နေပြည်တော်၊ ဒီဇင်ဘာ ၁၁
မဲမသမာမှုကို ထိန်းကျောင်း၍ အစိုးရဖြစ်လာသော နစက၏ ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲက သိက္ခာရှိသော လွှတ်တော်ဖြစ်တည်နိုင်ရေးအတွက် ဖန်တီးသွားနိုင်လိမ့်မည်ကို ယုံကြည်ကြောင်း ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီမှ အတွင်းရေးမှူး ဦးစိုင်းလှိုင်ငြိမ်းက ပြောသည်။
မည်သည့် နိုင်ငံရေးပါတီမှ အခွင့်ထူးခံ မဖြစ်ပေါ်စေရေး အရေးကြီးပါတယ်။ ဒါကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေတည်ပြီးတော့ ပြည်ထောင်စုကြီးကို တိုင်းပြည်ကြီးကို တည်ဆောက်ကြမယ့်အခါမှာ ဘယ်သူ့ ဘယ်သူကိုမှ အခွင့်ထူးခံ မဖြစ်ပေါ်စေရေးအတွက်ကိုလည်း ကြိုတင် အသိပေးချင်ပါတယ်။ ဒါပေမဲ့လို့ အခု ယုံကြည်ရတာက ရွေးကောက်ပွဲရဲ့ ရလဒ်တွေအပေါ်မှာ မသမာမှုတွေ ပြုခဲ့ဖူးတဲ့ အစိုးရတစ်ရပ်ကို ထိန်းကျောင်းပြီးတော့ မိမိကိုယ်တိုင် အစိုးရ ပြုလုပ်ပြီးတော့မှ မသမာမှုကို ထိန်းကျောင်းရင်းနဲ့ အစိုးရဖြစ်လာတဲ့ အစိုးရကနေ ပြန်လည်ဖန်တီးမယ့် ရွေးကောက်ပွဲကတော့ ဘယ်လိုပဲဖြစ်ဖြစ် သမာသမတ်ကျသော မျှတသော နည်းလမ်းတွေကို သုံးပြီးတော့မှ သိက္ခာရှိသော ရွေးကောက်ပွဲနဲ့၊ သိက္ခာရှိသော UEC ၊ သိက္ခာရှိသော လွှတ်တော်ဖြစ်တည်နိုင်ရေးအတွက်ကို ဖန်တီးသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု ဒီဇင်ဘာ ၇ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပသည့် နိုင်ငံရေးပါတီများနှင့် UEC တွေ့ဆုံပွဲတွင် ဦးစိုင်းလှိုင်ငြိမ်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ရွေးကောက် ပွဲအတွက် မဲဆန္ဒနယ်များ သတ်မှတ်ရာ၌ မငြိမ်သက်သော ဒေသနှင့်ငြိမ်သက်သော ဒေသကို မည်သို့ ပိုင်းခြားသွားမည်ကို မေးမြန်းတင်ပြခဲ့သည်။
"မဲဆန္ဒနယ် သတ်မှတ်ကြေညာခြင်း၊ အသိအမှတ်ပြုခြင်းဆိုတဲ့ အနေအထားမှာ၊ မဲဆန္ဒနယ် သတ်မှတ်ကြတဲ့အခါမှာ မငြိမ်မသက်သော နေရာဒေသနဲ့ ငြိမ်သက်သော နေရာဒေသကို ပိုင်းခြားပြီးတော့ ဒေသရဲ့ အကျဉ်းအကျယ်အပေါ် မူတည်ပြီးတော့ ကြေညာသွားကြမှာလား၊ ဒါမှမဟုတ် ငြိမ်သက်နေသော နေရာဒေသကိုသာလျှင် ဖဲ့ပြီးတော့ ပေးသွားကြမှာလားဆိုတဲ့ အပိုင်းတွေရှိပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး(၁)နဲ့ တိုင်းဒေသကြီး(၂)ဆိုပြီး ခွဲခြားတဲ့နေရာမှာ ဥရုချောင်းဒေသကို တိုင်းဒေသကြီး (၂) ဒေသ၊ ချင်းတွင်းမြစ် အထက်ပိုင်းကိုကျတော့ တိုင်းဒေသကြီး(၁)ဆိုပြီး ခွဲထားတာ ရှိပါတယ်။ အခု ဥရုချောင်းမှာ တော်တော်များများ စစ်ရဲ့အနိဋ္ဌာရုံကို တွေ့နေကြပြီးတော့ ရွေးကောက်ပွဲဆိုတဲ့ အနေအထားကိုမပြောနဲ့ ကိုယ့်ရဲ့ဘ၀ အသက်ရှင်နေထိုင်ရေးအတွက်ကို ရုန်းကန်နေကြရတယ်။ ဒီလိုဒေသတွေကို ဘယ်လို မဲဆန္ဒနယ်တွေ ခွဲပေးမှာလဲ ဆိုတဲ့အရာတွေ ရှိနေပါတယ်"ဟု ၎င်းကပြော သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ် ဖော်ဆောင် ပေးနိုင်ရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီ ညွတ်ရေးပါတီ Shan – Ni Solidarity Party (S.S.P)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်အမှတ်(၁၃/၂၀၂၃)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်အမှတ်မှာ (၈) ဖြစ်သည်။
ကွန်းဈာန်