တရုတ်သို့ တင်ပို့မည့် ကုန်စည်များတွင် ကော်ဖီစေ့ (မတေ) အပါအဝင် စားသောက်ကုန် ခုနစ်မျိုးကို Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် ကော်ဖီစေ့ (raw)၊ ကိုကိုးစေ့အပါအဝင်ကုန် စည်အုပ်စု ခုနစ်မျိုးကို Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန် သွယ်မှုဌာနခွဲ၊ GACC ရုံးလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်ထားသည်။
    ယင်းကုန်စည် ခုနစ်မျိုးမှာ ကော်ဖီစေ့ (raw)၊ ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက် အစိမ်းများ၊ ဟင်း ခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သည့် အစေ့အဆန်များ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ တရုတ်တိုင်းရင်းဆေး ထုတ်လုပ်သည့် တိရစ္ဆာန် (သို့မဟုတ်) အပင်မူရင်းများကို Manual စနစ်ဖြင့် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံ ပြောင်းဆန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက "သတ်မှတ်ထားတဲ့အတိုင်း မှတ်ပုံတင်ရမှာပေါ။ Manual စနစ်ဆိုတာ တရုတ်ပြည်ကို ပစ္စည်းပို့ရင် GACC လိုတယ်လေ။ အဲ့ဒါကို ဒစ်ဂျစ်တယ်စနစ်နဲ့ စစ်တာရှိတယ်။ ဒစ်ဂျစ်တယ်စနစ်နဲ့ပဲ စစ်တာမပြီးဘူး။ ကိုယ့်တိုင်လာစစ်တာကို Manual စနစ်လို့ ပြောတာပါ။ အစေ့အဆန်များဆိုပေမယ့် ပြောင်းဆန်ကတော့ နယ်စပ်ကနေပဲ အဓိကသွားနေ ပါတယ်။ အခုပြောင်းဆန်ဈေးက FOB ဈေးက တစ်တန်ကို ၂၆၀၊ ၂၇၀ ကြားရှိပါတယ်"ဟု ပြောကြားခဲ့သည်။
    အဆိုပါ ကုန်ပစ္စည်များအတွက် ယခင်က မှတ်ပုံတင်ခြင်းအတွက် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေး စားသောက်ကုန်စည်အုပ်စု ခုနစ်မျိုးကို China Department of Animal and plant Quarantine (DAPQ) ဌာနမှ ပြောင်းလဲတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကုမ္ပဏီမှ တိုက်ရိုက်ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနထံ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 131

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43136

© 2022 - 2025 News. All Rights Reserved.