တိုင်းရင်းသားပါတီများ အနိုင်မရဘဲ အခြားသောပါတီများသာ အနိုင်ရရှိပါက ဖက်ဒရယ်ကိစ္စ ဝေးသွားနိုင်ဟုဆို

နေပြည်တော်၊ ဇွန် ၁၈
    လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အနိုင်မရရှိဘဲ အခြားသောပါတီများသာ အနိုင်ရပါက ဖက်ဒရယ် ကိစ္စမှာ ဝေးသွားနိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အထွေထွေအတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "ဘာပဲဖြစ်ဖြစ် တိုင်းပြည်တစ်ခု လုံးပြောင်းလဲဖို့က တိုင်းရင်းသားတွေချည်း လုပ်လို့မရဘူး။ တစ်နိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်မယ့် ပါတီကြီးတွေနဲ့ မျှမျှတတ ပူးပေါင်းဆောင်ရွက်မှရမယ်။ တိုင်းရင်းသား တွေ အများစုနိုင်သွားလည်း အစိုးရဖွဲ့နိုင်ဖို့ ခက်ခဲတဲ့အနေအထားမှာ ရှိဦးမယ်။ ဘာတစ်ခု အားသာ ချက်ရှိနိုင်လဲဆိုရင် ပါတီကြီးတွေနဲ့ တိုင်းရင်းသားပါတီတွေ ညှိနှိုင်းဆောင်ရွက်တော့ မယ်ဆိုရင် အာဏာခွဲဝေရယူတဲ့အခါမှာ တိုင်းပြည်အတွက် တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်အရေးတွေကို ညှိနှိုင်း ဆောင်ရွက်သွားဖို့လမ်းကြောင်း ပိုနီးလာတယ်။ တိုင်း ရင်းသားပါတီ ခေါင်းဆောင်တွေက တစ်ဆင့် EAOs တို့လို ကြားခံအဖြစ် ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင် တိုင်းပြည်အနာဂတ် ပုံဖော်မယ့်ကိစ္စမှာ အများကြီး နီးစပ်သွားမယ်။ ဒါမှမဟုတ် တိုင်းရင်းသားပါတီတွေ အနိုင်မရဘူး။ အခြားပါတီတွေသာ အနိုင်ရမယ်ဆိုရင် ဖက်ဒရယ်ကိစ္စလည်း ဝေးသွားနိုင်တယ်။ ကောင်းတာက တိုင်းရင်းသားပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ ပါတီကြီးတွေအနေနဲ့ လက်ရှောင်ပြီး သဘောထား ကြီးကြီးနဲ့ လွှတ်တော်ထဲ ရောက်အောင် သွားကြမယ်ဆိုရင် ပိုကောင်းလာနိုင်တယ်။ ၂၀၁၅၊ ၂၀၂၀ မှာ သင်ခန်းစာတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ တိုင်းပြည်ကောင်း ဖို့အတွက်ဆိုရင် နိုင်ငံရေးပါတီခေါင်းဆောင် တွေအားလုံး အမြော်အမြင်ကြီးကြီးနဲ့ လက်တွဲဆောင်ရွက်ဖို့တော့လိုတယ်။ ငါတို့ပါတီပဲ အနိုင်ရဖို့သွားရင်တော့ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းတွေအရတော့ မလှဘူး။ လက်ရှိ နိုင်ငံရေးပါတီတွေအားလုံးက မဲဆန္ဒနယ်ကို ညှိနှိုင်းဆောင်ရွက်ပြီး အပေးအယူတွေ လုပ်နိုင်ရင်တော့ တိုင်းပြည်အတွက် ရလဒ်တွေ ပိုကောင်းလာနိုင်တယ်"ဟု ၎င်းကပြောသည်။ 
    ရွေးကောက်ပွဲကို အနိုင်ရအကုန် ယူစနစ် FPTP နှင့် အချိုးကျ PR စနစ်နှစ်ခုလုံးကို အသုံးပြုသွားမည်ဟု အရိပ်အမြွက်သိ ထားသော်လည်း ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ မထွက်သေးသည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် အခက်အခဲတချို့ရှိနေသေးကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။ 
    "လောလောဆယ် UEC တို့၊ နစက ခေါင်းဆောင်တွေက ပြောထားတဲ့ စကားတွေက ရှိပြီးသား။ ပိုပြီး တဖြည်းဖြည်းတော့ နီးစပ်လာတယ်။ အများနိုင်စနစ်နဲ့ရော၊ PR နဲ့ပါသွားမယ်ဆိုတာ အရိပ်အမြွက်တော့ သိထားပြီးသား။ ဒါဘယ်လိုသွားမလဲ၊ ဘယ်လို စနစ်နဲ့လဲဆိုတာ ရိပ်မိတယ်။ ရိပ်မိတယ် ဆိုပေမယ့် ဘာမှလုပ်လို့မရတာက PR ကို ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတာ မှန်းလို့မရဘူး။ ဒါက ဥပဒေ ထွက်လာမှ လုပ်လို့ရမှာ။ လောလောဆယ်က လမ်းကြောင်းကို မှန်းဆလို့ရပေမယ့် လက်တွေ့က ဥပဒေထွက်လာမှ လုပ်လို့ရမယ်။ UEC အနေနဲ့လည်း ဒီ့ထက်ပိုပြောဖို့ ခက်ခဲနိုင်တယ်။ ကောင်းတာက ရွေးကောက်ပွဲ ဥပဒေတွေ အမြန်ဆုံးထုတ် ပြန်ပေးစေချင်တယ်။ လောလောဆယ်တစ်နိုင်ငံလုံး ဝင်ပြိုင် နိုင်တဲ့ ပါတီကကိုးပါတီ လောက်ပဲရှိမယ်။ ကျန်တာက တိုင်းရင်းသား ပါတီတွေဖြစ်တော့ ဥပဒေကို ထုတ်ပြန်တဲ့အချိန်နဲ့ ရွေးကောက်ပွဲ လုပ်မယ့်အချိန် ဘယ်လောက်ပဲ နီးကပ်သည်ဖြစ်စေ ပြင်ဆင်မှု၊ စည်းရုံးမှုတွေက သိပ်ပြီး ပြဿနာမရှိနိုင်တော့ဘူးလို့ထင်တယ်။ တိုင်းရင်းသားပါတီ တွေအနေနဲ့ အခက်အခဲမရှိနိုင်ဘူး။ အခက်အခဲရှိမှာက တစ်နိုင်ငံယှဉ်ပြိုင်မယ့် ပါတီကြီးတွေအတွက် ရှိနိုင်တယ်။ သူတို့အနေနဲ့ ပြင်ဆင်ထားမယ်ဆိုရင်တော့ ပြဿနာ မရှိနိုင်ဘူး"ဟု ၎င်းကပြောသည်။ 
    လာမည့် ပါတီစုံအထွေထွေရွေး ကောက်ပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် မိမိဒေသ အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်ရန် လွှတ်တော်အတွင်း နေရာရရှိ လာရန်မျှော်မှန်းလျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 34

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45591

© 2022 - 2025 News. All Rights Reserved.