'ပြည်ခိုင်ဖြိုးလက်ထက်မှာ နေရာပေးခဲ့ပေမယ့် NLD လက်ထက်မှာ တိုင်းရင်းသားတွေ ဘေးရောက်တာများတယ်' တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဆက်သွယ် မေးမြန်းခြင်း

၂၀၂၄ ဩဂုတ် ၃၀
    
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် သြဂုတ် ၂၁၊ ၂၂ ရက်များတွင် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အလားတူ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့နှင့်လည်း သြဂုတ် ၂၃ ရက်တွင်  သုံးပွင့်ဆိုင်တွေ့ ဆုံခဲ့ပြီး ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာများ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၄၉ ပါတီနဲ့ သြဂုတ် ၂၄ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲများသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဌေးအောင်၏ တွေ့ဆုံ‌ဆွေး‌နွေးပွဲ အခြေအနေ၊ အမြင်သဘောထားများနှင့် သုံးသပ်မှုများကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ NSPNC ကော်မတီနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ နှစ်ရက်တာ တွေ့ ဆုံခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အမြင်လေးပြော ပြပေးပါဦး။
UHA     ။        ။
တွေ့ဆုံမှုလေးက နွေးထွေးပါတယ်။ ဟိုတုန်းက ငါးနှစ်တာမှာ UPDJC အဖွဲ့ဝင် မဟုတ်ခဲ့ပေမယ့် ရွေးကောက်ပွဲ အနိုင်ရပါတီအနေနဲ့ ပါခဲ့တယ်။ အဲဒီလိုပါခဲ့တော့ အဲဒီတုန်းက တွေ့ဆုံခဲ့တဲ့ အခြေအနေ၊ အာဏာထိန်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့မှာလည်း ဒုတိယအကြိမ် ဖွဲ့တဲ့အခါ၊ ပါခဲ့တော့ အဲဒီတုန်းက အခြေအနေ၊ အခု နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတဲ့အခါ ပါလာတော့ အဲဒီတွေ့ဆုံမှု အခြေအနေ၊ ဒီသုံးခုကို ပြန်နှိုင်းယှဉ်တဲ့အခါမှာ သဘောထားစုစည်းမှု၊ သဘောတူညီမှုရအောင် ပြောကြဆိုကြတဲ့နေရာမှာ တော် တော်လေး နွေးနွေးထွေးထွေးနဲ့ မိသားစုဆန်ပါတယ်။ အင်မတန်မှ ပြောရဆိုရ၊ ဆွေးနွေးရတာ ကောင်းပါတယ်။ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောလို့ရတယ်။ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောလာနိုင်တဲ့အခြေအနေမှာ သဘောထား စုစည်းချက်တွေလည်း ကောင်းလာတာပေါ့။ လူပုဂ္ဂိုလ်လည်း ရင်းနှီးလာကြတော့ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောလာနိုင်တယ်။ နိုင်ငံအတွက်ကို အားလုံးက  ဦးတည်ချက် ဖြစ်လာတာ ပေါ့။ နိုင်ငံကောင်းဖို့အတွက်နဲ့ အခုပြည်သူတွေ ဒုက္ခရောက်‌နေတဲ့ ကိစ္စတွေကအစ ဘယ်လို ကျော်လွှား ကြမလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက  ဘယ်လိုပုဒ်မတွေ ပြင်ဆင်ဖြည့်စွက်ကြမလဲဆိုတာကအစ ဆွေးနွေးရတာ တော်တော်ကောင်းလာပါတယ်။ တွေ့ဆုံမှုက နိုင်ငံရေးပါတီများအစုအဖွဲ့ အသစ်ဖွဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံမှုပေါ့။ နှစ်လတစ်ကြိမ်တွေ့ဖို့တော့ အစီအစဉ်ရှိတယ်။ ဒီလိုတွေ့ဆုံမှုမျိုးက တွေ့သင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အားလုံးကလည်း ဖြစ်နိုင်ရင်တော့ တစ်လတစ်ကြိမ် တွေ့ဆုံလိုတဲ့ဆန္ဒရှိနေကြတယ်။ အခုလောလောဆယ်က ငွေရေးကြေးရေး အခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ရှိနေတော့ အားလုံးတော့ မဆုံနိုင်သေးဘူးပေါ့။ ပါတီတွေကတော့ ပြည်သူလူထုအတွက် အကျိုးဖြစ်စေမယ့် အကြောင်းအရာလေးတွေနဲ့ ခေါင်းစဉ်တပ်ပြီးတော့ ဆုံဖြစ်မယ်ဆိုရင်တော့ နိုင်ငံအတွက်ကို ဘယ်လိုသွားကြမလဲ ဆိုတဲ့ဥစ္စာက  သဘောထားညှိနှိုင်းမှုတွေ ရနိုင်တယ်လို့ မျှော်လင့်ထားကြတယ်။ အခု NSPNC နဲ့ တွေ့ဆုံမှုကလည်း ပြည်သူလူထုအကျိုး ဖြစ်ထွန်းစေဖို့ အထောက်အပံ့ဖြစ်ပါတယ်။ အများကြီး အထောက်အပံ့ဖြစ်ပါတယ်။


TREND ။        ။ NSPNC ကော်မတီ၊ NCA လက်မှတ်ရေးထိုးထားတဲ့ EAO တွေရယ်၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
UHA     ။        ။
အဲဒီတွေ့ဆုံမှုက NSPNC က စီစဉ်ပေးတာ‌ပေါ့။ ဒီလိုတွေ့ဆုံမှု ဖြစ်လာအောင်ကလည်း  NSPNC နဲ့ ပထမအကြိမ် တွေ့စဉ်အခါတုန်းက EAO တွေနဲ့ တွေ့ဆုံချင်ပါတယ်ဆိုပြီး နိုင်ငံရေးပါတီ အစုအဖွဲ့ဘက်က မေတ္တာရပ်ခံခဲ့တာပါ။ အဲဒါလေးတွေကို သဘောထား စုစည်းပြီးတော့မှ NSPNC က  အကောင်အထည်ဖော်ပေးတာပေါ့။ အခုဒီလို တွေ့ဆုံခွင့်ရတော့ ပါတီအစုအဖွဲ့ဘက်က EAO တွေနဲ့ တွေ့ဆုံဖို့ ဘာကြောင့် တောင်းဆိုရတယ်ဆိုတာ ပြောပြပါတယ်။ ကျွန်တော်လည်း အဲဒီတုန်းက နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး EAO တွေနဲ့တွေ့ပြီး ဘယ်လိုအဖြေ ရှာကြမလဲဆိုတဲ့ အတွေးလေးတွေ တွေးခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက EAO တွေနဲ့ တွေ့ဆုံဆွေး‌နွေးဖို့ ဆန္ဒလည်းရှိခဲ့တယ်။ ကျွန်တော်လည်း တောင်းဆိုခဲ့ပါတယ်။ EAO တွေဆိုတာလည်း ကျွန်တော်တို့ နိုင်ငံသားတွေပဲ။ ကိုယ့်နိုင်ငံတွင်းမှာ အတူနေထိုင်ကြတဲ့ တိုင်းရင်းသားတွေဆိုတော့ အတူဘယ်လို လက်တွဲလုပ်ကြမလဲဆိုတာလေးကို သူတို့နဲ့ ဆွေးနွေးချင်လို့ တောင်းဆိုခဲ့တာပါ။ အခု သုံးပွင့်ဆိုင် တွေ့ဆုံပွဲမှာလည်း ပါတီအစုအဖွဲ့ခေါင်းဆောင်တွေဘက်က EAO တွေနဲ့ တွေ့ဆုံလိုတဲ့ အကြောင်းအရင်းနဲ့ တခြားအကြောင်းအရာတွေကို ပြောကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာ့နိုင်ငံရေး လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ရွေးကောက်ပွဲ ကိစ္စတွေကို ဆွေးနွေးပြောဆိုကြတာပေါ့။ အခု နိုင်ငံရေးအခက် အခဲတွေကို ဘယ်လိုကျော်လွှားကြမလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာကောင်းပါတယ်။ သူတို့ ဘက်က အကြံပြုချက်တွေ၊ ကျွန်တော်တို့ဘက်က အပြန်အလှန် ပြောကြဆိုကြတာလေးတွေက တော် တော်ကောင်းပါတယ်။ EAO တွေဘက်ကလည်း အဲဒီကိစ္စအပေါ် သူတို့အမြင်တွေ ပြန်လည်ဆွေး‌နွေး ကြတယ်။ သူတို့ရဲ့ အခက်အခဲ၊ ကျွန်တော်တို့ရဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ရင်းရင်းနှီးနှီးနွေး‌နွေးထွေးထွေး ပြောကြတယ်။ သူတို့ ဘက်က ပြန်ပြောတာက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ EAO တွေဘက်က နိုင်ငံရေးဝါရင့် ဦးခွန်ဥက္ကာကြီး လည်းပါတော့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ အကြံပြုချက်‌တွေက ပြည်သူကြားထဲမှာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်တွေပါ တယ်။ ဥပဒေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ထောက်ပြ‌ပြောဆိုသွားတာ တွေ့ရပါတယ်။ ဒီပြောဆိုမှုတွေက ကျွန်တော်တို့ မသိတာလည်း ပါ‌နေတော့ ကျွန်တော်တို့ လုပ်စရာတွေလည်း ပေါ်လာတာ ပေါ့။ ပြီးတော့ အားလုံးက နိုင်ငံအတွက်နဲ့ ပြည်သူလူထုတွေ ကြုံတွေ့ခံစားနေကြရတဲ့ ဝေဒနာတွေကို ဘယ်လို ဖြေဖျောက်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲ ပြောကြဆိုကြတော့ ကျွန်တော့်အနေနဲ့ ကြည်နူးမိတာပေါ့။


