မြန်မာ့နိုင်ငံရေး အမေရိကန်ဝင်မစွက်ဖက်ရန် ပြည်သူ့အသံကွန်ရက်တောင်းဆို

၂၀၂၄ ၊ မတ် ၂၀
    မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ဝင်ရောက်မစွက်ဖက်ရန်နှင့် ပြည်တွင်း ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေး၊ လက်နက်၊ နည်းပညာ ထောက်ပံ့ပေးမှုရပ်တန့်ရန် အပါအဝင် အချက်ငါးချက်ကို ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်မှ တောင်းဆိုလိုက်သည်။
    မြန်မာနိုင်ငံတွင်  ဖြစ်ပွားနေသည့် ပြည်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များကို အ မေရိကန်အနေဖြင့် ၎င်းတို့ လိုလားသော အစိုးရတစ်ရပ် ပေါ်ထွန်းရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရကို ဖိအားပေးရန် စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သော်လည်း ယင်းအကျိုးသက်ရောက်မှုကို ပြည်သူ များခံစားနေရကြောင်း ပြည်သူ့အသံ ထုတ်ဖော်ရေးကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဇော်အောင်က ပြောသည်။
    "အမေရိကန်ရဲ့ ကျွန်တော်တို့ နိုင်ငံကို ဝင်ရောက်စွက်ဖက်မှုတွေ၊ ကျွန်တော်တို့ နိုင်ငံမှာဖြစ်နေတဲ့ လက်ရှိအစိုးရနဲ့ အတိုက်အခံဖြစ်နေတဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထောက်ပံ့နေတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက ဘာများအကျိုးအမြတ်ရခဲ့သလဲ။ ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘာများကောင်း ကျိုးခံစားနေရတာရှိလဲ။ ဒါကို ကျွန်တော်တို့ အားလုံးကို မေးခွန်းထုတ်ချင်ပါတယ်"ဟု ပြည်သူ့အသံ ထုတ်ဖော်ရေးကွန်ရက်မှ  သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ဇော်အောင်က ပြောကြားသည်။
    ဆက်လက်၍ "အမေရိကန်က လက်ရှိအစိုးရနဲ့ အတိုက်အခံတွေကြား ပဋိပက္ခတွေ ပိုပြီးတော့ မပြင်းထန်အောင်လို့ လက်နက်ထောက်ပံ့တာတွေ ငွေကြေး ထောက်ပံ့တာတွေ၊ နည်းပညာထောက်ပံ့တာ တွေကို ရပ်တန်းကရပ်ဖို့ ကျွန်တော် ဒီနေရာကနေ တောင်းဆိုပါတယ်။ ဒါက ပြည်သူ့အသံ ထုတ်ဖော်ရေး ကွန်ရက်ကနေ နံပါတ်တစ်အနေနဲ့တောင်းဆိုတာပါ။ နံပါတ်နှစ်ကတော့ အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံတွေရဲ့ ဒီ Sanction တွေနဲ့ ပိတ်ဆို့မှုတွေကြောင့် ထိခိုက်နေတာက လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမဟုတ်ဘဲ ပြည်သူတွေသာ ဖြစ်နေတယ်ဆိုတာကို ထဲထဲဝင်ဝင်သိဖို့ ကြိုးစားပါလို့ နံ ပါတ်နှစ်အနေနဲ့ တောင်းဆိုပါတယ်။ နံပါတ် သုံးအနေနဲ့ အမေရိကန်နိုင်ငံအပါအဝင် သူ့ ရဲ့ လက်တံတွေ အားလုံးအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကိုလိုနီလက်သစ်ဝါဒနဲ့ ကျွန်ပြုချင်တဲ့အကြံတွေ ဒီနေရာ ကနေ ရပ်တန်းကရပ်ပါလို့ ပြောချင်ပါတယ်။ နံပါတ်လေးကတော့ တကယ်တမ်းအားဖြင့် မြန်မာပြည်သူတွေဟာ အခြေခံအားဖြင့် အေးချမ်းစွာ၊ တည်ငြိမ်စွာ နေလိုသူတွေပဲ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာပြည်ကို စစ်မီးမွှေးတာ၊ စစ်ပွဲတွေ ပို့ဆောင်ပေးတာ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးတာတွေ ရပ်တန်းကရပ်ဖို့ နံပါတ်လေးအချက်အနေနဲ့ တောင်းဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ မြန်မာ့နိုင်ငံရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းရမှာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးကို ဖြေရှင်းတဲ့ မည်သည့်နိုင်ငံခြား စွက်ဖက်မှုမျိုးကိုမှ ကျွန်တော်တို့ ပြည်သူတွေက အလိုမရှိဘူး။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေးကို ပြင်ပက စွက်ဖက်နေတဲ့၊ ထောက်ပံ့နေတဲ့ နိုင်ငံမှန်သမျှ ဒီနေရာကနေ ရပ်တန်းကရပ်ပါလို့ ကျွန်တော်တို့ ငါးခုမြောက်အနေနဲ့ တောင်းဆိုပါတယ်"ဟု ပြောကြားကြားသည်။
    အမေရိကန်နိုင်ငံအနေဖြင့် အစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို အားကောင်းလာ စေရန် ထောက်ပံ့နေခြင်းမှလွဲ၍ ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများ စိုးစဉ်းမျှမရှိခဲ့ကြောင်း၊ ၎င်းတို့ သြဇာခံနိုင်ငံများနှင့် အခြားနိုင်ငံများကြား ဆက်ဆံရေး မပြေမလည် ဖြစ်စေရန် ပြုလုပ်ခြင်းများကြောင့် အာဆီယံနိုင်ငံများအကြား သွေးကွဲမှုရှိလာပြီး ယင်းလုပ်ရပ်များအပေါ် အမေရိကန်အနေဖြင့် မည်သည့်အကျိုး အမြတ်ရကြောင်း မေးခွန်းထုတ်ခဲ့သည်။ အမေရိကန်၏စွက်ဖက်မှုကြောင့် နိုင်ငံအချို့ ဒုက္ခရောက်ခဲ့ရသည့် သာဓကများရှိခဲ့ပြီး မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန်၏ စွက်ဖက်မှုကို ပြည်သူများ ဆန့်ကျင်ဖို့လိုကြောင်း ဖြည့်စွက်ပြော ကြားခဲ့သည်။

Total Views ~ 434

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43063

© 2022 - 2025 News. All Rights Reserved.