ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ လူငယ် ၁၄၀၀ ကို နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆယ်သင်တန်းများ အခမဲ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
နွေရာသီ ကျောင်းပိတ်ရက်များအတွင်း လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘောလုံးအားကစားကို ပိုမိုချစ်မြတ်နိုးရေးနှင့် လူငယ်မျိုးဆက်သစ် ကစားသမားများ ပေါ် ထွက်လာရေးတို့အတွက် ရည်ရွယ်၍ နွေရာသီအခြေခံ ဘောလုံးသင်တန်းများ အသက်(၁၀) နှစ်မှ (၁၅) နှစ်အား ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့များတွင် အခမဲ့ဖွင့်လှစ်ရန် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်လျက်ရှိကြောင်း သိရ သည်။
အထက်ပါ နွေရာသီအခြေခံ ဘောလုံးသင်တန်းများအား ယခုနှစ်တွင် AYA Pay နှင့် M21 SPORT တို့က ပံ့ပိုးကူညီထားပြီး အထက်ပါ မြို့ကြီးများတွင် အခမဲ့ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းအား မတ်လ ၁၀ ရက်မှ ဧပြီလ ၉ ရက်အထိနှင့် ဧပြီ ၂၈ ရက်မှ မေလ ၂၈ ရက်အထိ ပထမ အသုတ်၊ ဒုတိယအသုတ် နှစ်ကြိမ်ခွဲ၍ ဖွင့်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် ဘောလုံးသင်တန်းသား ၄၀၀၊ ဖူဆယ်သင်တန်းသား ၂၀၀၊ မန္တလေးတွင် ဘောလုံးသင်တန်းသား ၄၀၀၊ တောင်ကြီးတွင် ဘောလုံးသင်တန်းသား ၂၀၀၊ ပုသိမ်တွင် ဘောလုံးသင်တန်းသား ၂၀၀ စုစုပေါင်း သင်တန်းသား ၁၄၀၀ ကို အခြေခံဘောလုံးပညာ သင်ကြားပေးသွား မည်ဖြစ်ကာ သင်တန်းသားများ အတွက် လေ့ကျင့်ရေးဝတ်စုံများ အခမဲ့စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်း တက်ရောက်လိုသူများ အနေဖြင့် မိဘ/အုပ်ထိန်းသူ ကိုယ်တိုင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်အထိ ရုံးချိန်အတွင်း ပုသိမ်- ၀၉ ၆၉၈၈၅၈၈၂၇၊ တောင်ကြီး- ၀၉ ၂၅၂၆၃၆၄၂၅၊ ၀၉ ၂၅၃၇ ၉၄၈ ၉၉၊ ရန်ကုန်(သုဝဏ္ဏကွင်း ဂိတ်-၂) -၀၉ ၂၅ ၁၂၂၉၄၂၆ (Grassroots hotline)၊ ၀၉ ၄၀၃ ၇၂၅၄၂၅ နှင့် (မန္တလေး - မြန်မာ ဘောလုံး အကယ်ဒမီ)- ၀၉ ၆၉၆၄၆၃၅၆၅ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ထူးမြတ်