TREND ။        ။ ရွေးကောက်ပွဲနဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာဆိုတော့ ဘယ်လိုအကြောင်း အရာတွေပါလဲ၊‌ ဖြေလို့ရသလောက် ဖြေပေးပါဦး။
UHA     ။        ။
ရွေးကောက်ပွဲ ကျင်းပတဲ့အခါကျရင် နယ်မြေလုံခြုံရေးကိစ္စတွေပေါ့။ အဓိကကတော့ ပြည်သူလူထု အေးချမ်းစွာ မဲပေးနိုင်ရေးကိစ္စတွေ အဲဒါတွေကို အဓိကဆွေး‌နွေးကြပါတယ်။ အဲဒီလောက်ပဲ မီဒီယာကို ပြန်ဖြေလို့ရပါမယ်။ ရွေးကောက်ပွဲကို ပြည်သူတွေအေးအေးချမ်းချမ်းနဲ့ မဲထည့်နိုင်ဖို့ကိစ္စ၊ ပြီးတော့ EAO တွေဘက်ကလည်း ရွေးကောက်ပွဲလုပ်မယ်ဆိုရင် သူတို့ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ပံ့ပိုးကူညီမယ်ဆိုတဲ့ အကြောင်းလေးတွေ ဆွေးနွေးသွားပါတယ်။ ရွေးကောက်ပွဲ လုပ်ပြီးသွားရင် နိုင်ငံအတွက်ကို ကောင်းသောအဖြေတစ်ခု ထွက်လာ မယ်လို့ သူတို့ဘက်က ခံယူထားတာတွေ့ရတယ်။ သူတို့ဘက်က ပံ့ပိုးကူညီမယ်ဆိုရင် ပြည်သူတွေလည်း အေးအေးချမ်းချမ်းနဲ့ မဲထည့်လို့ သွားနိုင်မယ်။


TREND ။        ။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး EAO တွေရဲ့ သဘောထားရပ်တည်မှုအပေါ် ဘယ်လို သုံးသပ်မိလဲ။
UHA     ။        ။
EAO တွေဘက်ကလည်း တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားစေချင်ပြီ။ အခုဆွေး‌ နွေးပွဲမှာ EAO ခေါင်းဆောင်တစ်ဦးဆိုရင် NCA လက်မှတ်မထိုးခင် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးကြတဲ့ ကာလတုန်းက သံသယတွေ အရမ်းကြီးခဲ့တယ်‌ပေါ့။ ဟုတ်ရော ဟုတ်ရဲ့လား၊ တို့ကို ဖမ်းချုပ်လိုက်မ လားဆိုပြီး ဖြစ်ခဲ့တယ်ပေါ့။ သံသယစိတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာခဲ့ကြပေမယ့် တပ်မတော် ဘက်က သဘောထားကြီး ပြလိုက်တဲ့အခါ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် ကျခဲ့ဖူးတယ်ဆိုတဲ့ စကားကို EAO ခေါင်းဆောင်တစ်ဦးဆီက ကြားလိုက်ရတယ်။ ဟိုအရင် ဦးသိန်းစိန်လက် ထက်တုန်းကဖြစ်ခဲ့တဲ့ အခြေအနေတွေကို ပြန်ပြောပြတာပေါ့။ အဲဒီတုန်းက ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တယ်။ သူတို့ လာတဲ့အခါ ယုံမှယုံကြည်ရပါ့မလားဆိုတဲ့ သံသယစိတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလာခဲ့ပေမယ့် ဒီကို ရောက်တဲ့အခါ နွေး‌နွေးထွေးထွေးနဲ့ ကြိုဆိုတာ၊ NCA လက်မှတ်ထိုးနိုင်ခဲ့ကြတော့ ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့တယ်ဆိုတဲ့ ဟိုတုန်းကအခြေအနေကို ပြောပြတာပါ။ အခုလည်း အဲဒီသဘောထားတွေက မပြောင်းကြသေးပါဘူး။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို သူတို့လည်း တစ်ထောင့်တစ်နေရာ ကနေ လုပ်ဆောင်ခဲ့တယ်။ အခုလည်း မငြိမ်းမချမ်းဖြစ်နေတဲ့အခါ တွေ့ဆုံညှိနှိုင်းခြင်းနဲ့သာ  အဖြေရှာသွားကြမယ်ဆိုရင် ဟိုတုန်းကလိုပုံစံမျိုး ပြန်ဖြစ်ခဲ့ရင် ဘယ်လောက်ဝမ်းသာစရာ ကောင်းမလဲပြော ကြပါတယ်။ သူတို့ဘက်က အဲဒီလိုသဘောထားလေး တွေရှိတဲ့အခါကျတော့ ကျွန်တော်တို့လည်း ဝမ်းသာမိတာပေါ့။


TREND ။        ။ ဒီသုံးပွင့်ဆိုင်တွေ့ဆုံမှုရဲ့ အကျိုးတရား ဒါမှမဟုတ် ရလဒ်အနေနဲ့ ဘာဖြစ်မလဲ။
UHA     ။        ။
ဒီလို‌ တွေ့ဆုံမှုလေး‌တွေကနေ အားလုံးပါလာနိုင်တယ်ပေါ့။ EAO တွေဆိုရင် EAO တွေက ပုဂ္ဂိုလ်ရေးမကြည့်ဘဲနဲ့ နိုင်ငံအရေးကိုကြည့်ပြီး အလုပ်လုပ်ကြမယ်၊ အခုဖြစ်သွားတဲ့ ပြဿနာကို ကျွန်တော်တို့အနေနဲ့ ကောင်းကောင်း သင်ခန်းစာယူပြီးမှ အနာဂတ်မှာ ဒီလိုမျိုးတွေ မဖြစ်ရလေအောင် စဉ်းစားမှုလေး‌တွေ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုတာလေးတွေကတော့ သဘောထားတူညီကြပါတယ်။ အနာဂတ်နိုင်ငံတော်အတွက် ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ ပြောဆိုမှု‌တွေရှိနေတော့ ကျွန်တော်တို့ EAO တွေနဲ့ မကြာမကြာ တွေ့ဆုံသင့်ပါတယ်။ ပြီးတော့ ဒီလိုစုစုစည်းစည်းနဲ့ တွေ့ဆုံတာက နိုင်ငံရေးတွေ့ဆုံဆွေး‌နွေးမှု ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာဖို့ လမ်းစလို့လည်း ပြော လို့ရပါတယ်။ အဲဒီလမ်းစကို ဖော်ဆောင်ချင်လို့ပဲ နိုင်ငံ ရေးပါတီအစုအဖွဲ့အနေနဲ့ NSPNC ကို တောင်းဆိုခဲ့တာပေါ့။ ဟိုတုန်းကလည်း တွေ့ဆုံခဲ့ဖူးတယ်။ ဦးသိန်းစိန် လက်ထက်တို့၊ NLD လက်ထက်တို့မှာ Work Shop တွေလုပ်ခဲ့ကြပါတယ်။ အခု နစကလက်ထက် အခုလို သုံးပွင့်ဆိုင်တွေ့‌ဆုံပွဲ တွေ့‌ဆုံဆွေး‌နွေးမှု အခင်းအကျင်းတစ်ရပ်အတွက် လမ်းစလို့ ယူဆနိုင်ပါတယ်။ လမ်းစလေးတစ်စ ပေါ်လာပြီလို့လည်း ဒီတွေ့ဆုံခြင်းကနေ ရင်ထဲမှာ ခံစားမိတယ်။ ဆွေးနွေးမှုလမ်းစလေးတော့ ထွက်လာပြီလို့ ပြောလို့ရပါတယ်။


