နိုင်ငံတကာမှာ (၁၈) နှစ် ပြည့်ပြီးသူတိုင်း(ဒါမှမဟုတ်) ဝန်ထမ်းအလုပ်လျှောက်တဲ့အချိန်မှာပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ သူ့မှာ စစ်မှုထမ်းထားတဲ့ အထောက်အထားမရှိရင် အခက်အခဲတွေ့တာတို့၊ ခွင့်မပြုတာတို့ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ရှိဖို့ အရေးအကြီးဆုံးက ပြည်သူ့စစ်မှုထမ်း ဥပဒေက အထောက်အကူပြုလိမ့်မယ်
KIA ရဲ့ကျေးဇူးမူးလို့တောင် ရူစရာမရှိဘူးဆိုသူ၊ လီဆူလူမျိုး၊ လီဆူဒေသအတွက် KIA ကို တိုက်ထုတ်နေသူ လီဆီပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ ကချင်ပြည်နယ် ဒေသတွင်းအခြေအနေ၊ ပြည်သူ့စစ်ဝန် သယ်ပိုးထမ်းဆောင်နေရမှုအခြေအနေနဲ့ ပြည်သူ့စစ်မှု ထမ်းဥပဒေအပေါ် သဘောထားအမြင်များ ဆက်သွယ်မေးမြန်းထားပါတယ်။
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနှင့် ဆက်သွယ်မေးမြန်းခြင်း.....
TREND ။ ။ ဒေသရဲ့ လက်ရှိအခြေအနေလေး ပြောပြပါဦး။
USM ။ ။ လောလောဆယ် ကချင်ပြည်နယ်ထဲမှာတော့ KIA /PDF တွေနဲ့ မြန်မာ့တပ်မတော်တို့ ထိတွေ့မှုတွေကတော့ ကြိုကြား၊ ကြိုကြား ကြားနေရတာပေါ့။ အဲဒီလိုလေးတော့ ရှိနေပါတယ်။ သူတို့က တပ်စခန်းတွေကို တိုက်ခိုက်နေတယ်ပေါ့။ ဥပမာ ဖားကန့်လမ်းပေါ်မှာ ကြားနေရတယ်၊ မနေ့က (ဖေဖော်ဝါရီ ၁၀) ကဆိုရင် ဆင်ဘိုမှာကြားနေရတယ်။ လောလောဆယ်မှာ အဲလိုမျိုး ကြားနေရတော့ ရှိပါတယ်။ အဓိက ဖားကန့်လမ်းနဲ့ ဆင်ဘိုပေါ့။ လောလောဆယ်တော့ အဲ့ဒီနားမှာ ဒီရက်ပိုင်း ဖြစ်နေတာပေါ့။ ကျန်တဲ့နေရာတွေတော့ ငြိမ်နေတယ်။
TREND ။ ။ အန်ကယ်တို့ ပြည်သူ့စစ်အဖွဲ့ တာဝန်ယူ လုပ်ဆောင်နေတဲ့ ဒေသအခြေအနေကရော ဘယ်လိုရှိနေလဲ။
USM ။ ။ ကျွန်တော်တို့ တာဝန်ယူထားတဲ့ အပိုင်းမှာတော့ ဒီရက်ပိုင်းငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာတော့ အဓိကကတော့ သူပုန်ဆိုလို့ KIA ပဲ ရှိတာပေါ့ဗျာ။ KIA ရဲ့ လက်အောက်မှာတော့ PDF တွေရှိမယ်။ ပြီးရင် သူ့ရဲ့ မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ AA တို့ရှိမယ်။
