ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အွန်လိုင်းလောင်းကစားနှင့်ဆက်စပ် ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဖြစ်ပြီး ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဖေဖော်ဝါရီ ၃ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖျန့်)ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်း၍ ၎င်းဒုစရိုက်မှု နှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာ ဆောင်ရွက်နေကြောင်း" ပြောကြားသည်။
ထို့အပြင်"တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေး ယူခြင်းများဖြင့် တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထား လိုက်နာဆောင်ရွက် သွားရန်လိုကြောင်း" ဆက်လက်ပြောကြားသည်။
အစည်းအဝေးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြကြောင်း သိရသည်။ (ကွန်းဈာန်)