TREND ။        ။ ပြည်‌ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ မှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီ ၄၉ ပါတီ တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
UHA     ။        ။
ဟိုတုန်းက ရွေးကောက်ပွဲစနစ်ကို PR (အချိုးကျကိုယ်စားပြုစနစ်)နဲ့ ကျင့်သုံးမယ်ဆိုပြီး နစကအစိုးရက ထုတ်ပြန်ထားတာရှိတယ်။ ကြာပြီဆိုတော့ ထုတ်ပြန်ချက်အမှတ်တော့၊ နေ့စွဲတွေတော့ မမှတ်မိတော့ဘူး။ ပြီးတော့ PR နဲ့ ပတ်သက်ပြီးတော့ လုပ်သင့် လုပ်ထိုက်တာ‌တွေ ပြောကြဆိုကြ၊ ရေးကြတာတွေ လုပ်ရမယ်။ ကော်မရှင်အနေနဲ့လည်း PR မှာ ဘယ်လိုရာ ခိုင်နှုန်း အချိုးကျခွဲဝေရမလဲဆိုတာမျိုး စာအုပ်ပါထုတ်ထားတဲ့ အဆင့်ရှိပါတယ်။ အခုဒီတွေ့ဆုံပွဲမှာ အဲဒီလို ရွေးကောက်ပွဲ စနစ်အကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ ရွေးကောက်ပွဲစနစ်က အတည် မဖြစ်သေးဘူး၊ အခုလောလောဆယ် FPTP (မဲအများ ဆုံးရသူ အနိုင်ရသည့်စနစ်)စနစ် ကျင့်သုံးမလား၊ ရွေး ကောက်ပွဲစနစ်ကို မသတ်မှတ်ရသေးဘူးပေါ့။ PR ဖြစ် မလား၊ FPTP ဖြစ်မလား မသိရသေးသလို PR စနစ်ကလည်း လွှတ်တော်မှာ အတည်ပြုချက် မရယူရသေးဘူးပေါ့။ အဲဒီသဘောမျိုး ပြောသွားတယ်။ အဲဒီကဏ္ဍလေးတွေ ကော်မရှင်ဘက်က စပြောလာတဲ့အခါကျတော့ နည်းနည်းတော့ အံ့သြမိတယ်။ ရွေးကောက်ပွဲရက်ကတော့ မအံ့သြမိပေမယ့် အခုက ရွေးကောက်ပွဲကျင်းပဖို့ တစ်နှစ်ကျော်ကျော်ပဲလို တော့တာလေ။ တကယ်တမ်း တွက်ကြည့်လိုက်မယ်ဆိုရင်တော့ နိုဝင်ဘာလ ဖြစ်မယ်ဆိုရင် ၁၂ လ ၊ ၁၃ လ လောက်ပဲ ကျန်တော့တာပေါ့။အဲဒီလိုအခြေအနေမှာ ရွေးကောက်ပွဲစနစ်က ဘာစနစ်နဲ့ ကျင့်သုံးရမလဲ မသိသေးဘူးဆိုတော့ နည်းနည်းတော့ ထူးဆန်းနေသလားလို့ ထင်မိတယ်။ ရွေးကောက်ပွဲက လာမယ့်နှစ်မှာ ဖြစ်နိုင်ခြေများတယ်ပေါ့။ ရက်‌ကတော့ အတိအကျမသိရသေးဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်နေတဲ့လကတော့ နိုဝင်ဘာလ ဖြစ်တာများတယ်ဆိုတဲ့ အကြောင်းရယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲစနစ်က မသေချာသေးဘူးဆိုတဲ့သဘော ကော်မရှင်က ပြောသွားတာ။ အဲဒီလိုမျိုး ကြားသိလိုက်ရတော့ နည်းနည်းတော့ အံ့သြမိတာပါ။
    အမှန်ကတော့ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး  နစကအစိုးရ အကြံပေးကနေ ဒါလေးတွေကို အကြံပြုလာတယ်ဆိုတဲ့အကြောင်းကို ကော်မရှင်ဥက္ကဋ္ဌက ရှင်းပြတာပေါ့။ ကျွန်တော်တို့ နိုင်ငံရေးပါတီ တွေဘက် ကလည်း PR စနစ်နဲ့ပတ်သက်ပြီး Closed List System ကို ကျင့်သုံးဖို့ တင်ပြထားတာရှိတယ်။ ကော်မရှင်ဘက် ကလည်း Closed List PR  ကျင့်သုံးမယ်ဆိုပြီး စာအုပ်တွေတောင် ထုတ်ထားပြီးပါပြီ။ အဲဒီအခါကျတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီများ အစုအဖွဲ့က ဒီကိစ္စကို  ဆွေး‌နွေးကြပါတယ်။ ကော်မရှင်ဟာ လွတ်လပ်ရမယ်ဆိုပြီး ဝိုင်းဝန်းဆွေးနွေးကြတယ်။ ကော်မရှင်ဥက္ကဋ္ဌကလည်း ပြန်ရှင်းပြတယ်။ အခုဒါက နစကအစိုးရရဲ့ အကြံပြုချက်ဖြစ် တယ်ဆိုတဲ့အကြောင်း၊ အကြံပြုတာက မည်သူမဆို အကြံပြုလို့ရတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဟိုတုန်းက PR  လုပ်မယ်လို့ ပြောထားပြီးမှ FPTP လုပ် မလား၊ PR  က လွှတ်တော်မှာ အတည်မပြုရသေးဘူး ဆိုတာမျိုး နစကအစိုးရ အကြံပေးရဲ့  အကြံပြုချက်ကို ပြောလာတော့ ကျွန်တော်တို့ နည်းနည်း တစ်မျိုးတစ်မျိုး ဖြစ်သွားတာပေါ့။ နောက်ပြီး တော့ သူတို့ဘက်က မဲထည့်တဲ့ မြန်မာအီလက်ထရောနစ်ကို ကောင်းကောင်း စက်တွေလုပ်ထားပြီးပြီ။ အဲဒါကိုလည်း PR  စနစ်အတွက်ကို ပြင်ဆင်ထားတာ။
    အဲဒီနေ့ တွေ့ဆုံပွဲရဲ့ အခြေအနေအရ FPTP စနစ်အတွက်ပါ ပြန်ပြင်ရမယ့်သဘောမျိုး ပြောလာတော့ ပိုပြီးတော့ ထူးဆန်းတာပေါ့။ မဲ‌ပေးစက်က PR  စနစ်ကို သုံးလို့ရအောင် ပြင်ဆင်ထားတာ အခုကျတော့ FPTP စနစ်အတွက်ပါ ပြန်ပြင်နေတဲ့သဘောမျိုးပြောလာတော့ ကျွန်တော်တို့လည်း စဉ်းစားစရာ ဖြစ်သွားတာပေါ့။

