ရန်ကုန်၊ ဇန်နဝါရီ ၁၅
ယာဉ်ရပ်နားခ ကောက်ခံသည့် လုပ်ငန်း ၁၃ ခု အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်လုပ်ငန်း ၆၉ ခုကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အငှားချထားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ကြီးကြပ်မှုအောက်ရှိ ယာဉ်ရပ်နားစခန်းများမှ ယာဉ်ဝင်ခယာဉ်ရပ်နားခ ကောက်ခံသည့်လုပ်ငန်း ၁၃ ခု၊ ရေချိုး/သန့်စင်ခန်း အသုံးပြုခကောက်ခံသည့် လုပ်ငန်း ၁၂ ခု၊ နားနေဆောင်နားနေခ ကောက်ခံသည့် လုပ်ငန်းသုံးခုနှင့် ကော်မတီပိုင်ဆိုင်ခန်း ၄၁ ခန်းတို့ကို တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ လုပ်ငန်း ၆၉ ခုကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အငှားချထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ တင်ဒါခေါ်ယူထားသည်။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄၆) လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံးရှိ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲရေးရုံးတွင် ရောင်းချပေးနေပြီး တင်ဒါအရောင်းပိတ်မည့်ရက်အဖြစ် ဇန်နဝါရီ ၃၀ ရက်အဖြစ် သတ်မှတ်ထားသည်။ထို့အပြင် တင်ဒါဖွင့်ပွဲကို ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့တော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီမှ အသိပေးထားသည်။ နဒီ