ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်၍ ငွေကျပ် ၄၉၀၉ ဒသမ ၃၄ သန်း ရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈
    ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ပြည်တွင်းခရီးသွားဦးရေ ၃၉၉၆၃၇ ဦး၊ ပြည်ပခရီးသွား ၆၃၂၉ ဦး ဝင်ရောက်ခဲ့ပြီး ငွေကျပ် ၄၉၀၉ ဒသမ ၃၄ သန်းရရှိခဲ့၍ ကာလတူနှိုင်းယှဉ်ချက်အရ ပြည်တွင်းခရီးသွား ၁၃၇၅၁ ဦးနှင့် ဝင်ငွေကျပ် ၆၅၁ ဒသမ ၂၅ သန်း ပိုမို တိုးတက်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ 
    ပဲခူးတိုင်းဒေသကြီးအတွင်း ရာသီအလိုက်ပွဲတော်များ၊ အထင်ကရဘာသာရေးပွဲတော်များ၊ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ ခရီးစဉ်ဒေသလိုက် လာရောက်လည်ပတ်ရန် နေရာများရှိပြီး ခရီးစဉ်အသစ်များ ထပ်မံဖော်ထုတ်ရန်လိုအပ်ကြောင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မ တီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
    "ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်လို့ ဒေသတွင်းခရီးသွားလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဘက်ပေါင်းစုံကနေ မြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ရာသီအလိုက်ပွဲ တော်တွေ၊ အထင်ကရ ဘာသာရေးပွဲတော်တွေနဲ့ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေ ရှိပါတယ်။ ခရီးစဉ်အသစ်တွေ ထပ်မံဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ 
    ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ရေးအတွက်ကိုတော့ မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး၊ ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနိုင်ရေး၊ ပန်းခြံတွေနဲ့ Public Toilet တွေ အစဉ်အမြဲ သန့်ရှင်းစေရေး ဆောင်ရွက်ထားရမှာဖြစ်ပြီး တည်းခိုဖို့ ဟိုတယ်၊ မိုတယ်တွေ မှာ အစားအစာ သန့်ရှင်းကောင်းမွန်စေရေးနဲ့ ဝန်ဆောင်မှု ကောင်းမွန်ပြည့်စုံအောင် ကြီးကြပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ 
    ခရီးသွားလုပ်ငန်းသည် ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ချိတ်ဆက်နေသည့်လုပ်ငန်းတစ်ခုဖြစ်၍ ခရီးသွားများ အဆင်ပြေချောမွေ့မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု၊ စိတ်ကျေနပ်မှု စသည်တို့ကို ဖြည့်ဆည်းပေးခြင်းဖြင့် ဒေသ၏ ခရီးသွားလုပ်ငန်း အောင်မြင်လာမည် ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 131

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43135

© 2022 - 2025 News. All Rights Reserved.