TREND ။        ။ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက် ပြီး မသတ်မှတ်ရသေးဘူးဆိုတာမျိုး သိလိုက်ရတော့ ဒီအပေါ် ဘယ်လိုမြင်လဲ။ 
UHA     ။        ။
အဲဒါကတော့ မကောင်းဘူးလို့ ထင်တာပေါ့။ ပြီးတော့ သူတို့ဘက်က အပြောင်းအလဲ လုပ်ချင်လို့ ဒီလိုပြောလာတာလားပေါ့။ နိုင်ငံတစ်နိုင်ငံဆိုတာက ရွေးကောက်ပွဲစနစ်ကို ကြိုတင်ပြီး တော့ ကြေညာထားသင့်တယ်။ PR  စနစ် ကျင့်သုံးမလား၊ FPTP စနစ် ကျင့်သုံးမလား အခုအချိန်မှာ  ပြတ်ပြတ်သားသား လုပ်ထားသင့်တယ်လို့ မြင်တယ်။ ဘယ်လွှတ်တော်ကို PR  စနစ်နဲ့သွားမယ်၊ ဘယ်လွှတ်တော်ကိုတော့ FPTP စနစ်နဲ့သွားမယ်ဆိုတာမျိုး ကြိုတင်ပြီးတော့ ထုတ်ပြန်ထားသင့်တယ်။ အဲဒါမှလည်း နိုင်ငံရေးပါတီတွေက ပြင်ဆင်ချိန်ရမှာပေါ့။


TREND ။        ။  စနစ်ဆိုတာ တိုင်းရင်းသား ပါတီတွေအတွက် လွှတ်တော်မှာ နေရာရရှိမှု အခွင့်အလမ်း ပိုရှိစေတယ်လို့ နားလည်ထားပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အ‌ရေး၊ တိုင်းရင်းသားပါတီတွေကို နေရာပေးမှုတွေနဲ့ပတ်သက်ပြီး အရင်အစိုးရ အဆက်ဆက်တွေက တွေ့ကြုံခဲ့ရတဲ့ အခြေအနေ ကိုလည်း ပြောပြပါဦး။
UHA     ။        ။
တိုင်းရင်းသားတွေကို နေရာပေးမှုနဲ့ပတ်သက်ပြီး USDP အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက် အစိုးရနှစ်ဆက်ကို နှိုင်းယှဉ်ပြရမှာပေါ့။ NLD ဦးဆောင်တဲ့အစိုးရနဲ့ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သောအစိုးရ အဲဒီနှစ်ခု နှိုင်းယှဉ်တဲ့အခါ တိုင်းရင်းသားတွေနေရာရမှုက ဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားတွေကို တော်တော်လေး နေရာပေးခဲ့ပါတယ်။ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေကို ဝန်ကြီး တွေခန့်တယ်။ အုပ်ချုပ်ရေးပိုင်းမှာရော၊ လွှတ်တော်မှာရော အရေးပါတဲ့နေရာတွေကို တိုင်းရင်းသားတွေကို ထည့်ပေးတာပေါ့။ NLD လက်ထက်မှာ ပြန်သုံးသပ်ရရင်တော့ တိုင်းရင်းသား တွေကို ပြည်နယ်တွေမှာနေရာ မပေးတာများတယ်။ နောက် NLD လက်ထက်မှာ ပြဿနာတစ်ခုတက်ခဲ့တာက ALP က ရခိုင်မှာ မဲအများဆုံးနိုင်တယ်။ နိုင်တဲ့အခါကျတော့ သူတို့ပါတီက ပြည်နယ်ဝန် ကြီးချုပ်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ကြိုးစားတဲ့အခါကျတော့ ဖြစ်မလာဘူးပေါ့။ အဲဒီအခါကျတော့ လွှတ်တော်မှာ ALP ပါတီက လွှမ်းမိုးပြီးတော့ အုပ်ချုပ်မှုအာဏာမှာ NLD က ဝန်ကြီးချုပ်ဆိုတော့ ဒီမိုကရေ စီနည်းလမ်းအရ မြိုင်သွားတယ်ပြောလို့ရ‌ပေမယ့် အတိုက်အခံက ပိုပိုကြီးလာပြီး အမုန်းတရားတွေ ဖြစ်လာခဲ့တာပေါ့။ ဒါက ဥပမာတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်အကျိုးကိုပြောဖို့ ပါတီထောင်ကြတာ။ ဒါပေမဲ့ တိုင်းရင်းသားပါတီကလူတွေနဲ့ လက်တွဲ ပြီး အလုပ်လုပ်ကြမယ်ဆိုရင်လည်း တိုင်းပြည်အတွက် ကောင်းလာမယ်ဆိုတာမျိုး ဟိုတုန်းက NLD အကြီးပိုင်းတွေကို ၂၀၁၇ လောက်က တင်ပြခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက ပြဿနာတွေဟာ နိုင်ငံရေးပြဿနာဟာ တိုင်းရင်းသားပြဿနာတွေနဲ့ တွဲနေတဲ့ အခါကျတော့လေ။ NLD က‌တော့ ပြောပါတယ်။ သူတို့ပါတီဟာ  တိုင်းရင်းသားလူမျိုးစုံပါတဲ့ ပါတီဖြစ်တယ်ပေါ့။ NLD ပါတီမှာ တိုင်းရင်းသားတွေရှိတယ်၊ တိုင်းရင်းသားတွေ ကိုယ်စားပြုတယ်ဆိုပြီး NLD ဘက်က ပြောခဲ့ပါတယ်၊ မတူဘူးလေ။ NLD အောက်မှာနေတဲ့ တိုင်းရင်းသားနဲ့ ကျွန်တော်တို့ပါတီထောင်ထားတဲ့ တိုင်းရင်းသားတိုင်းက ကွာခြားပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ နေရာပေးမှုက ပြည်ခိုင်ဖြိုးလက်ထက်မှာ နေရာပေးခဲ့ပေမယ့် NLD လက်ထက်မှာ တိုင်းရင်းသားတွေ ဘေး ရောက်တာများတယ်။ 


