ဗန်းမော်မှာ KIA စစ်ဦးကျိုး၍ ဘိန်းစားပါမကျန် ပေါ်တာဆွဲနေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ 
    ဗန်းမော်မြို့တိုက်ပွဲများတွင် KIA စစ်ဦးကျိုး၍ လူငယ်လူရွယ်၊ သက်ကြီးရွယ်အိုနှင့် မူးယစ်ဆေး စွဲနေသူများပါမကျန် ပေါ်တာဆွဲနေကြောင်း ကချင်ပြည်နယ် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 
    KIA အနေဖြင့် ကချင်ပြည်နယ် ဒေသအတွင်း စစ်ရေးအရ နယ်မြေချဲ့ထွင်မှုများ ပြုလုပ်ခဲ့သော်လည်း တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် ဗန်းမော်မြို့တွင် စစ်ဦးကျိုး၍ အထိနာသွားခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ 
    "ဗန်းမော်မှာ KIA က စစ်ဦးကျိုးသွားပြီဆိုတော့ ခဏနားနေတာ။ တော်တော် ထိသွားတာ။ လူပြန်စုဦးမယ်လို့ ကြားတယ်။ လူရော၊ လက်နက်ရော ပြန်စုမယ်ကြားတယ်။ တပ်မတော်က ခေတ်မီ လက်နက်တွေ ဒီဘက်ကို ပို့လိုက်တာကိုး။ ဒရုန်းတွေရော၊ ဂျန်ဘာတွေရော။ စပယ်ရှယ် ပို့လိုက်တာ။ KIA တော်တော် ပြန်ခံလိုက်ရတယ်။ ဒရုန်းကိုလည်း ရှယ်လွှတ်တာ။ ဒရုန်းပျံတာ မမြင်လိုက်ရဘဲ။ ဗုံးတွေပဲကျလာတော့ တော်တော်ခံလိုက်ရတယ်။ တပ်မ(၂၁)ကို တိုက်ဖို့ဆိုတာက ဖြတ်သွားရမယ့် နေရာကြီးက လေယာဉ်ကွင်းကြီး ဘာအကာအကွယ်မှ မရှိဘူး။ စိမ်ပြေနပြေ ထိုင်ပစ်နေလို့ ရတယ်။ မပစ်ပါဘူး။ ဒရုန်းလွှတ်လိုက်တာ။ ဟိုတစ်ခေါက်ကလည်း ထောင်နားကို ကပ်လာတာ ရှစ်ယောက် ဒရုန်းဗုံးလေး ကြဲပေးလိုက်တာ အကုန် သေတာပဲ။ အဲဒါကို သူတို့ မတိုက်နိုင်တာ။ အဲဒါကို တိုက်နိုင်ရင် ဗန်းမော်ကို သူတို့ရမှာ။ ဒရုန်းတွေ ဘယ်လောက် အဆင့်မြင့်လဲဆိုရင် ညဘက်ကို မြင်ရတယ်။ ညဘက်မှာပါ ပုန်းအောင်းနေလို့ မရဘူး။ အဲဒါကြောင့် KIA က အမှောင်ထဲမှာတောင် လှုပ်ရှားလို့ မရဘူး။ အရင်တုန်းက KIA က အမှောင်ထဲမှာ ပြောက်ကျားပုံစံ လှုပ်ရှားကြတာ။ အခုတော့ မနက်ရော၊ ညရော တိုက်လို့ မရတော့ဘူး။ ညကြည့် ကင်မရာတွေပါ ပါတော့လေ။ ဒီကောင်တွေမှာလည်း ဒရုန်း တွေရှိ တာပဲ။ ဒါပေမဲ့ ဘယ်လိုမှ လွှတ်လို့မရဘူး။ တပ်မတော်က အကုန်ဖျက်ချပစ်တာ။ တပ်မတော်ဘက်က လွှတ်တဲ့ဒရုန်းတွေက KIA ဒရုန်းတွေထက် နည်းပညာမြင့်တော့ ဒီကောင်တွေဆီမှာရှိတဲ့ ဂျန်ဘာက မမီဘူး။ ဖျက်လို့မရဘူး ဖြစ်နေတာ။ ဒီကောင်တွေ ဒုက္ခရောက်နေတာ။ တော်တော်ကောင်းတဲ့ ပစ္စည်းတွေ ပို့ပေးလိုက်တာ"ဟု ၎င်းကပြော သည်။ 
    အလားတူ တိုက်ပွဲများတွင် KIA အနေဖြင့် PDF နှင့် KIA ကို ရှေ့တန်းမှ တိုက်ခိုင်းသည့်အတွက် ပူးပေါင်းအဖွဲ့များ အချင်းချင်းကြားတွင် ပြဿနာနှင့် အကွဲအပြဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ကချင်ပြည်နယ် စစ်ရေး အခြေအနေ လေ့လာသူ ဒေသခံတစ်ဦးက ပြောသည်။ 
    " PDF တွေက ဒေါသထွက်လာပြီလေ။ ဒီကောင်တွေကိုပဲ ထိုးကျွေးနေတာဆိုတော့။ KIA က နောက်ကနေပဲ အမိန့်ပေးနေတာ။ ရှေ့တက်တာ မဟုတ်ဘူး။ ရှေ့တက်တာက PDF နဲ့ AA ။ ဗန်းမော်မှာ အများဆုံး သေတာက PDF နဲ့ AA ပဲ သေနေကြတာ။ အခု နောက်ဆုံးရာမတွေ ကျွေးပြီးတော့ကို တိုက်ခိုင်းရတဲ့ အဆင့်ရောက်နေပြီ"ဟု ၎င်းက ပြောသည်။ 
