မြန်မာ့တပ်မတော်နှင့် MNDAA အပစ်ရပ်သတင်းကြောင့် လားရှိုးပြည်သူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ

နေပြည်တော်၊ ဇန်နဝါရီ ၂၂
    မြန်မာ့တပ်မတော်နှင့် ကိုးကန့် (MNDAA) တို့ အပစ်ရပ်သည်ဟူသော သတင်းကြောင့် လားရှိုးမြို့ဒေသခံများ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြကြောင်း သိရသည်။
    "သူတစ်ပြန် ကိုယ်တစ်ပြန်တိုက်တော့ ဘယ်သူတွေ နစ်နာလဲ။ ကျွန်တော်တို့ကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ငြိမ်ချမ်းတာပဲ လိုချင်တယ်။ နှစ်ဖက် အပစ်ရပ်မယ်ဆိုတဲ့သတင်းက မှန်ပါတယ်"ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။ 
    ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် မြန်မာ့တပ်မတော်တို့ ယာယီအပစ်ရပ်စဲရန် သဘောတူကြောင်း တရုတ်ဘက်က ထုတ်ဖော် ပြောကြားခဲ့သည်။
    MNDAA နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ယခုလ ၁၆ ၊၁၇ ရက်က တွေ့ဆုံဆွေး နွေးခဲ့ကြကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။ 
    ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ နှစ်ဖက် ယာယီ အပစ်ရပ်စဲရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 
    "တရုတ်ရဲ့ ညှိနှိုင်းပေးမှုကြောင့် နှစ်ဖက်တရားဝင် အပစ်ရပ် လက်မှတ်ထိုးကြတယ်လို့ပဲ ကြေညာသွားပါတယ်။ နယ်စပ်ဂိတ်ပိတ်ရတဲ့ အကြောင်းရင်းက တရုတ်စကားပုံအတိုင်း တိုက်ရန်မလို ခြိမ်းခြောက်တာနဲ့ သေစေရမယ်ဆိုပြီး နယ်စပ်ဂိတ်ကို ပိတ်ခဲ့တယ်။ ဘယ်လိုမှ ညှိနှိုင်းမရတော့ အချိန်ကြာလာတာနဲ့အမျှ သူ့စီးပွားထိခိုက်လာလို့ ရတဲ့နည်းလမ်းနဲ့ ညှိနှိုင်းပြီး သူ့စီးပွားရေးလမ်းကြောင်း အမြန်ဖွင့်နိုင်အောင် လုပ်သွားတာ ဖြစ်တယ်"ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။ 
    ထိုသို့ အပစ်ရပ်သတင်းကြောင့် လားရှိုးဒေသခံများ ဝမ်းသာနေကြသော်လည်း တိုက်ပွဲပြန်လည် ဖော်ဆောင်လာမည်ကိုဖြင့် စိုးရိမ်နေကြကြောင်းလည်း သိရသည်။ 
    "၁၀၂၇ ပထမလှိုင်း စဖြစ်ပြီးချိန် မနှစ်တုန်းကလည်း ဒီလထဲပဲ တရုတ်ကြီးရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် နှစ်ဖက် အပစ်ရပ်သွားကြပြီး ဇူလိုင်မှာ ပြန်တိုက်ကြတယ်။ ကျွန်တော်တို့တွေ ကိုယ့်မြို့မှာအနည်းဆုံး ခြောက်လလောက်နေပြီး ထပ်ပြေးရဦးမလား မပြောနိုင်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ 
    တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်း ပေးခြင်းနှင့် တွန်းအားပေးမှုဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် MNDAA အဖွဲ့တို့ လက်ရှိနေရာ၌ အပစ်အခတ် ရပ်စဲခဲ့ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ ကြောင်း ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) သတင်းဌာနတွင် ဖော်ပြထားသည်။ 
    ဇန်နဝါရီလလယ်၌ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးခြင်းနှင့် တွန်းအားပေးမှုဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာအမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၂၀ ရက် ပုံမှန် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ် အခြာအာဏာ၊ နိုင်ငံပေါင်းစည်း ဖြစ်တည်မှုနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုတို့အား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် ကြိုးပမ်းခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းမှ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်း၊ ပြည်တွင်းနိုင်ငံရေး လုပ်ငန်းစဉ်များ အား တွန်းအားပေး မြှင့်တင်ခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။     ကွန်းဈာန်

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43135

© 2022 - 2025 News. All Rights Reserved.