TREND ။        ။ NLD လက်ထက်မှာ တိုင်းရင်းသားတွေ ဘေးရောက်ခဲ့တဲ့တယ်ဆိုတာက ဘယ်လို အခြေအနေမျိုး ဖြစ်ခဲ့တာလဲ။
UHA     ။        ။
အခုနောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ပြန်သုံးသပ်ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ရေးရာဝန်ကြီးက တစ်နိုင်ငံလုံးမှာ ၂၉ နေရာရှိတယ်။ တိုင်းရင်းသားပါတီတွေဟာ အဓိကကတော့ သူတို့ရဲ့ ရေးရာဝန်ကြီးနေရာကိစ္စကို အားစိုက်ပြီးတော့ သူ့နယ်၊ ကိုယ့်နယ် ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ ၂၉ နေရာမှာ တိုင်းရင်းသားပါတီတွေဘက်က အနိုင်ရသွားတာက သုံး နေရာပဲခဲ့တယ်။ NLD ကတော့ ၂၆ နေရာလုံး သိမ်းပိုက်သွားနိုင်ခဲ့တယ်။ ဒါတွေက ပြီးခဲ့ပါပြီ။ ပြီးခဲ့တဲ့ကိစ္စကို ပြန်မပြောချင်ပေမယ့် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး ဘယ်နေရာ၊ ဘယ်နေရာတွေပြိုင်မယ်၊ လွှတ်တော်ထဲမှာ ဘယ်လို လက်တွဲလုပ်ကြမယ်ဆိုတဲ့ဆန္ဒမျိုး NLD လုပ်ခဲ့မယ်ဆိုရင်တောင် အခုလိုမျိုး အာဏာထိန်းတဲ့အခြေအနေတောင် ပေါ်လာစရာအကြောင်းမရှိဘူးလို့မြင်တယ်။ အခုမှ မြင်တာမဟုတ်ဘူး။ အရင်ကတည်းက အဲဒီအယူအဆပါ။ NLD က ကိုနိုင်ငံလင်း နဲ့ဆိုရင် UPDJC ရဲ့ နယ်လှည့်ဟောပြောပွဲတွေမှာ အမြဲတမ်း အတူတူဆိုတော့ အဲဒီကိစ္စကို အမြဲတမ်း ဆွေးနွေးဖြစ်တယ်။ ပြီးတော့ NLD က ဦးအောင်ကြည်ညွန့်နဲ့ တွေ့ခဲ့တိုင်းလည်း မကြာမကြာပြောခဲ့ဖူးတယ်။ နောက် NLD ဦးထွန်းထွန်းဟိန်နဲ့လည်း ပုဂ္ဂိုလ်ရေးအရရင်းနှီးတော့ မကြာမကြာ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီလို NLD က ခေါင်းဆောင်ပိုင်းတွေကို တွေ့တဲ့အခါ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးမှ လုပ်သင့်တယ်ဆိုပြီးတော့ ပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ နေရာမပေး ခဲ့ဘူး။ နေရာမပေးခဲ့ဘူးဆိုတာက ရွေးကောက်ပွဲနီးလာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားလုံးအနိုင်ရချင်တယ်ဆိုတဲ့ သူ့ပါတီမှာ ပြောတဲ့စကား ထွက်လာတော့ တော်တော်လေး အံ့သြမိခဲ့တယ်။


TREND ။        ။ NLD က တိုင်းရင်းသားတွေ မဟာမိတ်လုပ်ခဲ့တာလည်း ရှိခဲ့တယ်။ ဒါကရော ဘယ်လောက် နီးစပ်မှုရှိခဲ့လဲ။
UHA     ။     ။
တိုင်းရင်းသားတွေ မဟာမိတ် လုပ်ခဲ့တာ ထိရောက်မှု၊ နီးစပ်မှု ရှိ၊ မရှိဆိုတာက NLD က ပိုသိကြမှာပါ။ ဦးစိုင်းညွန့်လွင် (SNLD) ဆိုရင် ရင်း နှီးမှုပိုရှိခဲ့တယ်။ SNLD နဲ့ NLD မဟာမိတ် လုပ်မလုပ်တော့ ဒါတော့ မပြောလိုပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ၂၀၁၅ NLD ရွေးကောက်ပွဲနိုင်ခဲ့စဉ်က အစတုန်းက သူတို့ အစိုးရအဖွဲ့မှာ ဒုသမ္မတပေးမယ်၊ ဘာညာ ကြားခဲ့တာပေါ့။ နောက်ပိုင်းမှာတော့ အဲဒီလို ဖြစ်မလာခဲ့ဘူး။ ဘာအကြောင်းအရာကြောင့် မဖြစ်တာလဲဆိုတာကိုလည်း မပြောလိုတော့ပါဘူး။ အဲဒီလို ဖြစ်မလာတော့ စိတ်မကောင်း ဖြစ်ခဲ့မိတာပေါ့။
    အဲဒီလိုမျိုးတွေသာ NLD က  နေရာပေးခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေဟာ သူတို့ကို အများကြီး ယုံကြည်မှုရှိလာနိုင်တယ်ပေါ့။ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ဘယ်လောက်နီးစပ်မှုရှိခဲ့သလဲ ကျွန်တော်မခန့်မှန်းတတ်ဘူး။ ဒါပေမဲ့ တော်တော်များများကတော့ စိမ်းစိမ်းကားကား ဖြစ်သွားခဲ့တယ်။


TREND ။        ။ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပြုချင်လဲ။
UHA     ။        ။
ကျွန်တော်ကတော့ ထုတ်ပြန်ထားတဲ့ အတိုင်းတော့ ကျင့်သုံးစေချင်တယ်။ အကြံပြုချင်တာလည်း နှစ်ချက်တည်းပါ။ ကြေညာချက်ထုတ်ခဲ့ တယ်ဆိုရင် ပြုလွယ်ပြင်လွယ် မလုပ်သင့်ဘူးပေါ့။ အခုအချိန်မှာ နိုင်ငံတကာက စောင့်ကြည့်နေတဲ့အချိန်မှာ ပြုလွယ်ပြင်လွယ် လုပ်မယ်ဆိုရင် နိုင်ငံအတွက်မကောင်းဘူး၊ နိုင်ငံရေး အားနည်းသွားလိမ့်မယ်လို့ အကြံပြုချင်တယ်။ ပြီးတော့ မဲထည့်တဲ့ စနစ်ကိုလည်း အွန်လိုင်းနဲ့ မဲထည့်နိုင်တဲ့ စနစ်လုပ်ဖို့‌အကြောင်းနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာသွားတုန်းကလည်း ရွေးကောက်ပွဲကို သူတို့ ကူညီပါ့မယ်ဆိုပြီး ပြောသွားတာရှိတော့ နည်းပညာပိုင်းဆိုင်ရာ အရရော၊ တရုတ်နဲ့ပူးပေါင်းပြီး လုပ်သင့်တဲ့အကြောင်း အဲဒီတွေ့ဆုံပွဲမှာ အကြံပြုခဲ့ပါတယ်။ အခုလို ရွေးကောက်ပွဲစနစ်ကို သေသေချာချာ ကြိုတင် ကြေညာထားစေချင်တယ်။ အခုကတော့ ရွေးကောက်ပွဲ စနစ်နဲ့ပတ်သက်ပြီး ပွက်လောရိုက်လာနိုင်တယ်လို့ မြင်တယ်။‌ နောက်တစ်ဖက်က ရွေးကောက်ပွဲ မဖြစ်စေချင်တဲ့သူတွေကလည်း ဝမ်းသာနေကြပါလိမ့်မယ်လို့လည်း မြင်ပါတယ်။


TREND ။        ။ နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောပေးပါဦး။
UHA     ။        ။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှုအသစ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အဲဒီ အခင်းအကျင်းသစ်ဖြစ်ဖို့ အားလုံးက အလုပ်လုပ်ဖို့ လိုပါလိမ့်မယ်။ တွေ့ဆုံဆွေး‌နွေးမယ်၊ ညှိနှိုင်းမယ်၊ ဘယ်လို လုပ်ရင်ကောင်းမလဲ ညှိနှိုင်းကြရမယ်။ တွေ့မယ်၊ ဆုံးဖြတ်ချက်တွေချမယ်၊ ဘယ်သူက ဘယ်တာဝန်လုပ်ဆိုတာမျိုး၊ အစိုးရ၊ တပ်မတော်၊ EAO တွေနဲ့ ပါတီဘက်တွေက အသီးသီးပေါ့။ တာဝန်ခွဲဝေမှုတွေနဲ့ ဥပမာနှစ် လတစ်ကြိမ်တွေ့ကြမယ်ဆိုရင် အဲဒီကြားထဲမှာ သူ့နယ်၊ ကိုယ့်နယ် အကောင်အထည်သွားဖော်မယ်။ ပြီးရင် လက်တွေ့လုပ်ဆောင်တဲ့အခါ အားနည်းချက်၊ အားသာချက်တွေကို ပြန်ဆုံတဲ့အခါ ပြန်ဆွေး‌နွေးပြီး အဖြေရှာ၊ အဲဒီလိုမျိုးလေးတွေနဲ့ ဆက်သွားကြမယ်ဆိုရင်တော့ အဆင်ပြေလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၂ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 225

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43078

© 2022 - 2025 News. All Rights Reserved.