ရန်ကုန်၊ ဒီဇင်ဘာ ၁၁
၂၀၂၄ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း ငွေကျပ်ကိုးဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအပြင် ငွေကျပ်သိန်းပေါင်းထောင်ချီ တန်ဖိုးရှိမူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရိမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
ငွေကျပ် ၉ ဒသမ ၁ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ဂရမ် ၄၄၀ ဖမ်းဆီးရမိမှု ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံ နက် ၆ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် (၁၀၁)လမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကျော်သူလွင်(ခ)မွန်ချေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ စတင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းငှားရမ်းနေထိုင်သည့် ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ(၁)ရပ်ကွက်ရှိ နေအိမ်၌ သိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၄ သိန်းအား လည်းကောင်း၊ မန္တလေးမြို့ ၃၅ လမ်းနှင့် ၅၄ လမ်းထောင့်ရှိ ဟိုတယ်အခန်းတွင် ရောင်းချရန်အသင့်ထားရှိသည့် ဘိန်းဖြူဂရမ် ၄၄၀ အားလည်းကောင်း အသီးသီးဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၉ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၆၁ သိန်း၊ ဘိန်းဖြူ ဂရမ် ၄၄၀ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ခိုင်မင်း(ခ)ဖိုးလုံးအား CRV မော်တော်ယာဉ် တစ်စီးနှင့်အတူ မန္တလေးမြို့ ၅၁ လမ်း၊ ၁၂၃ x ၁၂၄ လမ်းကြား၌ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၃ ရက်က လည်းမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကလောမြို့နယ် ရေယားကျေးရွာ အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ခွန်ကျော်ဟိန်း မောင်းနှင်ပြီး မောင်တီးလိုက်ပါ လာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅၃၈၀၀၀ (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၂၆၉၀)နှင့် လက်ကိုင် ဖုန်းနှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်း ဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် မောင်လွှာအား တောင်ကြီးမြို့ ညောင်ဖြူ စခန်းရပ်ကွက်ရှိ နေအိမ်တွင် HONDA FIT အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အားလည်းကောင်း၊ စောစင်ကြယ်မင်း နှင့် စောစိုးစိုးပိုင်တို့အား ပဲခူးမြို့နယ် ပြည်တော်အေးကျေးရွာရှိ ဟိုတယ်တွင် TOYOTA PROBOX အမျိုး အစား မော်တော်ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်း သုံးလုံးတို့အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာ အနီးတွင် အိုက်ခေး မောင်းနှင်လာသည့် HILUX REVO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေ ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေး ပြားများအား တာချီလိတ်မြို့နယ်မှ မိုင်းဆတ်မြို့နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်