်ပံ့မှုကြောင့် ဖြစ်နိုင်ပါ့မလား။ ဒီအခြေအနေတွေကို မြန်မာနိုင်ငံသား များအားလုံး တွက်ဆထားကြရမှာ ဖြစ်ပါသည်။ ခေတ်အဆက်ဆက်က ဗကပနှင့် တိုက်ပွဲများ ဆင်နွှဲခဲ့ရာတွင် ကြုံတွေ့ခဲ့ရသကဲ့သို့ လူ၊ လက်နက် အင်အားအဆမတန် ဖြစ်နေသည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု ဆို နိုင်ပါသည်။
ထို့အပြင် KIA ၊ KNU ၊ KNPP ၊ KNDF ၊ CNF ၊ ကလလတ ၊ NUG နှင့် PDF တို့၏ ဆောင်ရွက်ချက်များ၏ နောက်ကွယ်မှာ မည်သူတွေ ပါဝင်ပတ်သက်နေသည်၊ ထောက်ပံ့ပေးနေသည်ကိုလည်း သိရှိပြီးဖြစ်ပါ လိမ့်မည်။ ထိုသို့ လက်ဝဲလက်ယာ နှစ်ဖက်ညှပ်တိုက်နေသည့်အချိန်တွင် တိုင်းပြည်အင်အားကြီးဖို့၊ စည်းလုံး ညီညွတ်ဖို့ လိုပါလိမ့်မည်။ တိုင်းပြည်၏ အင်အားသည် တပ်မတော်နှင့် ပြည်သူသာလျှင်ဖြစ်ပေသည်။ တပ်မတော်အင်အားရှိဖို့ အရေးကြီးပါသည်။ လက်နက်အင်အား၊ နည်းပညာနှင့်လူအင်အားများ ပြည့်စုံခိုင်မာမှသာလျှင် ဤလက်ဝဲလက်ယာ အန္တရာယ်၊ မြန်မာပြည်မြေပုံပဲ့ထွက်မည့် အန္တရာယ်များကို ကာကွယ်နိုင်ပေလိမ့်မည်ဟု ဆိုချင်ပါသည်။
ယခုအခါမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင် အသက်ဝင်ကြောင်း ထုတ်ပြန်ခဲ့သည်မှာ လက်ရှိအခြေအနေများအရ လုပ်သင့်လုပ်ထိုက်သည့် လုပ်ရပ်အဖြစ် ရှုမြင်ရမှာ ဖြစ်ပါသည်။ အမြင်တူခြင်း၊ မတူခြင်းသည် အဓိကမကျလှပါ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်း ပုဒ်မ၂၀(ဃ) တွင် 'တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက်ဆောင်ရွက်ခွင့်ရှိသည်'ဟူ၍ ဆိုထားပေသည်။ ပြည်သူ့ စစ်မဟာဗျူဟာ ကျင့်သုံးနိုင်ကြောင်း အာဏာပေးအပ်ထားခြင်း ဖြစ်ပါသည်။ ယခုအခါမှာ MNDAA ၊ TNLA ၊ AA တို့ အပါအဝင် ဒေသအသီးသီးမှာ အတင်းအကြပ် တရားမဝင် လူသစ်စုဆောင်းနေသည်ကို တွေ့ရမှာဖြစ် ပါသည်။ ထိုအင်အားသည် တိုင်းပြည်၏ အင်အားဖြစ်မလာဘဲ တိုင်းပြည်၏ အန္တရာယ်ဖြစ်လာမှာကို ပြည်သူ များ သတိထားသင့်ပါသည်။ ထိုအခြေအနေမှာ တပ်မတော် အင်အားရှိဖို့ ပြည်သူများ၏ ပူးပေါင်းကူညီမှုသည် အလွန်အရေးကြီးပါသည်။
မြန်မာ့တပ်မတော်သည် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့သည် ဆိုသော်လည်း ခေတ်အ ဆက်ဆက်မှာ Volitionally အရသာ အဓိကအားဖြင့် အင်အားစုဆောင်းခဲ့သည်ကို တွေ့ရမှာဖြစ်ပါသည်။ အမျိုးသားရေးအမြင် ဖြင့် တိုင်းပြည်ကာကွယ်ချင်စိတ်ကို အခြေခံထားခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ခေတ်စနစ်အရ ထိုသို့ တာဝန်ထမ်းဆောင်လိုသူတွေ နည်းပါးလာပါက နိုင်ငံသားများ၏မူလတာဝန်အရ ဆောင်ရွက်ဖို့ လိုပါလိမ့်မည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ နိုင်ငံသားများ ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်း ပုဒ်မ ၃၈၆ တွင် 'နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိ သည်'ဟု ဆိုထားသည်ကို သတိပြုရမှာ ဖြစ်ပါသည်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )