ရန်ကုန်၊ ဇွန် ၁၈
ရှမ်း/တောင်အခြေစိုက် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီက ငါးမြို့နယ်ရှိ လူအင်အားနှင့် မြို့နယ်ပါတီရုံးစာရင်းများကို ဇွန် ၁၁ ရက်တွင် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်သို့ စာရင်းတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ပါတီက ၂၀၂၃ ကတည်းက မြို့နယ်ရုံးလေးခု ဖွင့်ထားတာ။ အဲဒါက ညောင်ရွှေ၊ တောင်ကြီး၊ ရပ်စောက်၊ ကလော အဲဒီလေးမြို့နယ် ဖွင့်ထားပြီးသား။ အခု ဒီလ ၁၁ ရက်က ရွာငံမှာ ရုံးတစ်ရုံး ထပ်ဖွင့်လိုက်ပြီ။ ငါးမြို့နယ် ပြည့်သွားပြီ။ ရွာငံမြို့နယ် မြင်းကျဒိုးရွာမှာ ဖွင့်လိုက်တာ။ အဲဒီ ၁၁ ရက်မှာပဲ လူအင်အားရော၊ မြို့နယ်ပါတီရုံးစာရင်းရော UEC ကိုတင်လိုက်ပါပြီ"ဟု အင်းအမျိုးသား အဖွဲ့ချုပ် ပါတီအတွင်း ရေးမှူး ဦးတိုးရက ပြောသည်။
ယခင်က ပါတီအင်အားများသည့် ဖယ်ခုံ၊ ပင်လောင်း မြို့နယ်တွင် ပါတီရုံးများ ဖွင့်လှစ်ရန် လျာထားသော် အဆိုပါ မြို့နယ်များ၏ နယ်မြေအခြေအနေကြောင့် ရုံးခန်းဖွင့်လှစ်ရန် အဆင်မပြေဖြစ်နေကြောင်း၊ ထို့ကြောင့် ရွာငံမြို့နယ်တွင် ရုံးဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"အမှန်ကတော့ ဒီအချိန်မှာ ပေါ်ပေါ်တင်တင်က ဘာမှလုပ်လို့မရဘူး။ ပါတီဝင်တွေရော ထဲထဲ ဝင်ဝင် ဘာမှသိပ်တော့ မလှုပ်ရှားရဲသေးဘူး။ စည်းရုံးရေးဆင်းဖို့တွေလည်း သိပ်မလုပ်ရဲသေးဘူး။ ပြီးတော့ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တွေဆိုရင် ပါတီအင်အားများတယ်။ ဒါပေမဲ့ အဲဒီနေရာ နယ်မြေအခြေအနေအရ ရုံးဖွင့်ဖို့ မဖြစ်နိုင်လို့ ရွာငံမြို့နယ်မှာပဲ ဖွင့်လိုက်ရတာ။ ရွာငံက ဝေးတော့ ဝေးတယ်၊ ဒါပေမဲ့ ကားနဲ့သွားလို့ အဆင်ပြေပါတယ်"ဟု ဦးတိုးရက ပြောသည်။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ နိုင်ငံရေး ပါတီများ မှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာခဲ့ပြီး ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၁၅)ဖြစ်သည်။ ညီသစ်