Breaking

လက်နက်ကိုင်များ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ဆိုသည့် စကားကိုပြော၍ နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြသည်မှာ အောင်မြင်မှုမရှိ၊ ငြိမ်းချမ်းရေးစကား ပြောရမည်

နေပြည်တော်၊ ဇွန် ၂၆ 
    တိုင်းရင်းသားများအနေဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ကို လိုချင်ပါက လက်နက်ကိုင်တိုက်ခိုက်နေ၍မရဘဲ ငြိမ်းချမ်းရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။ 
    "တိုင်းရင်းသားတွေလည်းပြောတယ် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတာ နှစ်ပေါင်းများစွာ ပြောခဲ့ပြီးတဲ့ စကားပါ။ ဒီစကားတွေပြောပြီး လက်နက်ကိုင်တိုက်ပွဲတွေ ဆင်နွှဲနေကြတယ်။ သို့သော် အောင်မြင်မှု မရှိပါဘူး။ နှစ်ပေါင်းများစွာကတည်းက လုပ်နေတာ ပြတ်ပြတ်သားသား မအောင်မြင်ပါဘူး။ လက်နက်ကိုင် တိုက်ခိုက်တယ်ဆိုတာ နှစ်ပေါင်း ဘယ်လောက်အထိ ကြာအောင် ဆက်လုပ်ရမှာလဲ။ အခု လက်ရှိလည်း လုပ်နေကြတာပဲ။ ဒါပေမဲ့ အဆင်မပြေတာတွေကို တွေ့ရတယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသကို လက်နက်ကိုင်တိုက်ပေမယ့်လည်း ထူထောင်လို့မရတဲ့ အခြေအနေမှာ သွားရှိတယ်။ ကျွန်တော်တို့က ပြည်ထောင်စုဖြစ်တဲ့အတွက် ခွဲထွက်လို့မရဘူး။ အဲဒီလို ခွဲထွက်လာမယ့် အခြေအနေမျိုးကို လည်း ကမ္ဘာက အသိအမှတ်ပြုပေးမှာ မဟုတ်ဘူး။ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ဆိုတာက ကိုယ့်ပြည်နယ်ကိုယ် ငြိမ်းချမ်းအောင်လုပ်ရမယ်။ ကိုယ့်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထုတွေ နေရေးထိုင်ရေး၊ စီးပွားရေးတွေ ကောင်းမွန်အောင် လုပ်နိုင်ရမယ်။ ကိုယ့်လူမျိုးရဲ့ ဘာသာစကား၊ ဓလေ့ထုံးစံတွေကို ထွန်းကားလာအောင် လုပ်ရမယ်။ မိမိနယ်မြေကို မိမိငြိမ်းချမ်းအောင် တည်ဆောက်နိုင်မှ ဒါတွေကို လုပ်လု့ိရမယ်။ ကိုယ့်ဧရိယာ၊ ကိုယ့်ဒေသကို ငြိမ်းချမ်းအောင် မတည်ဆောက်နိုင်ရင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတာက မငြိမ်းချမ်းတဲ့ ဖန်တီးမှုကို လုပ်နေသလိုပဲဖြစ်မှာ။ ငြိမ်းချမ်း အောင် လုပ်မယ်ဆိုတာက တွေ့ဆုံညှိနှိုင်း၊ ဆွေးနွေးညှိနှိုင်းရေးတွေ လုပ်ရမယ်။ နိုင်ငံရေးနည်းလမ်း တွေနဲ့ တွန်းရမယ်။ စားပွဲဝိုင်းပေါ်မှာ အဖြေရှာရမယ်။ လက်နက်ကိုင်တိုက်ခိုက်တာနဲ့ အောင်မြင်ဖို့ဆိုတဲ့ ကိစ္စကတော့ လက်ရှိလုပ်နေတဲ့သူတွေ ပိုပြီးတော့ သိပါလိမ့်မယ်။ ဒီအခြေအနေသည် ကောင်းသော ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရရှိသေးဘူး။ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးတွေ တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်းတဲ့ကံကြမ္မာကို ဖန်တီးနိုင်ဖို့ကတော့ ဘယ်နည်းလမ်း အကောင်းဆုံးလဲဆိုတာ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်ကြတာက အမြန်ဆုံး ရလဒ်ကောင်းရမယ့် အခြေအ နေပါပဲ"ဟု ၎င်းကပြောသည်။
    လာမည့် ရွေးကောက်ပွဲအလွန်ကာလတွင် လွှတ်တော်အတွင်း တိုင်းရင်းသားများ ပါဝင်လာပါက လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာမည်ဖြစ်ကြောင်း ဦးလှဌေးကပြောသည်။  
    "ရွေးကောက်ပွဲ ဖြစ်သွားပြီးလို့ လွှတ်တော်တွေ ပေါ်ပေါက်လာတယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အခွင့်အလမ်းတွေ အများကြီး ကျယ်ပြန့်လာမယ်။ ပြောရေးဆိုခွင့်တွေလည်း အများကြီး ရလာမယ်။ လွှတ်တော်ထဲကို ရောက်သွားတဲ့ တိုင်းရင်းသားတွေအတွက်ကတော့ လွှတ်တော်ထဲမှာ အကျယ်တဝင့် ပြောဆို ဆွေးနွေးခွင့်တွေရမယ်။ သို့သော်လည်း လွှတ်တော်ထဲကို မရောက်သေးတဲ့ တိုင်းရင်းသား အင်အားစုတွေအနေနဲ့လည်း လွှတ်တော်နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာမျိုးတွေရှိမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တာမျိုးတွေရှိမယ်။ နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲတဲ့ နည်းလမ်းတွေရှိတယ်။ ဒါတွေက လွှတ်တော်တွေ ပေါ်ပေါက်လာပြီဆိုရင် ကျယ်ကျယ်ပြန်ပြန့်နဲ့ အကျယ်တဝင့် လုပ်လို့ရတဲ့ အခြေအနေကို သူတို့မလွဲမသွေ ရရှိမှာဖြစ်တယ်။ အဲဒီအခါကျရင်တော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍက လွှတ်တော် တွေနဲ့လည်း ချိတ်ဆက်ပြီး လွှတ်တော်ထဲ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ၊ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့ရဲ့ လုပ်ပိုင်ခွင့် တွေကတော့ အများကြီး ကျယ်ကျယ်ပြန့်ပြန့် အခွင့်အလမ်းတွေ ရရှိလာပါလိမ့်မယ်"ဟု ၎င်းကပြောသည်။ 
    လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် မိမိဒေသကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်အတွင်း ရောက်ရှိလာလျှင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍမှာ မြင့်တက်လာမည်ဖြစ်ကြောင်း နိုင်ငံရေးအင်အားစုများက သုံးသပ်ကြသည်။ ကွန်းဈာန်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45815

© 2022 - 2025 News. All Rights Reserved.