ရန်ကုန်၊ ဇွန် ၁၀
ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံး ယာဉ်များ SKD နှင့် CKD စနစ်ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများ ဆက်လက်ဖြေလျှော့ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
SKD စနစ်ဖြင့် ထုတ်လုပ်မည့် ၂၀၀၀ စီစီနှင့်အထက် ယာဉ်များနှင့် ၂၀၀၀ စီစီနှင့်အောက် ထုတ်လုပ်မည့်ယာဉ်များအတွက် ယခင်က ၇ ဒသမ ၅ ရာခိုင်နှုန်းကောက်ခံသည့်အစား ၅ ရာခိုင်နှုန်း သို့လည်းကောင်း၊ CKD စနစ်ဖြင့် ထုတ်လုပ်မည့် အဆိုပါယာဉ်များအတွက် ယခင်က ၅ ရာခိုင်နှုန်း ကောက်ခံရာမှ ၃ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချသတ်မှတ်လိုက်သည်။
SKD စနစ်ဖြင့်ထုတ်လုပ်မည့် သုံးဘီးမော်တော်ဆိုင်ကယ်(လူစီး)ကို ယခင်က ၇ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ ၃ ရာခိုင်နှုန်းသို့ လည်းကောင်း၊ CKD စနစ်ဖြင့် ထုတ်လုပ်မည့် သုံးဘီးမော်တော်ဆိုင်ကယ်(လူစီး)ကို ယခင်က ၅ ရာခိုင်နှုန်းသတ်မှတ်ရာမှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း ပြောင်းလဲသတ်မှတ်လိုက်သည်။
အလားတူ SKD စနစ်ဖြင့် ထုတ်လုပ်မည့် ကုန်တင်ဆိုင်ကယ်များအတွက် ယခင်က ၇ ဒသမ ၅ ရာခိုင်နှုန်းအစား ၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ CKD စနစ်ဖြင့် ထုတ်လုပ်မည့် သုံးဘီးမော်တော်ဆိုင်ကယ် (ကုန်တင်)ကို ယခင်က ၅ ရာခိုင်နှုန်းသတ်မှတ်ရာမှ ၃ ရာခိုင်နှုန်းသို့ လည်းကောင်း ပြောင်းလဲသတ်မှတ်သည်။
SKD စနစ်ဖြင့် ထုတ်လုပ်မည့် ဘတ်စ်ကားများကို ယခင်က ၇ ဒသမ ၅ ရာခိုင်နှုန်းအစား ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ CKD စနစ်ဖြင့် ထုတ်လုပ်မည့် ဘတ်စ်ကားများကို ယခင်က ၅ ရာခိုင်နှုန်း သတ်မှတ်ရာမှ ၃ ရာခိုင်နှုန်းသို့လည်းကောင်း ဖြေလျှော့သတ်မှတ်ခဲ့ပြီး SKD နှင့် CKD စနစ်ဖြင့် ထုတ်လုပ်မည့် မော်တော်ဆိုင်ကယ်များကို ယခင်က ၃ ရာခိုင်နှုန်းသတ် မှတ်ရာမှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။ သက်မှူး