ရန်ကုန်၊ ဇန်နဝါရီ ၂၂
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများ(တိုက်ပွဲရှောင်ပြည်သူများ)အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ရာတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေး အန္တရာယ်ကျရောက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူ၍ဆောင် ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးတွင် ထည့်သွင်းမှာကြား ခဲ့သည်။
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများ (တိုက်ပွဲရှောင် ပြည်သူများ) ဆိုရာတွင် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများက မြို့၊ ရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ကာ တရားမဲ့နယ်မြေကျူးကျော်လာမှုများကြောင့် ယာယီနေရပ် စွန့်ခွာရသူများအပြင် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရသဖြင့် ခေတ္တနေရပ် စွန့်ခွာလာရသူများလည်း ပါဝင်ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် 'သဘာဝဘေးအန္တရာယ်' ဆိုသည့်စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ 'အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်ပွားခြင်း'တို့သည် သဘာဝဘေးအန္တရာယ်တွင် ပါဝင်သောကြောင့် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများကို လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေး နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စာရင်းကောက်ယူလျက်ရှိရာ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာ စခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေ ထိုင်ခြင်း၊ မိမိအစီအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့်နေထိုင်ခြင်းများရှိရာ ထိုသို့ နေထိုင်သူများအားလုံးသည်လည်း စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်း သိရသည်။
ဆက်လက်၍ ယာယီနေရပ်စွန့်ခွာ နေကြရသည့် ပြည်သူများအား အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေး အကျုံးဝင်သူအားလုံး ပါဝင်အောင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်နှင့် အကျုံးဝင်သူ အားလုံးကလည်း စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သိရသည်။ ထူးမြတ်