တရားမဝင် အွန်လိုင်းလောင်းကစားမှုများအား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်သွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေကြသူများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု မရှိသဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိသည့် ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိကြသဖြင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်း ဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိပြီး Online လောင်းကစား မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ တိုက်ဖျက်သွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှ သတင်းထုတ်ပြန် သည်။
    ထုတ်ပြန်ရာတွင် Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်း အဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှုအများ စုသည် လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေကြသူများသည် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
    ထိုင်း-မြန်မာ (မဲဆောက်-မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား Mr. Wang Xing (ရုပ်ရှင်သရုပ်ဆောင်)ကို ၎င်းနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများက အချင်းချင်းချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေး ခဲ့သည့်သတင်းကိုလည်း သတင်းမီဒီယာများ၌ ဖော်ပြခဲ့ပြီး ၎င်းမှာ ထိုင်းနိုင်ငံ၌ သရုပ်ဆောင်အဖြစ် လာရောက်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် ဇန်နဝါရီ ၃ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေ ကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ဘန်ကောက်မြို့မှ တာ့ခ်ပြည်နယ် မဲဆောက်မြို့ မဲ့ကွန်းကန်ရွာအနီးရှိ သောင်ရင်းမြစ်ကမ်း (ထိုင်းနိုင်ငံဘက်ခြမ်း)သို့ရောက်ရှိပြီးနောက် လှေဖြင့် မြန်မာနိုင်ငံဘက်ခြမ်း၊ မြဝတီ-ရွှေ ကုက္ကိုနယ်မြေသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ယင်းနောက် အဆောက်အအုံတစ်ခုသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်စေရန် ဦးစွာလေ့ ကျင့်ပေးခဲ့ကြောင်း၊ ထပ်မံ၍ ဒုတိယအဆောက်အအုံတစ်ခုသို့ ဆက်လက်ရောက်ရှိ ခဲ့ပြီး ခေါင်းတုံး တုံးပေးခဲ့ကြောင်းနှင့် အွန်လိုင်း လိမ်လည်မှုလုပ်ကိုင်ရန် စေခိုင်းခြင်းခံခဲ့ရကြောင်း၊ အဆိုပါ နေရာသည် Online လောင်းကစား လိမ်လည်သည့်နေရာဖြစ်ပြီး အဆောက်အအုံအတွင်း တရုတ်နိုင်ငံသား ၅၀ ခန့်ရှိကြောင်း၊ ယင်းနောက် မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် အဆိုပါနယ်မြေအတွင်းရှိ ၎င်းနှင့်ပတ်သက်ခဲ့သည့် အဖွဲ့အစည်းများက တာ့ခ်ပြည်နယ် မဲဆောက်မြို့ ထဆောင်လွတ်မြို့နယ် အမှတ်(၇) ရပ်ကွက် ဝမ်သခီရန်သိုင့် ကျေးရွာရှိ အမှတ် (၃၄) ဂိတ်မှတစ်ဆင့် ၎င်းတရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းနောက် ညပိုင်းတွင် ဘန်ကောက်မြို့ရှိ လူကုန်ကူးခံရသူများ စောင့်ရှောက်ရေးဌာန (ဒွန်မောင်းဂေဟာ) သို့ ဇန်နဝါရီ ၁၀ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်း နတ်သျှင်နောင် မီးပွိုင့်အနီး၌ တရားမဝင်ဝင် ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Yin Jie နှင့် Mr. Huang Xiang တို့ နှစ်ဦးအား တွေ့ရှိသဖြင့် စိစစ် ဖော်ထုတ်ခဲ့ရာ  ၎င်းတို့သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက် မြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
    Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ပြုလုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ရရှိရန်၊ အင်တာနက်ဆက် သွယ်မှုရရှိရန်နှင့် တရားမဝင်လုပ်ငန်းအတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အအုံများရှိရန် အခြေခံလိုအပ်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယင်းအခြေခံအချက်အလက်များကို တစ်ဖက်နိုင်ငံကို အခြေခံ၍ ရယူသုံးစွဲနေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများပင် ဖြစ်ကြောင်း သိရသည်။ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှု များ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေး ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    မြန်မာနိုင်ငံအတွင်း Online လောင်းကစားမှုများ ကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ပြီးတရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ တရုတ် နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀၊ လာအိုနိုင်ငံ သို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်ကာပူနိုင်ငံသို့ နှစ်ဦး၊ ပိုလန်နိုင်ငံသို့တစ်ဦး၊ စပိန်နိုင်ငံသို့ တစ်ဦး၊ ရုရှား နိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှား နိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ သုံးဦး၊ အီဂျစ်နိုင်ငံသို့ နှစ်ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ သုံးဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံ သို့ ၁၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ သုံးဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ နှစ်ဦး၊ ကာဇက်စတန်နိုင်ငံသို့ တစ်ဦး၊ ကင်ညာနိုင်ငံ သို့နှစ်ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀၊ တောင်အာဖရိကနိုင်ငံသို့ တစ်ဦး၊ ဟောင်ကောင်သို့ တစ်ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ နှစ်ဦး၊ ဂါနာနိုင်ငံသို့တစ်ဦး၊ ဘူရွန်ဒီနိုင်ငံသို့ တစ်ဦး၊ တာ့ခ်မင်နစ္စ တန်နိုင်ငံသို့ တစ်ဦး စုစုပေါင်း ၅၅၇၁၁ ဦးအား ပြန်လည်လွှဲပြောင်း ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံ နှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး)ကို ကူညီစုံစမ်းရှာဖွေ ပေးရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ် ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများလက်ခံရရှိခဲ့သည်။ ၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ ဦး ပေါင်း ၁၂၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ငါးဦး၊ ပါကစ္စတန်တစ်ဦး၊ တရုတ်နှစ်ဦး ပေါင်း ရှစ်ဦးလွှဲရန် ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦး နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေး လျက်ရှိကြောင်း သိရသည်။
    Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင်နေသူများသည် သာမန်လူများမဟုတ် ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းပင်ဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ 'တရုတ်များက မြန်မာများကို လိမ်ခြင်းမဟုတ် သကဲ့သို့ မြန်မာများက တရုတ်များကိုလိမ်ခြင်းလည်း မဟုတ်ပါ၊ ရာဇဝတ်မှုကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင်ဖြစ်သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်'ကြောင်း ထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 128

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43136

© 2022 - 2025 News. All Rights Reserved.