၂၀၂၃ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်ကို ဆက်သွယ်မည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) ၏ ပင်မတံတား တည်ဆောက်မှု ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း လုပ် ငန်းအားလုံးပြီးစီးစေရေး လျာထားဆောင် ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်(၃)သည် လက်ရှိ အသုံးပြုနေသည့် ရန်ကုန်-သန်လျင် အမှတ်(၁) တံတား၏ အနီးတွင် တည်ရှိပြီး ပင်မတံတားအရှည် ၁၉၂၈ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၂၄ မီတာယာဉ် လေးလမ်းသွားနှင့် သာကေတ ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၈၈ မီတာရှိပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦး ဗိုလ်ဌေးတို့နှင့်အတူ သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ တံတားချဉ်းကပ်လမ်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက် နေမှု၊ Stay Main Tower အမှတ်(၁) (P-11) နှင့် အမှတ်(၂)( P-12) တို့ရှိ လုပ်ငန်းများဆောင်ရွက်နေမှု၊ လွန်းထိုးခြင်း (Lauching) နည်းပညာကိုအသုံးပြု၍ PC Box Girder များ တပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
လက်ရှိတွင် တည်ဆောက်ခြင်း လုပ်ငန်းအနေဖြင့် အဓိက ပင်မတံတားတည် ဆောက်ခြင်းများ ပြီးစီးပြီ ဖြစ်၍ လက်စသတ် လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအား လုံးပြီးစီးစေရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပဲခူးမြစ်ကူး သန်လျင်တံ တားအမှတ်(၃) တည်ဆောက်ရေးစီမံကိန်း တစ်ခုလုံး ပြီးစီးပါက သံလွင်တံတား အမှတ်(၁)တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ် ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။