ရန်ကုန်၊ ဧပြီ ၃၀
စစ်လက်နက်နှင့် စစ်အသုံးဆောင် ပစ္စည်းဆိုသည်မှာ စစ်မြေပြင်တွင် မှတ်ကျောက်တင်ခံရမည် ဖြစ်သည့်အတွက် အရည်အသွေး ပိုကောင်းသည်ထက်ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည် မြင့်မားသည် ထက်မြင့်မားအောင် နယ်ပယ်စုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။
ဧပြီ ၂၆ ရက်က (၇၅)နှစ် မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ကို နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ နယ်မြေခံ တပ်ဌာနချုပ် ခန်းမ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့အနေဖြင့် ‘Power To The Forces ‘‘တပ်မတော်အတွက် စွမ်းအားဖြစ်စေရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စစ်လက်နက် ပစ္စည်းအမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ တပ်မတော်သို့ ထုတ်လုပ်ပေးသွင်းနိုင်ခဲ့သည့်အတွက် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့အကြီးအကဲများ၊ တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်း များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ၁၉၄၈ခုနှစ်တွင် မြန်မာ နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်တွင်း ရောင်စုံသူပုန်များ၏ သောင်းကျန်း ပုန်ကန်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ရရှိပြီးစ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာ အာဏာကို ကာကွယ်ရန်အတွက် မြန်မာ့ တပ်မတော်သည် ပြည်သူလူထုနှင့် လက်တွဲ ပြီး ခက်ခက်ခဲခဲ ကာကွယ်စောင့်ရှောက်ခဲ့ရသည့် သမိုင်းကြောင်းသည် အထင်အရှားရှိခဲ့ ကြောင်း၊ အဆိုပါ ကာလတွင် တပ်မတော် ခေါင်းဆောင်များအနေဖြင့် ကိုယ့်ပြည်တွင်းမှာပင် လက်နက်^ခဲယမ်းများ ထုတ်လုပ်နိုင်ရန် ကြံစည် ကြိုးပမ်းခဲ့ကြကြောင်း၊ ၁၉၅၀ ပြည့်နှစ် ဧပြီ ၂၆ ရက်တွင် ဖွဲ့စည်းပုံနှင့် စနစ်တကျ ဖွဲ့စည်းပြီး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦး စီးချုပ်နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးပစ္စည်း ထုတ် လုပ်မှုတပ်ဖွဲ့မှ အငြိမ်းစား တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များတက်ရောက် ကြကြောင်း သိရသည်။ ထူးမြတ်