၂၀၂၃ ဇူလိုင် ၂၀
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai လာရောက်တွေ့ဆုံခဲ့သည့်သတင်းနှင့်ပတ်သက်ပြီး အတော်လေးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားတာတွေ့ရပါသည်။
တွေ့သည့်အချိန်ကလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အချိန်ကိုက်ဖြစ်နေတာက ပိုမိုစိတ်ဝင်စားစရာဖြစ်ခဲ့ရပါသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့တာကို တွေ့ဆုံပြီးနောက်သတင်းထုတ်ပြန်ခြင်းမပြုခဲ့ဘဲအာဆီယံအစည်းအဝေးရောက်မှသာထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက်လည်း သို့လောသို့လော ဖြစ်သွားခဲ့ကြတာတွေ့ရပါသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏အပြောနှင့် သတင်းထုတ်ပြန်ချက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဟာ NUG နှင့် PDF များအတွက် တုန်လှုပ်စရာဖြစ်ခဲ့ရပါသည်။ PanOrient News ၏ သတင်းဖော်ပြချက်မှာ "သတင်းအခြေအမြစ်များအရအောင်ဆန်းစုကြည်က အဆိုပါတွေ့ဆုံပွဲမှာ အနောက်နိုင်ငံများကထောက်ခံမှုပြုပြီး အကြမ်းဖက်ဝါဒကိုလက်ကိုင်ထား၍ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်လျှက်ရှိသည်ဟု စွပ်စွဲထားသည့် PDF ကိုသော်လည်းကောင်း၊ NUG ကိုသော်လည်းကောင်း သူမအနေဖြင့် အသိအမှတ်မပြုသလို ထောက်ခံခြင်းလည်းမပြုကြောင်းပြောကြားခဲ့ပါသည်။(ဘာသာပြန်)" ဟူ၍ရေးသားဖော်ပြထားတာတွေ့ရပါသည်။
ထို့အပြင် ကျိုဒိုသတင်းဌာနကလည်း အဆိုပါသတင်းကိုရေးသားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဥ် "မြန်မာနိုင်ငံရှိ ပဋိပက္ခများချုပ်ငြိမ်းရန် ဆွေးနွေးပွဲများပြန်လည်ကျင်းပရမည်" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းတယ်။ ကောင်းတဲ့တွေ့ဆုံမှုပါ။ဒေါ်အောင်ဆန်းစုကြည်ကို စေ့စပ်ဆွေးနွေးပွဲကျင်းပဖို့ တိုက်တွန်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုပြဿနာကိုတွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့သာအဖြေရှာဖို့ပဲ လိုလားတယ်" ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ သတင်းထောက်များနှင့်တွေ့ဆုံစဥ်ပြောကြားခဲကြောင်း သတင်းမှာဖော်ပြထားပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး NUG နိုင်ငံခြားရေးဒုဝန်ကြီး မိုးဇော်ဦးက " နိုင်ငံရေးအရအသုံးချတာသာဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ သတင်းဌာနများထံ ပြောဆိုချက်များကိုလည်း သံသယဖြင့်စောင့်ကြည့်နေကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့အရေးကိုကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာပြည်သူလူထု၏သဘောထားအတိုင်းဆောင်ရွက်ရန်လိုအပ်ပြီး အခြေအနေများ ပိုမိုမရှုပ်ထွေးရန်ဆောင်ရွက်သင့်ကြောင်း၊ Don က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကိုဘာလို့သွားပြီးတွေ့ရတာလဲ။အဲ့ဒီအချက်ကိုစဥ်းစားစရာရှိကြောင်း၊ တကယ်တမ်းတွေ့ခွင့်ရှိသူက အာဆီယံလက်ရှိ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့အင်ဒိုနီးရှားနိုင်ငံသာဖြစ်ကြောင်း၊ အာဆီယံအစည်းအဝေးနဲ့ကပ်ပြီးတွေ့ခွင့်ပေးတာနဲ့ပတ်သက်ပြီးတော်တော်လေးစဥ်းစားစရာရှိကြောင်း"၊ ပြောကြားခဲ့ပါသည်။
NUG မှ နိုင်ငံခြားရေးဝန်ကြီး ဇင်မာအောင်က ကြိုတင်သတ်မှတ်ချက်များမပါဘဲ ဆွေးနွေးပွဲများကိုထောက်ခံမည်ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ပြောဆိုချက်နှင့်ပတ်သက်၍ "တရားမဝင်ကြောင်း၊ တရားဝင်ဟုဆိုပါက နှစ်ဦးနှစ်ဘက်ပူးတွဲထုတ်ပြန်ရမှာဖြစ်ကြောင်း၊ ယခုသတင်းများက တစ်ဖက်သတ်ဆန်ကြောင်း" ပြောကြားခဲ့သည်ဟု The Irrawady- Burmese Edition သတင်းဌာနက ထုတ်လွှင့်ခဲ့ပါသည်။ ထို့အပြင် ဇင်မာအောင်နှင့်အင်တာဗျူးပြုလုပ်သည့် ဗီဒီယိုခွေပါအွန်လိုင်းမှာ ထုတ်ပြန်ခဲ့သည်ကိုလည်းတွေ့ရပါသည်။ ဇင်မာအောင်၏ ပြောကြားချက်များမှာ "ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ထိုသို့ပြောမှာမဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးမှာမဟုတ်သည့်အတွက် နစကနှင့် ထိုင်းဒုဝန်ကြီးချုပ်တို့ လက်ဝါးခြင်းရိုက်ပြီးလုပ်ကြံထားခြင်းသာဖြစ်ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်အန္တရာယ်ပင်စိုးရိမ်ရကြောင်း" ပြောသွားတာတွေ့ရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အလုပ်ကော်မတီကလည်း ဇူလိုင်လ ၁၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်အမှတ်(၈/၂၀၂၃) ကိုထုတ်ပြန်ခဲ့ပါသည်။
ထုတ်ပြန်ချက်မှာ လွတ်လပ်စွာပူးတွဲပြောကြားနိုင်သောအခြေအနေမဟုတ်သည့်အတွက် စကားရပ်တိုင်းသည်စစ်မှန်သည်ဟုယူဆရန် သံသယရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏သဘောထားဖြစ်သည့်ဗဟိုအလုပ်အမှုဆောင်များ လွတ်လပ်စွာ စုံညီ အစည်းအဝေးမကျင်းပနိုင်ဘဲသူမအနေဖြင့်မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များကိုချနိုင်မည်မဟုတ် ဆိုတဲ့သဘောထားနှင့် ပြည်သူလူထုကိုသာအခြေခံပြီးပြည်သူလူထု၏ဆန္ဒသဘောထားကိုမည်သည့်အခါမှဆန့်ကျင်မည်မဟုတ်ဆိုသောသဘောထားများနှင့်ကွဲလွဲနေကြောင်း၊မြန်မာနိုင်ငံရေးပြဿနာများပြေလည်ရေးလမ်းစအဖြစ်အရေးပါလှသောဒေါ်အောင်ဆန်းစုကြည်၏ဆန္ဒသဘောထားကိုပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံးအမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်ကြောင်းတိုက်တွန်းသည်ဟုရေးသားဖော်ပြထားပါသည်။
ထိုကြေညာချက်ရေးသားထုတ်ပြန်သည့်အဖွဲ့မှာတရားဝင် NLD မဟုတ်ဘဲ ပြည်ပကိုထွက်ခွာသွားသည့်အဖွဲ့များစုစည်းပြီး NLDအမည်ကို အသုံးချနေသူများပါဝင်သည့် အဖွဲ့သာဖြစ်ပါသည်။
ယခင်က ဒေါ်အောင်ဆန်းစုကြည် လက်မခံအသိအမှတ်မပြုခဲ့သည့် NLD (LA) ကဲ့သို့သာဖြစ်သည်ဟုဆိုနိုင်ပါ၏။ ၄င်းတို့၏ထုတ်ပြန်ချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကိုယ်စားပြုသည်ဟု ယူဆ၍မရပါ။ အဆိုပါတွေ့ဆုံမှုသတင်းနှင့်ပတ်သက်ပြီး Ayeyarwaddy -Times သတင်းဌာနက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်လက်ခံတွေ့ဆုံခြင်းမရှိ ဟူ၍ သတင်းထုတ်ပြန်ခဲ့သည်ကိုလည်းတွေ့ရှိရပါသည်။
အစိုးရကိုဆန့်ကျင်ပြီး NUG နှင့် PDF တို့ကိုထောက်ခံသည့် အနောက်မျှော်သတင်းဌာနအသီးသီး၏ သတင်းထုတ်ပြန်ချက်များအနေဖြင့် လက်ရှိ NUG ဆောင်ရွက်နေသည့်လုပ်ရပ်များထိခိုက်မှာစိုးရိမ်နေပြီး ဒေါ်အောင်ဆန်းစုကြည်ပြောသည့်ပြောကြားချက်နှင့် အဆိုပါသတင်းကို သေးသိမ်အောင် ဆောင်ရွက်နေတာတွေ့ရပါသည်။ ထိုသတင်းနှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က တွေ့ဆုံသည့် သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့တာတွေ့ရပါသည်။ "တိုင်းပြည်ကို တကယ်ချစ်ရင် လက်နက်ကိုင်လမ်းစဥ်နောက် လိုက်မလား မှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းနောက် လိုက်မလား" ဆိုတာစဥ်းစားတွေးခေါ်တတ်သူတိုင်းမြင်နိုင်သည့်ကိစ္စဟု ဆိုရပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ယခင်က ABSDF မှာ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသည့် သန်းလွင်ထွန်း(အောင်နိုင်) က "ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အစ်ကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီးပြည်ပတိမ်းရှောင် NLD အမတ်တွေနဲ့ အတူဖွဲ့စည်းခဲ့တဲ့အဝေးရောက် NCGUB အစိုးရ နဲ့ လက်နက်ကိုင်တော်လှန်ရေးကို အသိအမှတ်မပြုခဲ့ပါဘူး။ NLD(LA) ပြည်ပရောက် NLD ဆိုတာကိုလည်း လက်မခံခဲ့ပါဘူး။" လို့ သူ့ရဲ့ Facebook အကောင့်မှာ ရေးသားတင်ပြထားတာတွေ့ရပါသည်။
၈၈ အရေးအခင်းမှာ ကိုယ်တိုင်ပါခဲ့ပြီး လက်ရှိ တရားဝင်ပါတီနိုင်ငံရေးလမ်းကြောင်းသည်သာလျှင်မှန်ကန်သည်ဟု ခံယူထားသူ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက
" ဒါဟာမြန်မာ့နိုင်ငံရေးအကျပ်အတည်းပြဿနာပြေလည်ဖို့အတွက်တံခါးတစ်ပေါက်၊ပြတင်းပေါက်တစ်ပေါက်ပွင့်လာတယ်လို့သုံးသပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုထောက်ခံမှု အခန်းကဏ္ဍဟာလည်း အခုချိန်ထိ ကြီးကြီးမားမား ရှိနေတဲ့အခါကျတော့ ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာဧည့်သည်နဲ့တွေ့ဆုံခွင့်ပေးလိုက်တဲ့အတွက်ကြောင့် လက်ရှိပြဿနာဖြေရှင်းဖို့အတွက် တစုံတရာ လမ်းစပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပြီး ဆောင်ရွက်တာလည်းဖြစ်နိုင်ကြောင်း၊" ပြောကြားခဲ့တာတွေ့ရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး မင်းဇင်တို့အုပ်စုဖြစ်သည့် ISP- Myanmar ကလည်း "ယခုတွေ့ခွင့်ပြုသည့်ကိစ္စဟာ အရင်စစ်အစိုးရအဆက်ဆက်ကကျင့်သုံးခဲ့တဲ့ စာအုပ်ဟောင်းထဲကနည်းနာအတိုင်းလုပ်ခဲပုံဖြစ်ကြောင်း၊ ဒီလိုတွေ့ဆုံမှုတွေဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်အလှည့်အပြောင်းကို မရှေးရှုစေခဲ့တာတော့သတိပြုစရာဖြစ်ကြောင်း၊ အခုလည်း နိုင်ငံတကာမှာ မြန်မာ့အရေးချဥ်းကပ်ပုံ သဘောထားတွေကွဲလွဲလာစေဖို့၊ ပြည်တွင်းအင်အားစုတွေအကြား အက်ကြောင်းထင်
ကွဲပြဲစေဖို့ကို ရှေးရှုနိုင်ခြေပိုများကြောင်း၊ လက်ရှိမြေပြင်အခင်းအကျင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို ဗဟိုပြုပြီးအဖြေရှာရုံနဲ့မလုံလောက်တော့ကြောင်း၊ စစ်ကောင်စီအပေါ် နာကြည်းခံစားရမှုတွေလည်းအရှိန်ရနေပြီး စိတ်ဒဏ်ရာတွေနဲ့ ပြင်းထန်တဲ့ သဘောထား တင်းမာမှုတွေလည်း အရှိန်ရနေဆဲမို့ ဒီလို လူတစ်ဦးတည်းကို ဗဟိုပြုအဖြေရှာဖို့ အခြေအနေမပေးဘူးလို့သုံးသပ်နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံတကာနှင့် ပိုချိတ်ဆက်ထိတွေ့ပေးခြင်းအစ၊ နေအိမ်အကျယ်ချုပ် ပြန်ပို့တာအလယ်၊ နှစ်မစေ့ခင် အချိန်အများကြီးစောပြီး ပြန်လွှတ်ပေးတာအဆုံး ဒါတွေမဖြစ်နိုင်ဘူးလို့ လုံးလုံးဘူးခံမရနိုင်တော့တဲ့ ဖြစ်တန်ခြေတစ်ရပ် ဖြစ်လာပြီဖြစ်ကြောင်း " စသဖြင့်သုံးသပ်ထားတာတွေ့ရပါတယ်။
ဝေဖန်သုံးသပ်ချက်များကိုကြည့်လျှင် အတ္တနောမတိကိုအခြေခံထားကြပြီး ကိုယ်လိုရာဆွဲတွေး၊ ဆွဲယူထားကြသည်ကိုထင်ရှားစွာတွေ့ရမှာ ဖြစ်ပါသည်။ မည်သို့ပင်ယူယူ မည်သို့ပင်ဆိုဆို ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အဓိက အကျဆုံးအချက်က လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ ထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားသာလျှင်ဖြစ်ပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူထင်ရာကိုသာတစ်ယူသန်ဆန်စွာ လုပ်တတ်သည့်သဘာဝရှိသူဖြစ်သလို သူတစ်ပါးအကြိုက်ကိုလိုက် လုပ်တတ်သူလည်းမဟုတ်ပါ။ ယခုတွေ့ဆုံမှုဟာ သူမ၏သဘောထားမပါဘဲနှင့် မည်သို့မှဖြစ်လာလိမ့်မည် မဟုတ်ပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ သိက္ခာ၊ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၏ အတည်ပြုချက်များအရ ထိုတွေ့ဆုံမှုသည် နှစ်ဦးသဘောတူ လက်ခံတွေ့ဆုံခြင်းသာ ဖြစ်ပါသည်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ယုံကြည်၍တွေ့ဆုံခဲ့သည်ဆိုတာ အငြင်းပွားစရာမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို တိကျစွာ ရယူဖော်ထုတ်ပေးခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏လုပ်ရပ်ဟာ မိတ်ဆွေဝတ္တရား ကျေပွန်သည့် လုပ်ရပ်အဖြစ်အသိအမှတ်ပြုရမှာ ဖြစ်ပါသည်။
လက်ရှိ CRPH ၊ NUG နှင့် PDF တို့ ၏ လုပ်ရပ်များသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့် ရပ်တည်ချက် မဟုတ်သည်ကို ထင်ရှားစွာ သိရှိပြီးဖြစ်သည့်အတွက် မည်သည့်လမ်းကို လိုက်မလဲဆိုတာသာ ဒေါ်အောင်ဆန်းစုကြည် နှင့် NLDကို လိုလားထောက်ခံသည့်သူများအနေဖြင့် စဥ်းစားစရာသာရှိပေသည်။
NUG နှင့် ပူးပေါင်းနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ကိုယ့်တိုင်းရင်းသားများ၏အကျိုး ကိုမျှော်ပြီး ပြည်တွင်းငြိမ်းချမ်းရေးလမ်းကြောင်းကတဆင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ချဥ်းကပ်မလား၊ အသက်သွေးချွေးမြောက်မြားစွာ ဆုံးရှုံးသော်လည်း မျှော်မှန်းလို့မရနိုင်သည့် အကျိုးဆက်သာ ဖြစ်လာနိုင်မည့် NUG ၏ လမ်းကြောင်းအတိုင်းဆက်သွားမလားဆိုတာကို ချိန်ဆသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။
ဇော်နိုင်
TREND News ဂျာနယ်အတွဲ၂ ၊အမှတ်(၂၆)