ကျွန်တော်တို့ဒေသမှာတော့ အဓိကဦးတည်ပြီးတော့ ခုခံကာကွယ်တိုက်ခိုက်နေတာကတော့ KIA ပါ ပဲ။ KIA က သူတို့ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမယ့် မဟာဗျူဟာကျတဲ့လမ်းတွေ တိုက်တယ်လို့ သုံးသပ်တယ်။ ဖားကန့်တို့၊ ဆင်ဘိုတို့ဆိုတာ သူတို့ရဲ့ အကျိုးစီးပွားအတွက် မဟာဗျူဟာကျတယ်၊ စစ်ရေးစီးပွားရေးအတွက် မဟာဗျူဟာကျတဲ့ နေရာတွေကို တိုက်တယ်လို့ပဲမြင်ပါတယ်။
TREND ။ ။ KIA က သူ့ရဲ့ စစ်ရေး၊ စီးပွားရေးအရ မဟာဗျူဟာကျတဲ့နေရာတွေကို တိုက်တယ်ဆိုတော့ KIA ရဲ့ အဓိက ရည်ရွယ်ချက်ကို ဘယ်လိုသုံးသပ်မိလဲ။
USM ။ ။ သူတို့က အဓိက အဲဒီလမ်းကြောင်းကို ထိန်းချုပ်ဖို့ပေါ့။ အဲဒီလမ်းကြောင်းကို ထိန်းချုပ်တဲ့အတွက် သူတို့ရဲ့ စစ်ရေးစီးပွားရေးအတွက်သွားလာမှုက အဆင်ပြေသွားမယ်။ ပြီးရင် သူတို့ရဲ့ အကျိုးစီးပွားအတွက် အဲဒီလမ်းပေါ်မှာ သူတို့က ဒါသူတို့က ဆက်ကြေးတွေကောက်မယ်။ သူတို့ပြောတာတော့ အခွန်အခပေါ့။ တစ်ဖက်က ပြည်သူတွေ မြင်နေတာက ဆက်ကြေးပေါ့။ ဒါကြောင့် သူတို့အကျိုးစီးပွားအတွက်မူတည်ပြီး လုပ်နေတာလို့ မြင်ပါတယ်။ ဆိုတော့ KIA ကတော့ ရှင်းပါတယ်။ KIA က ဝမ်ပေါင် သမ္မတနိုင်ငံထူထောင်ရေး အိပ်မက်ပေါ့ဗျာ။ ဂျိမ်းဖော့လူမျိုးကြီး ဝါဒပေါ့ဗျာ။ ဒါကတော့ ရှင်းနေတာပဲ။ အဲဒါကို သူတို့ ဖော်ဆောင်နေတယ်။ လွန်ခဲ့တဲ့ကာလ နှစ် ၅၀ ကျော်ကျော်၊ ၆၀ လောက်မှာ မအောင်ခဲ့ဘူး။ အခုအချိန်မှာ သူအားပြန်ကောင်းလာ တယ်ဆိုတာက နိုင်ငံရေးအခြေအနေ ရှုတ်ထွေးလာတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ အခွင့်ကောင်းယူပြီးတော့ ဒီမှာ ဝါဒမှိုင်းတွေနဲ့ သူ့ရဲ့အားကို ဖြည့်တယ်ပေါ့ဗျာ။ AA တို့၊ PDF တို့သာ မရှိခဲ့ရင် KIA အင်အားက ဘယ်လောက်မှမရှိဘူး။ နိုင်ငံရေးအခြေအနေအရ ထွက်ပေါ်လာတဲ့ AA တို့၊ PDF တို့ရဲ့ အားကြောင့်သာ အင်အားရှိသလို သူလုပ်ချင်သလို လုပ်လို့ရနေတာပေါ့ဗျာ။ ဒါမှမဟုတ်ဘဲ သူ့ရဲ့ လူမျိုးကြီးဝါဒကို အခြေခံတဲ့ ဂျိမ်းဖော့ဝါဒကို အခြေခံပြီးသာ သူလုပ်ခဲ့တယ်။ အားမရှိဘူး၊ ဆက်လုပ်သွားရင်လည်း အားရှိမှာမဟုတ်ဘူး။ ကာလတစ်ခုရဲ့ အကန့်အသတ် အချိန်အခါတစ်ခုလေးမှာပဲ သူဒီလို အားဖြစ်လာတယ်လို့ပဲ ပြောချင်ပါတယ်။သူတို့က ဂျိမ်းဖော့ဝါဒီ ဝမ်ပေါင်သမ္မတနိုင်ငံထူထောင်မယ်ဆိုတဲ့ KIA အိပ်မက်ကပေါ့၊ ဒါက မလွယ်ပါဘူး။အိပ်မက်ပဲ ဖြစ်မှာပါ။

