မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံကပေးပို့မည့် လူသားချင်း စာနာမှုအကူ အညီတချို့ ရောက်ရှိမည်

ရန်ကုန်၊ စက်တင်ဘာ ၁၇ 
    မြန်မာနိုင်ငံရှိ ရေကြီးရေလျှံမှုခံ စားနေရသည့် ရေဘေးသင့်ပြည်သူများအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကပေးပို့မည့် လူသားချင်းစာနာမှု အကူအညီတချို့ ရောက်ရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ပြုလုပ်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး (၂/၂၀၂၄) သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ယင်းအစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားရာတွင် နိုင်ငံတကာ အကူအညီအနေဖြင့် မြန်မာနိုင်ငံအပေါ် နှောင်ကြိုးမဲ့ ဆောင်ရွက်ကူညီခဲ့မှုများရှိကြောင်း၊ ယခုလည်း အာဆီယံကပေးပို့မည့် လူသားချင်းစာနာမှု အကူအညီတချို့ ရောက် ရှိတော့မည်ဖြစ်ပြီး AHA Center မှ နိုင်ငံတွင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (In-Country Liaison Team – ICLT) ကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ရေးနှင့် နိုင်ငံတကာအကူအညီများတိုးတက်ရရှိရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနိုင်ငံများ ထိခိုက်ခံစားခဲ့ရပြီး မြန်မာနိုင်ငံတွင်လည်း ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခံစားခဲ့ရခြင်းဖြစ်သည်။     ရေကြီးရေလျှံမှုခံစားနေရသည့် ရေဘေးသင့်ပြည်သူများအတွက် စီမံခန့်ခွဲမှုကော်မတီနှင့် တိုင်း ဒေသကြီး/ပြည်နယ် စီမံခန့်ခွဲမှုအဖွဲ့များက လိုအပ်ချက်များကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးလျက်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ တည်မြဲအမိန့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များက အဖွဲ့များဖွဲ့၍ စီမံဆောင်ရွက်သွားရန် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။
    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ နယ်မြေတွင် စက်တင် ဘာ ၁၂ ရက် ရေကျချိန်မှစ၍ သန့်ရှင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီများက ကူညီကယ်ဆယ်ရေး၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများက သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် တာဝန်ရှိသူများက ရေကြီးရေလျှံနေသည့်နေရာများအား ခက်ခက်ခဲခဲဖြင့် သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၁၅ ရက် တင်ပြမှုအရတိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခုရှိ မြို့နယ် ၆၉ မြို့နယ်တွင် သေဆုံးမှုအနေဖြင့် နေပြည် တော်တွင် ၄၇ ဦး၊ ကရင်ပြည်နယ်တွင် ငါးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၆ ဦး၊ ရှမ်းပြည်နယ်တွင် ၄၃ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးရှိကြောင်း သိရှိရပြီး  ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပျက်စီးမှု၊ သေဆုံးပျောက်ဆုံးမှုများကို အတည်ပြုထုတ် ပြန်သွားရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း ကထည့်သွင်း ပြောကြားခဲ့သည်။
    ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည် နယ်ကိုးခုတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားရေး၊ သန့်ရှင်းသော သောက်သုံး ရေရရှိရေး၊ ကျန်းမာရေးနှင့် အဝတ်အထည်ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက လှူ ဒါန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက ထည့်သွင်းပြော ကြားခဲ့သည်။ နဒီ

Total Views ~ 363

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43306

© 2022 - 2025 News. All Rights Reserved.