၂၀၂၄ ဇန်နဝါရီ ၂၁
ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုကြည့်ပြီး မိမိတို့၏ တာဝန်များကိုသာ ကျေပွန်အောင်ထမ်းဆောင်ကြပြီး နိုင်ငံအတွက်လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းကြရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားလိုက်သည်။
ဇန်နဝါရီလ(၂၀)ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ် ဆရာ/ဆရာမများအား တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ယာယီတာဝန်ယူခြင်းသာဖြစ်ပြီး ဆရာ၊ ဆရာမများမှာ နိုင်ငံ့တာဝန်များကို အမြဲတမ်း ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် အစိုးရအတွက်ထက် နိုင်ငံ့အတွက်၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရန်လိုကြောင်းလည်း ၎င်းကဆိုသည်။
သင်ကြားရေး တာဝန်ယူထားရသည့် ဆရာ၊ ဆရာမ များအနေဖြင့်လည်း စဉ်ဆက်မပြတ် လေ့လာမှုများကို ဆောင်ရွက်ကာ မိမိကိုယ်ကို ကိုယ်ရည်ကိုယ်သွေး ပြည့်ဝအောင်ဆောင်ရွက်နေကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ် မှန်ကန်ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာတတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြရန်နှင့် အခြေခံစိတ်ဓာတ်ကောင်းများရရှိရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။
ထို့အပြင် စာပေနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ထိုက်ထိုက်တန်တန်ဖြင့် ဘွဲ့ရရှိသူများဖြစ်စေရေး အလေးထား စိစစ်ဆောင်ရွက်သွားရန်လည်း သတိပေးပြောကြားသွားကြောင်း သိရသည်။
ပုသိမ်တက္ကသိုလ်သည် သက်တမ်း (၆၅)နှစ်ရှိပြီဖြစ်သည့်တက္ကသိုလ်တစ်ခုဖြစ်ပြီး သင်ကြားမှုပိုင်းဆိုင်ရာများတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့နှင့် ရင်ပေါင်တန်းနိုင်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ပုသိမ် တက္ကသိုလ်သည် သက်တမ်းကာလ ကြာမြင့်ပြီဖြစ်ပြီး အစဉ်အလာရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် နယ်ပယ်အလိုက် ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခု ဖြစ်ရမည်ဖြစ်ပြီး မိမိတို့ တက်ရောက်ခဲ့သည့် တက္ကသိုလ်အတွက်ဂုဏ်ယူနိုင်စေရေးတက္ကသိုလ်၏ ဂုဏ်အရှိန်အဝါနှင့် သာယာလှပမှုတို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားသွားသည်။