    ယခုအခါ KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း ဘိန်းဖြူများ ရောင်းချခြင်း၊ တပ်သားသစ် စုဆောင်းခြင်း၊ မတရားသဖြင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း မြစ်ကြီးနားမြို့ပေါ်သို့ တိမ်းရှောင်လာသူ တစ်ဦးက ပြောသည်။ 
    "ဆော့လော်ဘက်မှာ KIA က ဘိန်းဖြူကို တရားဝင် ထုတ်ပေးပြီး ရောင်းခိုင်းနေတာ။ ဘိန်းမည်းတော့ ရောင်းခွင့် မပေးဘူး။ ဒေသတွင်းမှာ ဘယ်သူမဆို လွတ်လွတ်လပ်လပ် လာဝယ်လို့ရတယ်။ လွတ် လွတ် လပ်လပ် ရောင်းလို့ရတယ်။ အခု သူတို့ လူဆွဲချက်က ဘိန်းစားကအစ မချန်ဘူး အကုန်ဆွဲနေတာ။ အဆိုးဆုံးက KIA ပေါ်တာဆွဲတာပဲ။ ကြောက်စရာကောင်းတယ်။ အသက် ၅၀၊ ၆၀ အရွယ်ကြီး တွေလည်း ဆွဲတာပဲ။ ၁၂ နှစ်၊ ၁၃နှစ် အရွယ်လေးတွေပါ ဆွဲတယ်။ တပ်မတော်က စစ်ကြောင်းထိုးလာ ပြီဆိုရင် သူတို့က ကလေးတွေ သက်ကြီးရွယ်အိုတွေကို ရှေ့ထုတ်လိုက်တာ။ ဘိန်းရောင်း တာက နှစ်မျိုးရှိတယ်။ KIA က ဒေသမှာ အုပ်ချုပ်ရေးယန္တရား ဖော်တယ်။ ဖော်တော့ ဒေသလူတွေက မကြိုက်လို့ဆိုပြီး ဟိုတစ်ခေါက်ကလည်း ပန်ဝါကိုလွှတ်တဲ့ ရေပိုက်လိုင်းတွေကို ဖြတ်တောက်ပစ်တာ။ အဲဒီလိုဆိုတော့ ဘိန်းတွေ ထုတ်ရောင်းတယ်။ ဘိန်းစွဲသွားရင် သူတို့ခိုင်းသမျှ လုပ်ရတော့မယ်လေ။ အဲဒီလိုမျိုး ပုံစံသွင်းတာ။ မူးယစ်ဆေး စွဲသွားတဲ့ လူငယ်တွေကို ရှေ့တန်းမှာ ထည့်လိုက်တာ။ ထွက်ပြေးတဲ့ လူတွေများတယ်။ အခုဆိုရင် MEC ဖုန်းတွေ အကုန်လိုက်သိမ်းနေတာ။ သူတို့ထင်တာ MEC ဖုန်းလိုင်းတွေ မိနေတော့။ သူတို့ စစ်ရှုံးတာက MEC ဖုန်း တွေနဲ့ တပ်မတော်ကို သတင်းပေးနေတာဆိုပြီး လိုက်သိမ်း နေတယ်"ဟု ၎င်းကပြောသည်။
    KIA အနေဖြင့် ဒီဇင်ဘာလက စတင်ခဲ့သည့် ဗန်းမော်မြို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ယခု နှစ်လကျော်ကာလသို့ ရောက်ရှိလာခဲ့ရာ တပ်မတော်၏ တန်ပြန် ထိုးစစ်များကြောင့် KIA ပူးပေါင်းအဖွဲ့များ အကျအရှုံးများစွာဖြင့် အထိနာလျက် ရှိသည်။ ဖေဖော်ဝါရီ ၂၀ ရက်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းရွာကို KIA ဝင်ရောက်လာပြီး ဒေသခံ ၅၆ ဦးကို စစ်သား စုဆောင်းရေးအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ 
    အလားတူ အင်းတော်ကြီးဒေသ လက်ပံတန်းကျေးရွာက ဒေသခံများကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်က စစ်သားစုဆောင်းရေးအတွက် KIA က ဖမ်းဆီးသွားသလို မိုးညှင်းမြို့နယ်၊ အင်းဖို၊ အင်းမရွာ အနီးတွင်လည်း အမျိုးသမီး ၂၀ ကို ဖေဖော်ဝါရီ ၂၁ ရက်က  ဖမ်းဆီးသွားကြောင်း သိရသည်။ 
    ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ပင်းခါးနှင့် ကြောင်လည် ကျေးရွာမှ ဒေသခံ ၇၀၀ နီးပါးကိုလည်း KIA-PDF များက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တွင် ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်မလွတ်လာသေးကြောင်း သိရသည်။
    KIA-PDF သည် ဗန်းမောက်မြိုနှင့် ဗန်းမော်မြို့များကို တိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများ သည့်အတွက် စစ်အင်အား ဖြည့်တင်းရန်အတွက် စစ်သားများစုဆောင်း နေခြင်းဖြစ်ကြောင်း သိရသည်။ 
ကွန်းဈာန်

Total Views ~ 117

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43126

© 2022 - 2025 News. All Rights Reserved.