ရန်ကုန်၊ ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းများ၊ ဖူဆယ် အမျိုးသား၊ အမျိုးသမီး အသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ အကယ်ဒမီများအတွက် အားကစားဝတ်စုံနှင့် အသုံးအဆောင် စပွန်ဆာအဖြစ် Jogarbola နှင့် ၄ နှစ်တာ လက်တွဲဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီမှု (MoU) လက်မှတ်ရေးထိုးလိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
Jogarbola သည် ဂျပန်အားကစားဝတ်စုံလုပ်ငန်း အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်ကာ လက်ရှိ ဗီယက်နမ်လက်ရွေးစင် အသင်းအား ဝတ်စုံစပွန်ဆာ ပံ့ပိုးပေးထားသော အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စပွန်ဆာတစ်ခုဖြစ်သည့် Dong Luc ဘောလုံးနှင့် လုပ်ငန်းတူဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် Jogarbola တို့ နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုပွဲနှင့် ဂျာစီအသစ်မိတ်ဆက်ပွဲအား မကြာမီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့သည့် AFC Women's Futsal Asian Cup 2025 Qualifier sအုပ်စု (D) ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ် အမျိုးသမီးအသင်းကို Jogarbola မှ ကနဦး ဝတ်ဆင်ရန် ထုတ်လုပ်ထားသော ဂျာစီများကို ယာယီအသုံးပြုသွားခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ထိုင်းနိုင်ငံမှ အားကစားဝတ်စုံလုပ်ငန်း တစ်ခုဖြစ်သည့် Warrix နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ဝတ်စုံစပွန်ဆာအဖြစ် ခြောက်နှစ်ကြာ ပံ့ပိုးကူညီပေးရန် လက်တွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထူးမြတ်