၂၀၂၃ နိုဝင်ဘာ ၂၀
လတ်တလော ပျံ့နှံ့လျက်ရှိသည့် ကောလာဟလ ဘဏ်သတင်းများကိုယုံ၍ ငွေ ထုတ်ယူနေသူများသည် ရှိစုမဲ့စု ဘဏ်တိုးစား နေသူများဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ က ငွေကို လက်ထဲတွင် မကိုင်ထားကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး ရန်လင်းကျော်ကပြောသည်။
"ကျွန်တော်တို့က သိတယ်။ ငွေထုတ်ရတဲ့အလုပ်ကို အလုပ်လို့တောင်မမှတ်တော့ဘူး။ Banking System တွေ၊ Mobile Banking System တွေ အားကောင်းလာတယ်။ အမှန်အတိုင်းပြောရရင် စီးပွားရေး သမားက ငွေမထုတ်ဘူး။ အခုထုတ်နေတဲ့ လူတွေက ရှိစုမဲ့စုကို အတိုးလေးနဲ့ ထိုင်စားတဲ့ အုပ်စု ထုတ်တယ်။ စီးပွားရေးသမားက လက်ထဲငွေမထားဘူး။ ဘဏ်ထဲမှာပဲ ထားတယ်။ အဓိက ရှိစုမဲ့စုကို ထုတ်တဲ့လူတွေက လူတန်းစားတစ်ရပ်ရှိတယ်။ အဲဒီလို လူတွေကတော့ ကြောက်အားလန့်အားနဲ့ ထုတ်မှာပဲ။ နောက်တစ်ခုက ဟိုမရောက်ဒီမရောက် သူများထုတ်လို့ လိုက်ထုတ်တာ။ ဒါကတော့ ခဏခဏခံရရင်တော့ ခံရတဲ့သူ အပြစ်ပေါ့ဗျာ။ ဒီအချိန် ပိုက်ဆံထုတ်လို့ရလား၊ မရလား၊ တရား ဝင်လည်း ထုတ်ပေးထားတာပဲ။ ဘဏ်ကိစ္စ ကောလာဟလက အနည်းနဲ့အများကတော့၊ မြန်မာလူမျိုး အနည်းနဲ့ အများကတော့ Facebook သတင်းကိုပဲ ယုံတာများ နေတယ်။ အဲဒီတော့ အွန်လိုင်းမီဒီယာကပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်မီဒီယာကပဲဖြစ်ဖြစ် အဲဒီကောလာဟလတွေကို ချေဖျက်နိုင်ဖို့အ တွက် တန်ပြန်မီဒီယာ လိုကိုလိုတယ်။ သူတို့က ဘဏ်တွေဘာဖြစ်တယ် မိနစ် ၂၀၊ နာရီ ဝက်အတွင်း သတင်းထုတ်တဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဒါမဟုတ်ပါဘူးဆိုတဲ့ ဖြေရှင်းချက်မျိုး ကိုယ်ကချက်ချင်း လွှတ်ရမှာ။ လူတွေက ကျီးလန့်စာစားနေရတယ်။ ဟိုအဖွဲ့သတင်း ကိုယုံရမလား။ ဒီအဖွဲ့သတင်းကို ယုံရမ လား။ စီးပွားရေးသမားလည်း ပြည်သူထဲက ပြည်သူပဲ အေးချမ်းချင်တယ်။ တည်ငြိမ်ချင် တယ်။ ဖြစ်နေတာက တစ်ဖက်က တင်တဲ့သတင်းကို အမှန်ဆိုပြီးတော့ အဲဒီနောက်ကိုပဲ တောက်လျှောက်လိုက်နေကြတာ။ ဒီကောင်တွေတင်တဲ့။ သတင်းအမှားတွေကို ချက်ချင်းလွှမ်းမိုးနိုင်တဲ့ အင်အားနဲ့လုပ်မှရ တော့မယ်။ ဒါမျိုးကိုလည်း ဘတ်ဂျက်သုံးသင့် တယ်ဗျာ။ ဘယ်သူမှ သတင်းအရင်း အမြစ်ကို မှန်လားမှားလား၊ ရေဆုံးမြေဆုံး မလိုက်တော့ဘူး။ Facebook မှာဖြစ်နေတာတွေက သူ တို့အတွက် အမြင်အမှန်တရားဖြစ်နေတယ်။ အဲဒါတွေက စိုးရိမ်စိတ်တွေနဲ့ လုပ်နေကြတာ။ ဒါကို ၂၄ နာရီစောင့်ကြည့်နိုင်တဲ့ အဖွဲ့ဖွဲ့သင့်တယ်။ သတင်းအမှားတွေကို ချေဖျက်ဖို့ပေါ့။ မဟုတ်ရင်တော့ သမင်မွေးရင်း ကျားစားရင်းပဲ။ မတည်ငြိမ်မအေးချမ်းရင် ဘာအလုပ်မှ လုပ်လို့မကောင်းဘူး။ စီးပွားရေး သမားတွေနဲ့ ဝိသမလောဘသားတွေက ဒီအကွက်ကို ချောင်းကို ချောင်းနေတာ။ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ရင် ဈေးတက်မယ်။ ဈေးတင်မယ်။ အရောင်းအဝယ်ရပ်မယ်။ ဒါကြီးက လုပ်ရိုးလုပ်စဉ်ကြီးလို ဖြစ်နေပြီ"ဟု ၎င်း ကပြောသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ဘဏ်လုပ်ငန်း စနစ်များအပေါ် မမှန်မကန်သတင်းများ ဖြန့်ဝေလျက်ရှိပြီး ဘဏ်များတွင် ငွေထုတ်ယူရန် အခက်အခဲဖြစ်ပေါ်နေကြောင်း၊ အကန့်အသတ်ဖြင့်သာ ငွေထုတ် ပေးနေကြောင်း၊ ဘဏ်များ၌ ငွေမရှိကြောင်း၊ ဘဏ်အပ်ငွေများကို ပြည်သူလူထုအများအ ပြား ထုတ်ယူနေကြကြောင်း စသည်ဖြင့် သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည့် အ ပေါ်တွင် ဦးရန်လင်းကျော်က အထက်ပါအ တိုင်း သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ ကောလာဟလ သတင်း အမှားများကို မယုံကြည်ရန်နှင့် ပြည်သူလူထု အနေဖြင့် စဉ်းစားဆင်ခြင်ရန်လိုအပ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော် က ပြောသည်။
"နံပါတ်တစ်ကတော့ ကောလာဟလ မယုံကြည်ဖို့ အရေးကြီးတယ်။ ဘဏ်ဆိုတဲ့ သဘောက အပ်ငွေလက်ခံပြီး ချေးငွေထုတ်ပေးတာပဲလေ။ နောက်တစ်ခုကတော့ ငွေလွှဲလုပ်တာပေါ့။ အပ်ငွေတွေမရှိရင် ချေးငွေဘယ်လိုသွားချေးမလဲ။ အပ်ငွေဆိုတာကလည်း အတိုင်းအတာတစ်ခု အထိပဲ ထုတ်ပေးလို့ရတာလေ။ ဘဏ်ဆိုတာ အတိုးလည်း လိုချင်တဲ့အခါကျတော့ သူပိုက်ဆံမချေး ဘဲနဲ့ သူကဘယ်က ပိုက်ဆံနဲ့ အတိုးပေးမလဲ။ ဆိုတော့ အတိုးပေးနိုင်အောင် သူပိုက်ဆံချေး ရတယ်။ ချေးလိုက်တဲ့ အခါကျတော့ အဲဒီ Ratioအတိုင်းပဲ ပိုက်ဆံပေးနိုင်မှာလေ။ သိပ်ထုတ်တာ များသွားရင်တော့ အကန့်အသတ်နဲ့ ဖြစ်သွားမှာပဲ။ ဒါကို ယုံကြည်မှုကင်းမဲ့တယ်လို့ သွားပြောလို့မရဘူး။ ဒါက ဘဏ် Process အရသွားရမှာ။ လူတွေက ဆင်ခြင်တုံတရားရှိဖို့ အရေးကြီးတယ်။ ဆင် ခြင်တုံ တရားမရှိဘဲနဲ့ လုပ်နေရင်တော့ သူများပြောတိုင်း ယုံနေရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲလို့ ပြောလိုတယ်ဗျ။ အွန်လိုင်းမီဒီယာဆိုတာကလည်း ခက်တယ်။ Facebook ဆိုတာကနေပြီးတော့ ကျွန်တော်တို့ ကိုင်တွယ်လို့ မရတဲ့ ပလက်ဖောင်းကနေ သွားနေတာဆိုတော့ နိုင်ငံတော်အနေ နဲ့လည်း အရေးယူလို့ အဆင်မပြေနိုင်ဘူး။ Facebook တစ်ခုလုံးကို ဖြုတ်ချပြီး ပိတ်ပစ်လိုက်မှပဲရမယ်။ အဲဒီလိုလုပ်မယ်ဆို ရင်လည်း မဆိုင်တဲ့လူတွေပါ ထိခိုက်နစ်နာကုန်မယ် ဆိုပြီး နိုင်ငံတော်အစိုးရအနေနဲ့ မလုပ်တာလည်း ရှိကောင်းရှိမှာပေါ့။ ကျွန်တော်တို့က ကောလာဟလသတင်းတွေကို မယုံဖို့တော့ အရေးကြီးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ဘာသာ စဉ်းစားဆင်ခြင်ဉာဏ်ရှိဖို့ လိုတယ်ဗျ။ တိုင်းပြည်ကို ဖျက်လို ဖျက်ဆီးဖြစ် အောင်လုပ်နေတဲ့ အဖွဲ့အစည်းက လုပ်နေ ရင်တော့ ဒီလိုပဲတိုင်းပြည်က ဒုက္ခရောက်နေ မှာပဲ"ဟု ၎င်းက ပြောသည်။
ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် ကောလာဟလများသည် မှန်ကန်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို အဆင်ပြေစွာဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း စနစ်သည် ဘဏ်အချင်းချင်း ချိတ်ဆက်ဝန် ဆောင်မှုပေးသည့် Core Banking System အသုံးပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခု ကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့် အခြေ အနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ဘဏ်များသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် ကောလာ ဟလများကို ယုံကြည်ပြီး ဘဏ်များမှ ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူ၍ လက် ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ငွေများ ဆုံးရှုံးနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အပြင် ဘဏ်များ၏ ပြင်ပတွင် ငွေသားများ လိုသည်ထက် ပိုမို ရောက်ရှိ လည်ပတ်နေခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုလည်း ဖြစ်ပေါ် လာကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် ဘဏ်များမှ ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်း သည် မည်သည့် ရည်ရွယ်ချက်ဖြင့် ထုတ်ယူ သည်၊ မည်သည့်နေရာတွင် သုံးစွဲသည် စသည့် သံသယဖြစ်ဖွယ် အခြေအနေများ အတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်း ကိုလည်း ခံရနိုင်ဖွယ်ရှိကြောင်း၊ လက်ရှိ အခြေအနေတွင် ဘဏ်များတွင် ငွေသားများ အလုံအလောက်ရှိနေပြီး ဗဟိုဘဏ်ကလည်း ဘဏ်အသီးသီးထံသို့ ငွေသားများပံ့ပိုးပေးရန် အသင့် ဆောင်ရွက်ထားရှိသည့် အတွက် ပြည်သူများအနေဖြင့် ငွေများကို လိုသည် ထက် ပိုမိုထုတ်ယူခြင်းမပြုဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ပုံမှန်အခြေအနေအတိုင်း ရယူသုံးစွဲကြပါရန် အသိပေး သတင်းထုတ်ပြန်ထားသည်။