ဘာကြောင့်လဲဆိုရင် ဂျိမ်းဖော့ဆိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံမဆိုထားနဲ့ ကမ္ဘာမှာတောင် ဘယ်လောက်မှမရှိတဲ့ လူဦးရေရှိတဲ့ လူမျိုးမဟုတ်ဘူး။ အဲဒီတော့ လူမျိုးငယ်လို့ပဲ သတ်မှတ်လို့ရတယ်။ ကျွန်တော်တို့ သိတာကတော့ လူမျိုးတစ်မျိုးရယ်လို့ လူမျိုးကြီးလို့ သတ် မှတ်ဖို့ အနည်းဆုံး ၁၀ သိန်းပေါ့။ တစ်သန်းကျော်ရမယ်။အဲဒီလူမျိုးရဲ့ အင်အားက အဲဒီလောက်ရှိမယ်လို့ သိမထားဘူး။ ကျွန်တော်တို့ကချင်ပြည်နယ်မှာတော့ အနည်းအကျဉ်းပေါ့။ တရုတ်ပြည်မှာဆိုရင် ယူနန်ခရိုင် သယ်ဟုန်မှာ အနည်းအကျဉ်းပေါ့ဗျာ။ အဲဒါသူတို့ရဲ့ ဂျိမ်းဖော့ လူမျိုးကြီးဝါဒလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် လူမျိုးကိုက လူမျိုးငယ်ဖြစ်နေတော့ သူတို့ရဲ့ အိပ်မက်က ဘယ်လိုမှ မအောင် မြင်နိုင်ဘူးလို့ မြင်ပါတယ်။
TREND ။ ။ KIA အနေနဲ့က ဖားကန့်တို့၊ ဆင်ဘိုတို့အပြင် တခြား ဘယ်လိုဒေသတွေ လှုပ်ရှား လာနိုင်တယ်လို့ ခန့်မှန့်သုံးသပ်မိလဲ။
USM ။ ။ သူကတော့ သူတို့ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမယ့် နေရာဘက်ကို ထိုးဖောက်မှာပဲ။ ဘယ်ဒေသမှာ သူ့ရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေမယ်၊ အဲဒါကို အဓိက အခြေခံတာ။ ကျွန်တော့်အမြင်အရဆိုရင် KIA မှာ မဟာရည်မှန်းချက်ကြီး မရှိဘူးဗျ။ အကျိုးစီးပွားပဲဗျ။ ဘာကြောင့်လဲဆိုရင် သူက တစ်ခါတုန်းက ဖက်ဒရယ်လို့ ပြောလိုက်၊ ဒီမိုကရေစီလို့ ပြောလိုက်၊ သမ္မတနိုင်ငံပြောလိုက်နဲ့ KIA မှာ တိကျခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိဘူ။ အကျိုးစီးပွားရှိရင်ရှိတဲ့ လမ်းကြောင်းကို လိုက်မှာပဲ။ အဲဒီတော့သူက နယ်မြေတွေ တိုက်ခိုက်တဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပဲ။ စီးပွားရေးအရ အကျိုးအမြတ် ရှိနိုင်တဲ့နေရာကို လိုက်တိုက်မယ်။ စီးပွားရေးအကျိုးအမြတ်ရှိနိုင်မယ့် သူတွေနဲ့ သူပူးပေါင်းမယ်။ နိုင်ငံရေးအရ အကျိုးအမြတ်ရနိုင်မယ့်နေရာကို ပူးပေါင်းမယ်။ သူကတော့ အဓိကအဲ့ဒါပါပဲ။ အကျိုးစီးပွား