အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးခြင်းများ ဖြစ်ပေါ်လာစေကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၁
    အဂတိလိုက်စားမှု ဆိုသည်ကို သာမန်အားဖြင့် လာဘ်ပေးလာဘ်ယူမှုလောက်သာ ထင်မှတ်ကြသော်လည်း လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစား လုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း ငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်သြဇာသုံးပြီး ကိုယ်ကျိုးအတ္တကို ရယူခြင်းစသည်များသည် အဂတိလိုက်စားမှုများပင် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးခြင်းများ ဖြစ် ပေါ်လာစေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
    "အပြည်ပြည်ဆိုင်ရာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်သည့် လူမှုစီးပွားဘ၀ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှု ဒုစရိုက်တစ်ခုပင် ဖြစ်ကြောင်း၊ အဂတိလိုက် စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေကြောင်း၊ ထို့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုး မိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ လက်တွေ့တွင်လည်း အဆိုပါအယူအဆ မှန်ကန်နေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။ အဂတိလိုက်စားမှု ပြဿနာသည် မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည့်ရောဂါဆိုး တစ်ခုဖြစ်နေကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရပိုင်းများသာမက ပုဂ္ဂလိကပိုင်းနှင့် အမြတ်အစွန်းမဟုတ်သည့် အချို့ကုသိုလ်ဖြစ် လှူဒါန်းရေးအဖွဲ့များတွင်ပါ အမြစ်တွယ်လာနေသည့် ပြဿနာတစ်ခု ဖြစ်ကြောင်း" နိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားသည်။
    ထို့အပြင် အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီး သည့် အဂတိလိုက်စားမှု လျော့နည်းကျဆင်း လာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံတော်အတွက် စိတ်ရင်းစေတနာကောင်းကိုအရင်းခံပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ပြော ကြားခဲ့သည်။ ထူးမြတ်

Total Views ~ 128

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43135

© 2022 - 2025 News. All Rights Reserved.