လူမျိုးစွဲဝါဒနှင့် လူမျိုးရေးအမြင် ကျဉ်းမြောင်းသည့် လုပ်ရပ်မျိုးလုံးဝလက်ခံမည်မဟုတ်ဟု နစက ဥက္ကဋ္ဌပြောကြား

ရန်ကုန်၊ သြဂုတ် ၆
    မြန်မာနိုင်ငံသည်တိုင်းရင်းသား လူမျိုးအားလုံး အတူတကွ စုစည်းနေထိုင် ကြသည့် နိုင်ငံဖြစ်ပြီး လူမျိုးနှီးနွှယ်တူညီမှု၊ ဘာသာစကားနှီးနွှယ်တူညီမှု၊ ရာဇဝင်အစဉ်အလာ၊ ယဉ်ကျေးမှုအစဉ်အလာတို့နှင့်အညီ အညွတ်ရှိမှုတို့ကို မထောက်ထားဘဲ သမိုင်းတွင် မရှိခဲ့သည့် ဆိုးရွားသည့် လူမျိုးစွဲဝါဒနှင့် လူမျိုးရေးအမြင် ကျဉ်းမြောင်းသည့်  လုပ်ရပ်မျိုးကို လုံးဝလက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
    "ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးအားလုံး အတူတကွစု စည်းပြီး နေထိုင်ကြ တဲ့နိုင်ငံဖြစ်ပြီး တောတောင်ရေမြေကစပြီး လုပ်ကိုင်နေကြတဲ့ စီးပွားရေး အခြေအနေများအထိ ခွဲခြား လို့မရတာတွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံအတွင်း မည်သည့်ချုပ်ချယ် ကန့်သတ်မှုမျိုးမှမပါဝင်ဘဲ လွတ်လပ်စွာသွား လာနေထိုင်ခွင့်၊ လွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်း ဝယ်ခွင့်ရရှိရမှာ ဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဟာ အလိုလို ဆုံးရှုံးလျက်ရှိပါတယ်။ ဒီလိုလူမျိုး နှီးနွှယ်တူညီမှု၊ ဘာသာစကားနှီးနွှယ် တူညီမှု၊ ရာဇဝင်အစဉ်အလာ၊ ယဉ်ကျေးမှုအစဉ် အလာတို့နဲ့ အညီအညွတ်ရှိမှုတို့ကို မထောက်ထားဘဲ သမိုင်းမှာမရှိခဲ့ဘူးတဲ့ ဒီလို ဆိုးရွားတဲ့ လူမျိုးစွဲဝါဒနဲ့ လူမျိုးရေးအမြင် ကျဉ်းမြောင်းတဲ့  လုပ်ရပ်မျိုးကို လုံးဝလက်ခံမှာလည်း မဟုတ်ပါဘူး"ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
    လက်နက်ကိုင်နယ်မြေများတွင် ဗမာလူမျိုးများကို မတရားဖမ်းဆီးခြင်း၊ နှင်ထုတ်ခြင်းများပြုလုပ်နေကာ တပ်မတော်က လူမျိုးရေးခွဲခြားကြောင်း စွပ်စွဲပြောဆိုမှုများ ပြုလုပ်နေကြောင်း၊ ၎င်းတို့မှာ ငြိမ်းချမ်းရေး ရရှိသွားပြီး တရားဥပဒေစိုးမိုးမှု အပြည့်ရှိပါက ဒေသခံပြည်သူတွေကို လက်နက်ပြခြိမ်း ခြောက်ပြီး လိုသလိုချုပ်ချယ်မရနိုင်တော့ခြင်း၊ ကိုယ်ကျိုးစီးပွားရှာ၍ မရနိုင်တော့ခြင်းတို့ကြောင့် ယခုကဲ့သို့ မိုက်တွင်းနက်သည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဆက်လက်ပြောကြားသည်။
    "အကြောင်းမဲ့ အကြမ်းဖက်လုပ် ရပ်တွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိုးအိမ် တွေကိုစွန့်ခွာပြီး တိုက်ပွဲရှောင်များအဖြစ် အခြားဒေသများမှာ သွားရောက်ခိုလှုံနေကြတာကို ပြည်သူအားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေဆီက အဖိုးတန် ရွှေ၊ ငွေ၊ ပစ္စည်းတွေ လုယက်တာတွေ၊ ပြည်သူလူထု စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အိုးအိမ်နဲ့ပိုင်ဆိုင်မှုတွေကနေ အဖိုး တန်ပစ္စည်းတွေ ဖောက်ထွင်းခိုးဝှက် ရယူတာတွေ၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ကလေးငယ်တွေကို စစ်မှုထမ်းဆောင်စေပြီး အတင်းအဓမ္မ တိုက်ပွဲဝင်စေတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အစိုးရအခြေခံ အဆောက်အအုံတွေ၊ လူမျိုးရေးနှင့်ဘာသာရေး အထိမ်းအမှတ် အဆောက်အအုံတွေကို စက်ယန္တရားတွေကိုအသုံးပြုပြီး မြေလှန်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ MNDAA သောင်းကျန်းသူအဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ လောက်ကိုင်မြို့မှာရှိတဲ့ ဗမာလူမျိုးများကို ဖမ်းဆီးပြီး မြို့က နှင်ထုတ်နေတဲ့သတင်း တွေလည်း တွေ့ရှိနေရပါတယ်။ ဒါပေမဲ့ သောင်းကျန်းသူအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ မြန်မာ့တပ်မတော်ကပဲ တိုက်ခိုက် ဖျက်ဆီးနေတယ်၊ လူမျိုးရေး ခွဲခြားနေတယ်ဆိုပြီး စွပ်စွဲထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်"ဟု  နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
    ထို့အပြင် လောက်ကိုင်မြို့သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြို့ဖြစ်ကာ နိုင်ငံခြားသားများ ဝင်ထွက်မှုပြုလုပ်ခြင်းကို အစိုးရ၏ တရားဝင် လုပ်ထုံးလုပ်နည်း၊ ခွင့်ပြုချက်များနှင့်အညီသာ ဆောင်ရွက်ရမယ့် ဒေသဖြစ်ကာ ယခင်က တရားမ ဝင် ဝင်ရောက်နေထိုင်ခဲ့ကြသူများနှင့် ပတ်သက်ဆက်နွှယ်နေသူများ ပူးပေါင်းပြီး ကျားဖျန့် ခေါ်အွန်လိုင်း လိမ်လည်မှု၊ လောင်းကစားမှုများနှင့် တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေနှင့် တရားမဝင်ဝင် ရောက်နေထိုင်သူများနှင့် ပတ်သက်ဆက်နွှယ်နေသူများကို အရေးယူခြင်း၊ လွှဲပြောင်းပေးခြင်း၊ နှိမ်နင်းခြင်းတွေကိုလည်း ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ကာ ယခုအချိန်တွင်လည်း တရားဝင်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်နေထိုင်ရန် ခွင့်ပြုထားသည့် နိုင်ငံခြားသားများမရှိကြောင်း ပြော ကြားခဲ့သည်။
သတင်းအဖွဲ့

Total Views ~ 391

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43125

© 2022 - 2025 News. All Rights Reserved.