ဆိုတဲ့နေရာမှာ သူတို့က ဘယ်အဖွဲ့နဲ့ပူးပေါင်းလို့ သူ့ကို ဘယ်လို ထောက်ပံ့ကြေးရတယ်ဆိုရင် သူရတဲ့ အဖွဲ့နဲ့ သူပူးပေါင်းမှာပဲ။ ပြီးရင် ဘယ်ဒေသဝင်ရင် ဘာအကျိုးစီးပွားရမလဲ၊ ယနေ့ စစ်ကိုင်းတိုင်းကိုဝင်တယ်။ စစ်ကိုင်းတိုင်းမှာ စီးပွားဖြစ်ထွန်းလောက်တဲ့နေရာတွေ အများကြီးရှိတယ်။ အဲ့ဒါကို သူချဲ့ ထွင်နေတာဖြစ်တယ်။ ကချင်ပြည်နယ်မှာလည်း ကုန်သလောက်ဖြစ်နေပြီ။ အဲဒီတော့ စစ်ကိုင်းဘက်ကို ချဲ့ထွင်နေတယ်လို့ ရိုးရိုးမြင်တယ် ခင်မျ။ တည့်တည့်ပြောရရင် ရွှေထွက်တဲ့နေရာ၊ ပိုက်ဆံရတဲ့နေရာ သူတို့ဝင်တယ်၊ အဲဒါပါပဲ။
TREND ။ ။ ကချင်ပြည်နယ်မှာ ကုန်သလောက်ဖြစ်နေပြီဆိုတာက သူတို့ရဲ့ နယ်မြေစိုးမိုး ချဲ့ထွင်ထားမှုက ဘယ်အခြေအနေကြောင့်ဖြစ်မလဲ။
USM ။ ။ သူတို့က လုံးဝစိုးမိုးထားတဲ့ ဧရိယာတော့မရှိဘူး။ ဒါပေမဲ့ ကြိုကြား၊ ကြိုကြား ထွက်၊ ထွက်လာပြီးတော့ သူတို့က အဲဒီလို ဆပ်ကြေးကောက်တဲ့ အခါကျတော့ ပြည်သူတွေက မပေးလို့လည်း မရဘူး။ပြီးရင် သူတို့ဆီမှာ ဥပဒေဆိုတာ မရှိဘူး။ စစ်သားများလိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ် COC ဆိုတာလည်း မရှိဘူး။ လူတစ်ယောက်ကို ရိုက်ချင်ရိုက်မယ်၊ သတ်ချင်သတ်မယ်။
TREND ။ ။ ပြည်သူ့စစ်မှုထမ်း ဥပဒေကို လက်တွေ့အကောင်အထည်ဖော်မှု၊ လေးစားလိုက်နာမှု အပိုင်းတွေနဲ့ပတ်သက်ပြီး ဘာများအကြံပြုချင်ပါလဲ။
USM ။ ။ ကျွန်တော်တို့က ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရတဲ့အခါမှာ အဓိက ကျွန်တော်တို့ နိုင်ငံသားတွေမှာ ဖြစ်နေတဲ့ Mindset ကို ပြုပြင်ပေးဖို့လိုတယ်။ ငါ့နိုင်ငံသူ ငါ့နိုင်ငံသားအတွက် ငါလုပ်ရမယ်။ ငါ့နိုင်ငံရဲ့တိုးတက်မှုအတွက် ငါသည် ကြိုးစားရမယ်ဆိုတဲ့ နိုင်ငံချစ်စိတ်တွေကို ရိုက်သွင်းရမယ်။ တခြားသော အမှောင့်ပယောဂတွေ ဝင်လာတဲ့ ဝါဒမှိုင်းတွေကို ချေဖျက်နိုင်ရမယ်။ အဲဒီတော့ ဝင်လာတဲ့သူတိုင်းကို မျိုးချစ်စိတ်တွေ ရိုက်သွင်းပေးမယ်။ နိုင်ငံချစ်စိတ်တွေ ရိုက်သွင်းပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံအနာဂတ်ဟာ လှပလိမ့်မယ်။ ဒါမှမဟုတ်ဘဲ ကျွန်တော်တို့က နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို မရိုက်သွင်းပေးနိုင်တဲ့အခါကျတော့ အမေကျော်ဒွေးတော်လွမ်းတဲ့ စိတ်တွေ နိုင်ငံခြားမှ အထင်ကြီးတဲ့ စိတ်တွေ သူတစ်ပါးလူမျိုးမှ အထင်ကြီးတဲ့ စိတ်တွေများလာပြီးတော့ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်တွေ လျော့နည်းသွားဝာာတွေ ဒါတွေဖြစ်ပေါ်လာမယ်။ အဲ့ဒါကြောင့်မို့လို့ ဒါကို လူထုကို တကယ့်ကို သေချာလေး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေကို ရိုက်သွင်းပေးရမယ်။ ဒါမှသာ အနာဂတ်နိုင်ငံက ကောင်းမွန် လာမှာဖြစ်ပါတယ်။ အခုအချိန်ကာလမှာ ကျွန်တော်တို့က အမှောင့်ပယောဂ လို့ပဲပြောပြော၊ ပြင်ပပယောဂလို့ပဲ ပြောပြော ဒီပယောဂတွေ ဝင်လာတဲ့အတွက် Mindset တွေက အများကြီး ပျက်စီးနေတယ်။ အဓိက ဒါတွေကို အရင်ပြုပြင်ရမယ်လို့ မြင်ပါတယ်။ အဓိက လက်တွေ့ အကောင်အထည်ဖော်ရာမှာလည်း ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် ဒါတွေကို တိတိကျကျ လိုက်နာဆောက် ရွက်ဖို့လိုတယ်။ အဂတိကင်းရှင်းအောင် ဆောင်ရွက်ဖို့ လိုတယ်။ နောက်တစ်ခုက ဆောင်ရွက်တဲ့အချိန်မှာ ဆောင်ရွက်ပြီး ပြီ၊ဒီဟာတွေကို စစ်မှုထမ်းတော့မယ်ဆိုရင် သူတို့ကို အရင် မဆလခေတ်တုန်းက ရှိခဲ့ဖူးပါတယ်။ သဘောတရားသင်တန်းဆိုတာမျိုးပေါ့။ တကယ့်ကို နိုင်ငံ ချစ်စိတ်တွေ၊ မျိုးချစ်စိတ်တွေ ပြန့်ပွားလာဖို့ တကယ့်လက်တွေ့ ပကတိအရှိတရားနဲ့ နှိုင်းယှဉ်ပြီးတော့ ဒီလူဟာ နိုင်ငံအတွက် ကောင်းကျိုးဖြစ်မယ့် မျိုးဆက်သစ်လူတွေ ဖြစ်လာဖို့အားတွေ ဖြစ်လာဖို့ သင်တန်းတွေပို့ချတာတို့ သူတို့ရဲ့။ Mindset ကို ပြုပြင်ပေးတာတို့ ဒါတွေအရင် လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ အဲဒီ နောက်ပိုင်းမှသာ လက်တွေ့ အသုံးချရေးမှာ ပိုပြီးအဆင် ပြေလိမ့်မယ်လို့ ဒီလိုလေး မြင်မိပါတယ်။ ဒါကိုလည်း မြန်မြန်ဆန်ဆန်သာ ဆောင်ရွက်ပြီးတော့ နည်းဥပဒေ၊ ညွှန်ကြားချက်တွေ လုပ်ထုံးလုပ်နည်းတွေနဲ့ အမြန်ဆုံး အကောင် အထည်ဖို့ ကြိုးစားပေးကြပါလို့လည်း အကြံပြုပြောကြား လိုပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၅) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )