တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ညှိနှိုင်းပြီးတော့ နိုင်ငံရေးဆွေး‌နွေးပွဲ မူဘောင်ကို ချပြဖို့  ပြင်ဆင်နေပါတယ် .... ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့်  ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ဇန်နဝါရီ ၂၃
    တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ခုနစ်ဖွဲ့ ( 7 EAO Alliance) ဦးဆောင် အဖွဲ့အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့ပြီး အစည်းအဝေး သဘာပတိအဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဦးဆောင်ခဲ့သည်။ အစည်းအဝေးသို့ RCSS၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့မှ ခေါင်းဆောင်များအပါအဝင် ၂၂ ဦး တက်ရောက်ခဲ့ပြီး သက်ဆိုင်သူ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း 7 EAO Alliance  က ထုတ်ပြန်ခဲ့သည်။
    ယင်းအခြေအနေများနှင့်ပတ်သက်၍ အစည်းအ‌ဝေး တက်ရောက်ခဲ့သူ PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးကို ပြုလုပ်ရခြင်းနဲ့ အဓိကဘာတွေ‌ဆွေးနွေးခဲ့လဲ။ ပြောပေးပါဦး။
KOK    ။    ။
အဓိကကတော့ အလုပ်တွေ ပိုလုပ်ဖို့လိုတယ်၊ အဲဒါပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ Alliance ဖွဲ့တာတစ်နှစ်ပြည့်ပြီ။ ၂၀၂၄ မတ်လက နေဖွဲ့တာ အခု ၂၀၂၅ မတ်လဆိုရင် တစ်နှစ်ပြည့်တော့မယ်။ ပြည့်တဲ့အချိန်အထိ လုပ်ဆောင်ချက်က နည်းနေတော့ အလုပ်များများ လုပ်ကြပါ။ ကိုယ်ကနေ ဦးဆောင်ပြီးတော့၊ ထိုးဖောက်ပြီးတော့ လုပ်နိုင်တဲ့ဟာတွေကို များများလုပ်ကြပါဆိုပြီးတော့ အဲဒီလိုပဲ ဆွေးနွေးကြတာပါ။ အလားအလာရှိတာတွေ၊ ဖြစ်နိုင်ခြေတွေကို တွက်ပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာတွေက ဘယ်လိုမျိုး အလားအလာပဲ လာလာပေါ့၊ ကျွန်တော်တို့ လိုက်ပါလုပ်ဆောင်နိုင်အောင်၊ အဆင်သင့်ဖြစ်အောင် ပြင်ထားဖို့ အဲဒီကိစ္စတွေ ပြောကြတာပါ။ 


TREND ။        ။ ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာ  ဖြစ်ပေါ်လာနိုင်တဲ့  နိုင်ငံရေးအခင်းအကျင်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့က 7 EAO Alliance အနေနဲ့  ဘယ်လိုကြိုတင်ပြင်ဆင်ထားမလဲ။
KOK    ။    ။
ကြိုတင်ပြင်ဆင်မယ့် အခြေအနေတွေ အများဆုံးကတော့ သုံးမျိုးပေါ့။ ဒီနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ လက်နက်ကိုင်တိုက်ပွဲ‌တွေ ပိုကြီးလာ၊ ပိုကျယ်လာပြီးတော့ လက်နက်ကိုင်တိုက်ပွဲနဲ့ ဆုံးဖြတ်သွားနိုင်တဲ့ အခင်းအကျင်းပေါ့၊ ဒါပေမဲ့ ဒါကဖြစ်နိုင်ခြေ နည်းပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ နှစ်ဖက်လုံးက အပြုတ်တိုက်မယ်၊ အပြတ်ရှင်းမယ်ဆိုတာ မဖြစ်ဘဲနဲ့ ရေရှည် ပြည်သူလူထု နစ်နာတာကို ငဲ့ညှာပြီးတော့ ဆွေးနွေးရေးလမ်းကြောင်းပေါ် ပြန်တက်လာနိုင်မယ့်  အခင်းအကျင်းပေါ့။ ဒီသုံးခုမှာတော့ နောက်ဆုံး ဆွေး‌နွေးမှ ရတော့မယ်ဆိုတဲ့ အခင်းအကျင်းကတော့ ဖြစ်နိုင်ခြေအများဆုံးပဲလို့ ကျွန်တော်တို့က တွက်ပါတယ်။ ဒါကြောင့် အကယ်၍ ဆွေးနွေးမှရမယ်ဆိုတဲ့ အခင်းအကျင်းပေါ်လာရင် ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက ဘယ်မှာရှိလဲ၊ ဘယ်လို ကြိုးစားသင့်လဲပေါ့။ အဲဒါကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ 


TREND ။        ။ ကြိုတင် ပြင်ဆင်ထားမယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြောလို့ရသလောက်ပြော ပြပေးပါဦး။
KOK    ။    ။
ကျွန်တော်တို့ NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးအတွက်၊ ဆွေးနွေးရေးအတွက် တာဝန်ရှိတဲ့အခါကျတော့ အဲဒီလို တိုက်လည်း တိုက်နေတယ်၊ ဆွေး‌နွေးမယ်လို့လည်း ကြေညာနေတဲ့ ဒီဆန့်ကျင်ဘက် နှစ်ခုကြားမှာ အလုပ်ဖြစ်အောင်ပေါ့၊ ဆွေးနွေးဖြစ်သွားအောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ နည်းနာရှာတဲ့ သဘောပေါ့။ နောက်ပြီးတော့ အရင်တုန်းက ကျွန်တော်တို့ နိုင်ငံရေး ဆွေး‌နွေးပွဲများ ကျင်းပခြင်းလို့ပြောရင် ဆွေးနွေးပွဲက နောက်မှလာတာ။ ဆွေးနွေးပွဲ ဘယ်လိုလုပ်မ လဲဆိုတာက အရေးကြီးတာကို။ နိုင်ငံရေး ဆွေး‌နွေးပွဲဆိုင်ရာ မူဘောင်က အရေးကြီးတာကိုး။ နိုင်ငံရေး ဆွေး‌နွေးပွဲဆိုင်ရာ မူဘောင်ကို ညှိနှိုင်းဆွေး‌နွေးပြီးလို့ မူဘောင်အပေါ်မှာ သဘောတူမှ ဆွေး‌နွေးပွဲ တွေစတာ။ မူဘောင်ကို အရင်အတည်ပြုပြီးမှ စတာ။ ဒါကြောင့် အခုလည်း နှစ်ဖက်က ဆွေးနွေး မယ်လို့သာပြောတာ၊ မူဘောင်ကို မစဉ်းစားထားဘူးဆိုရင်ခက်မယ်၊ ဒါကြောင့် ဖြစ်နိုင်ရင်တော့ နိုင်ငံရေး ဆွေး‌နွေးပွဲဆိုင်ရာ မူဘောင်တွေကို စပြီးတော့ ပြင်ဆင်ဖို့ စဉ်းစားရင်ကောင်းမလားပေါ့၊ အဲဒီလို ပြင်ဆင်မှုမျိုးကို ဆိုလိုတာပါ။


TREND ။        ။ နိုင်ငံရေးဆွေး‌နွေးပွဲဆိုင်ရာ မူဘောင်တွေ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး ဘယ်လို ချပြဆွေးနွေးဖြစ်ခဲ့လဲ။
KOK    ။    ။
နိုင်ငံရေး ဆွေး‌နွေးပွဲဆိုင်ရာ မူဘောင်မှာတော့ ကြိုတင်စည်းကမ်းချက်တော့ ဘာမှ မရှိပါဘူး။ မူဘောင်ဆိုတာကတော့ ဥပမာဘယ်နေရာမှာ ဆွေး‌နွေးမလဲ၊ နေပြည်တော်ဆိုရင်လည်း မြောက်ပိုင်းက အဖွဲ့တွေက လက်ခံမှာမဟုတ်ဘူး။ တရုတ်ဆိုရင်လည်း နေပြည်တော်က သွားဖို့ ခပ်ခက်ခက်၊ အခုတော့ သွားတော့ သွားနေပါတယ်။ သို့သော် ဒီပြည်တွင်းမှာ မဟုတ်ဘဲနဲ့ တတိယနိုင်ငံမှာ ဆွေးနွေးမယ်ဆိုတဲ့ ဟာမျိုးပေါ့။ အဲဒီလိုနေရာမှာ တကယ်လို့ ဆွေး‌နွေးမယ်ဆိုရင်၊ ဖြစ်နိုင်ခြေရှိတယ်ဆိုရင် မူဘောင်ထဲမှာ နေရာဌာနက  တတိယနိုင်ငံပေါ့ဗျာ။ အဲဒီလိုပေါ့။
    နောက်တစ်ခါ ဆွေး‌နွေးပွဲမှာ ကြားက ကြားလူကြီးတွေ ပါမလား၊ မပါဘူးလားဆိုတဲ့ ဟာတွေပေါ့။ ဒါတွေက မူဘောင်အဟောင်းတွေထဲမှာ ရှိပါတယ်။ အဲဒီအထဲမှာ အကုန်ရှိတယ်။ ဘယ်သူ့ဘက်က ဘယ်လောက်လာမယ်။ ဘယ်ဘက်က ဘယ်ပုဂ္ဂိုလ်လာမယ်၊ စသည်ဖြင့်ပေါ့။ အဲဒီက မူဘောင်လေး‌တွေ စပြီးတော့ ညှိနိုင်ရင်တော့ ဆွေး‌နွေးပွဲက ဖြစ်လာနိုင်တယ်ဗျ။  မူဘောင်မညှိဘဲ ဒီလိုပဲ နိုင်ငံရေးအရ အပေါ်စီးရအောင် ဆွေး‌နွေးမယ်ဆိုတာက လက်တွေ့တော့ ဖြစ်လာနိုင်ခြေမရှိဘူး။ ဒါကြောင့် ဆွေးနွေးပွဲနဲ့ဆိုင်တဲ့ မူဘောင်ကို စပြီးတော့ ညှိနိုင်ရင်တော့ အကောင်းဆုံးပဲလို့ NCA အဖွဲ့တွေက အဲဒီလို တင်ပြကြတယ်။


TREND ။        ။ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေး ရေးဖြစ်ဖို့က ဘယ်လိုစတင် ကြိုးပမ်းသင့်လဲ။
KOK    ။    ။
ဒါကြောင့်မို့လို့ မူဘောင်ကို စကြိုးစားမှာလားပေါ့၊ မူဘောင်ကို နှစ်ဖက်လက်ခံရင် ထိုင်လို့ရပြီလေ။ မူဘောင် မရှိသေးရင်တော့ ဘာမှ ထိုင်လို့မရသေးဘူး။ ဒါကြောင့် မူဘောင်ကို ကျွန်တော်တို့ အဖွဲ့တွေက၊ တိုက်တဲ့အဖွဲ့ထဲ မပါတဲ့အဖွဲ့တွေက မူဘောင်ကိုညှိပေးရင် ကောင်းမလား ပေါ့ဗျာ။ အဲဒီလို စဉ်းစားတာရှိတယ်။ နောက်တစ်ခါ မူဘောင်ရှိသော်လည်းပဲ တတိယအင်အားစု၊ တတိယနိုင်ငံ ကြားဝင်စေ့စပ်မယ့် Mediator ပေါ့ဗျာ။ အဲဒါမျိုးလိုလား၊ မလိုလား။ ဥပမာ တရုတ်ကတော့  မြောက်ပိုင်းအဖွဲ့တွေနဲ့ Mediator လုပ်နေတယ်။ ဒါပေမဲ့ ဒီတောင်ပိုင်းအဖွဲ့တွေကတော့ ဘယ်သူမှ မလုပ်သေးဘူး။ သို့သော် ထိုင်းက လုပ်ပေးချင်တဲ့သဘော တွေ့ရတယ်။ ဒါကြောင့် ထိုင်းတို့၊ အိန္ဒိယတို့၊ တရုတ် တို့က  Mediator ကို ယူပေးမယ်ဆိုရင် ဘက်နှစ်ဖက်က ဆွေးနွေးရတာ ပိုပြီးတော့ သက်သောင့် သက်သာ ပိုရှိတာပေါ့ဗျာ၊ အဲဒီအချက်အလက်တွေ ပါပါတယ်။ အဲဒါတွေက ဖြစ်နိုင်ခြေပေါ့။ အဲဒီလိုမှ ဆွေးနွေးပွဲတွေ၊ အလွတ်သဘောဖြစ်စေ မရှိဘူးဆိုရင်၊ တည်ငြိမ်အေးချမ်းမှု တစ်စုံတစ်ရာ လမ်းစမတွေ့ဘူးဆိုရင် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေကလည်း အားနည်းသွားမှာပေါ့။ အဲဒါကြောင့် ရွေးကောက်ပွဲ ရှိစေ၊ ဖြစ်စေချင်တယ်ဆိုရင်တော့ ဆွေးနွေးပွဲအတွက် မူဘောင်တွေ အစပျိုးထားရမယ်။ မူဘောင်ထဲကနေတစ်ဆင့် အလွတ်သဘောတွေ တွေ့ရမယ်။ အလွတ်သဘောတွေကနေတစ်ဆင့် တရားဝင် ဆွေး‌နွေးပွဲတွေ ဆက်ရမှာပေါ့။ ဒါက ကျွန်တော်တို့ အလုပ်လုပ်ချိန်၊ နောက် ရှစ်လ၊ ကိုးလလောက် ရှိပါတယ်။ အဲဒါကို ကြိုတင်ပြီးတော့ စီစဉ်ထားသင့်တယ်လို့ NCA ထိုးထားတဲ့အဖွဲ့တွေက မြင်ပါတယ်၊ အဲဒါပါပဲ။ လက်တွေ့ကျကျဆိုတာက မူဘောင်တွေ ညှိလိုက်ပြီးတော့ နှစ်ဖက်သဘောတူရင် ရသွားတာ။ အခုက မူဘောင်တောင်မှ မညှိရသေးဘူး ဆိုရင်တော့ တိုက်တဲ့သူကလည်း တိုက်နေကြမှာပဲ၊ တစ်ဖက်က ခုခံတဲ့သူကလည်း ခုခံမှာပဲ။ အဲဒီလို ဖြစ်နေတယ်။ ဒါကြောင့် မူဘောင်မှာက ကြိုတင်စည်း ကမ်းချက်တော့ မလိုဘူးဗျ။ ကြိုတင်စည်း ကမ်းချက်လုပ်လိုက်တာနဲ့  ဆွေး‌နွေးပွဲက မဖြစ်မြောက်ဘူး။ ကြိုတင်စည်းကမ်းချက်မထားဘဲနဲ့ အလွတ်သ ဘော တွေ့မယ်၊ မူဘောင်တွေ အစပြုမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်။


TREND ။        ။ နိုင်ငံရေးဆွေး‌နွေးပွဲ မူဘောင်တွေနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုတွေကို EAO Alliance အနေနဲ့ ဘယ်လိုအစပျိုးမလဲ။
KOK    ။    ။
လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမြင်ကတော့ အုပ်စု နှစ်စုခွဲပါတယ်။ မြောက်ပိုင်းက အုပ်စုရှိတယ်။ ညီနောင်သုံးဖွဲ့ရှိတယ်ပေါ့ဗျာ၊ လက်ရှိတိုက်နေတာ။ ကချင်အပါအဝင် သူတို့ မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့ရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆက်စပ်ပြီး အလုပ် လုပ်ရမှာပေါ့။ တစ်ဖက်ကလည်း တောင်ဘက်မှာ K3C ဆိုတာရှိတယ်။ KIA နဲ့ KNU တို့၊ KNPP တို့၊ CNF တို့ အဲဒီ K3C ကလည်း ထိုင်းကနေ တွေ့ထိတာတွေရှိတော့ အဲဒီ K3C ကိုလည်း ကျွန်တော်တို့က ညှိနှိုင်းရမှာပေါ့။ ဘယ်လိုဆက်လုပ်မလဲ၊ ဆွေး‌နွေးမယ်ဆိုရင် ဘယ်လို လိုချင်လဲ။ ကျွန်တော်တို့ဘက်က K3C နဲ့လည်းတွေ့၊ မြောက်ပိုင်း ခုနစ်ဖွဲ့နဲ့လည်းတွေ့၊ အဲဒီအဖွဲ့တွေနဲ့ ပဏာမအရင် လုပ်ရမယ် ထင်တယ်။ ကျန်တဲ့ အင်အားစုတွေကတော့ တိုက်ရိုက်တွေ့ဖို့၊ စကားပြောဖို့ကတော့ နည်းနည်း ခက်သေးတယ်။ ဒါပေမဲ့ ကိုယ့် EAO အချင်းချင်းကတော့ ပိုလွယ်မယ်လို့ထင်တယ်။ အဲဒီတော့ ပိုလွယ်တဲ့ ကိုယ့်အချင်းချင်းကိုပဲ လမ်းဖောက်ပြီးတော့ ညှိနှိုင်းဖို့ပေါ့။ အဓိကကတော့ တိုင်းရင်းသားလက် နက်ကိုင်အချင်းချင်း ညှိနှိုင်းပြီးတော့ နိုင်ငံရေးဆွေး‌နွေးပွဲ မူဘောင်ကိုချပြရင်တော့ ကောင်းမလားလို့၊ အခု ပြင်ဆင်နေပါတယ်။ ခပ်သွက်သွက်လည်း လုပ်သွားမှာပါ။ 


TREND ။        ။ တိုက်ရိုက်တွေ့ဖို့၊ ပြောဆိုညှိနှိုင်းဖို့ အခက်အခဲရှိတဲ့ အင်အားစုက ဘယ်အဖွဲ့တွေ ဖြစ်မလဲ။
KOK    ။    ။
နွေဦးအဖွဲ့ပေါ့ဗျာ။ NUG အပါအဝင်ပေါ့၊ ဒီအဖွဲ့တွေကတော့ ကျွန်တော်တို့ တစ်ဆင့် ချန်ထားမှရမယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းတော့ ပါလာဖို့၊ ကျွန်တော်တို့အ‌နေနဲ့ ကြားဝင်ဖို့ ခက်နေ‌သေးတယ်လို့ ယူဆပါတယ်။ ကျန်တဲ့ EAO တွေက၊ လုပ်ဖော် ကိုင်ဖက်တွေက နှစ်ပေါင်းကြာပြီဆိုတော့ သိပ်မခက်ဘူးလို့ ယူဆပါတယ်။ ပြီးတော့ SAC ဘက်ကိုတော့ ကျွန်တော်တို့ဘက်က တည်ငြိမ်အေးချမ်းဖို့၊ ရွေး ကောက်ပွဲ အောင်မြင်ဖို့ ဒီလိုဒီလိုပုံစံနဲ့ အလွတ်သဘော တွေတွေ့မှ ဖြစ်မယ်ဆိုတာမျိုး အကြုံပြုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ SAC ကလည်း ကျွန်တော်တို့ NCA ထိုးထားတဲ့ ဆွေးနွေးဖက်ဖြစ်တာကိုး။ ဆွေး‌နွေးဖက်ဖြစ်နေတော့ ဆွေး‌နွေးဖက် အဖွဲ့အစည်းကိုလည်း အကြုံပြုခွင့် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး အကျိုးပေါ့၊ ကျွန်တော်တို့အားလုံး အဆင်ပြေအောင်၊ ဘယ်သူမှ နစ်နာဆုံးရှုံးမှုမရှိအောင် အဆိုပြုတာပဲဖြစ် တယ်ဆို‌တော့ လိုအပ်ရင် ပြောလို့ရတယ်လို့တော့ ယူဆပါတယ်။


TREND ။        ။ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဖြစ်ဖို့ ဆွေး‌နွေးခဲ့တာ တွေ့ရတယ်၊ ဒီအချက်ကလည်း နဂိုကတည်းက  ချမှတ်ထားတာဆိုတော့ အကောင်အထည်ဖော်ဖို့ လက်တွေ့ဖြစ်နိုင်ခြေကို ဘယ်လိုသုံးသပ်ချင်လဲ။
KOK    ။    ။
သက်ဆိုင်သူများအားလုံး ဆိုတာက တစ်ပြိုင်နက်တည်း၊ တစ်ချိန်တည်းတော့ မဟုတ်ပါဘူး။ တိုက်နေတဲ့ EAO တွေကတစ်ဆင့် K3C မြောက်ပိုင်းမဟာမိတ် အဲဒီအဆင့်တွေပြီးမှ နောက်ကျန်နေတဲ့ အင်အားစုတွေပေါ့ဗျာ။ အဲဒီလိုသွားတာကို ပြောတာပါ။ ဒါပေမဲ့ နောက်ဆုံး Finalized ပေါ့၊ Final Showdown မှာတော့ အားလုံးပါဝင်ရေးပေါ့။ ဒါကတော့ Future အတွက်ပြောထားတာပါ။ အစကတော့ အားလုံးပါပြီးတော့ စလို့မရဘူးဗျ။ အစကတော့ ခပ်ကျဉ်းကျဉ်းနဲ့ ခြေနိုင်လက်နိုင်ပဲ စသွားဖို့လိုတယ်၊ အဲဒါကြောင့်ပါ။


TREND ။        ။ EAO တွေထဲမှာ Coordination နဲ့ Cooperation ပိုမိုရရှိဖို့ ကြိုးပမ်းသွားမယ့် အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
KOK    ။    ။
အဓိက ပြောရရင်တော့ အဲဒီအချက်က အခု တွေ့ဆုံဆွေး‌နွေးရေးကို ဦးတည်သွားဖို့ လမ်းစပါပဲ။ အဲဒီလို အသွားအလာရှိမယ်၊ အပြန်အလှန်ရှိမယ်၊ ပူးပေါင်းဆောင်ရွက်မှုရှိမယ်၊ ရှိမှသာလျှင် ကျွန်တော်တို့က ဆွေးနွေးရေးအတွက် မူဘောင်‌တွေချမယ်ဆိုရင် ဘယ်လိုတွေ ပါသင့်တယ်၊ ဘယ်လိုတွေချရင် ကောင်းမလဲဆိုတာ စပြီးတော့ လမ်းစပွင့်တာပေါ့။ ဒါကြောင့် ဆက်သွယ်ရေးမရှိ၊ Coordination မရှိ၊ Cooperation မရှိရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ အဲဒါက စလုပ်ရမယ်ဆိုတာ ချမှတ်ထားပြီးသားပါ။ မလုပ်ဘူးလည်းမဟုတ်ဘူး၊ လုပ်လည်း လုပ်နေပါတယ်။ ဒါကို တိုးမြှင့်လုပ်ဆောင်မယ့် သဘောပါ။


TREND ။        ။ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်တွေကို ဘယ်လို တိုးမြှင့်ဆောင် ရွက်သွားမှာလဲ။
KOK    ။    ။
အဲဒါက အခြေအနေ ပေးသလောက်ပေါ့။ နိုင်ငံရေးဘောင်ချဲ့တယ်ဆိုတာ နိုင်ငံရေး ပါတီတွေနဲ့ တွေ့တယ်။ ပြည်တွင်းမှာ မှီတည်ပြီးတော့ လှုပ်ရှားနေတဲ့ ပြည်တွင်းအင်အားစုတွေ၊ နောက် ပြည်တွင်းနိုင်ငံရေးပါတီတွေပေါ့။ ဒီအင်အားစုတွေမှာလည်း ရုန်းကန်နေရတော့ အဲဒီအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့ NCA လမ်းကြောင်းမှာ ရထားတဲ့ Legitimacy ပေါ့ဗျာ၊ အဲဒါနဲ့ တွဲပြီးတော့ နိုင်ငံရေးပိုပြီးတော့ ဘောင်ကျယ်လာအောင်၊ နိုင်ငံရေး လုပ်နိုင်ကိုင်နိုင်တဲ့ Space တွေ ပေါ်လာအောင် ပိုပြီး တိုးမြှင့်လုပ်ဆောင်ဖို့ပါ။ ဒါက ပြည်တွင်းနိုင်ငံရေးဘောင်ကို ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့တွေနဲ့ တွဲလုပ်မယ်ဆိုတဲ့ သဘောပါ။ ဒါက နှစ်ဖက်ပေါ့၊ ပြည်တွင်းမှာ နိုင်ငံရေးဘောင်ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ အဖွဲ့တွေနဲ့ တွဲလုပ်မယ်။ အပြင်မှာတော့ ERO တွေ၊ EAO တွေ အားလုံးနဲ့ ပေါင်းပြီးတော့ Coordination ၊ Cooperation လုပ်ပြီးတော့ ညီညွတ်ရေးကို တည်ဆောက်မယ်၊ ပြီးတော့ ဆွေးနွေးရေးကို ဦးတည်မှာပေါ့။ အဲဒီသဘောပါ။


TREND ။        ။ ဒီအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်‌တွေနဲ့ ပတ်သက်ပြီးတော့ ဖြည့်စွက် ပြောပေးပါဦး။
KOK    ။    ။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက တစ်ခါ အစည်းအဝေး လုပ်ခဲ့တယ်။ အဲဒီတုန်းက အခြေအနေတွေက ပိုကျပ်လာတော့ အကောင်အထည် ပေါ်မလာဘူး။ ဒီ ၂၀၂၅ ကတော့ ၂၀၂၄ ထက်ပိုပြီးတော့ အခွင့်သာမယ်လို့ တွက်ပြီးတော့ နှစ်ဦးမှာ အစည်းအ‌ဝေး ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်တွေကလည်း Proactive တွေ ဖြစ်ပါတယ်။ ကြိုပြီးတော့ လုပ်ရမယ့်ဟာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် နှစ်ဦးမှာ၊ ၂၀၂၅ မှာ စီမံချက်ချတာနဲ့ တစ်ပြိုင်နက်တည်းလုပ်ရမယ့် အလုပ်တွေကလည်း Proactive လုပ်ရမယ့်အလုပ် တွေဆိုပြီး အဲဒီလမ်းကြောင်းချတာပါ။


TREND ။        ။ မြောက်ပိုင်းသုံးဖွဲ့ရဲ့ တွေ့ဆုံ‌ဆွေး‌နွေးရေး ထုတ်ပြန်မှုတွေနဲ့ပတ်သက်ပြီး အမြင်လေး သိပါရစေ။
KOK    ။    ။
အဲဒီဟာကတော့ ခေတ်နဲ့အညီ ပေါ့ဗျာ။ တရုတ်ပြည်ရဲ့ အကြံပြုချက်၊ ပံ့ပိုးကူညီမှု၊ အာဆီယံရဲ့ကူညီမှု၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှု၊ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေ ကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာကြပါဆိုတာ တိုက်တွန်းတဲ့ အခါကျတော့ အဲဒီ တိုက်တွန်းတဲ့အပေါ်မှာ မျက်ခြည်မပြတ်ဘဲနဲ့ ခေတ်နဲ့အညီပေါ့ဗျာ ဆွေးနွေးရေးကို လက်ခံပါတယ်လို့ ကြေညာကြတာဖြစ်ပါတယ်။သို့သော် မူဘောင်တွေ ချပြီးတော့ တစ်ခါတည်း ဆွေးနွေးရေး ဖြစ်မြောက်ဖို့အတွက် နှစ်ဖက်ခြေလှမ်းတွေ ဘယ်လို ဆက်လှမ်းမလဲဆိုတာကိုတော့ ဘယ်သူမှ ထပ်မပြောကြဘူးပေါ့ဗျာ။ အဲဒီလို မပြောတဲ့အခါကျတော့ ကျွန်တော်အစက ပြောသလိုပဲ တင်းမာမှုတွေကို လျှော့ချပြီးတော့ ကြားအဖွဲ့တစ်ခုခုက ဖြေလျှော့ပေးပြီးမှ ရပြီးတော့ တွေ့ဆုံပွဲ လက်‌တွေ့ဖြစ်နိုင်တယ်ဆိုတဲ့ အခင်းအကျင်းဖြစ်လာတော့ ၂၀၂၅ မှာ  အဲဒီရည်မှန်း ချက်၊ မျှော်မှန်းချက်နဲ့ ဆက်လုပ်ရမယ်လို့တော့ ယူဆပါတယ်။


TREND ။        ။ တွေ့ဆုံဆွေး‌နွေးရေးက ၂၀၂၅ မှာ ဖြစ်ပေါ်လာနိုင်သလား၊ ဘယ်လိုသုံးသပ်ချင်လဲ။
KOK    ။    ။
တွေ့ဆုံဆွေး‌နွေးရေး ဖြစ်မလာဘဲနဲ့ ရွေးကောက်ပွဲ ချောမွေ့ဖို့မလွယ်ဘူး။ ရွေးကောက်ပွဲ အောင်မြင်ချင်တယ်၊ ချောမွေ့စေချင်တယ်ဆိုရင်တော့ ဆွေးနွေးပွဲကတော့ တစ်နည်းတစ်ဖုံ‌တော့ ရှိရမှာပဲ။ အဲဒါကြောင့် တစ်နည်းတစ်ဖုံ‌ရှိဖို့က အလွတ်သဘောကနေ စရမယ်၊ မူဘောင်ကနေ စရမယ်။ အဲဒီကနေမှ နိုင်ငံရေး လိုအပ်ချက်‌တွေကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ ညှိနှိုင်းရမယ်။ လက်နက်ကိုင်တိုက်နေတာနဲ့ နိုင်ငံရေးရည်မှန်းချက်တော့ မရောက်ဘူးဆိုတာ သူတို့လည်း သိပါတယ်။ အဓိကကဝောာ့ နိုင်ငံရေး ရည်မှန်းချက်ပေါ့ဗျာ။ အဲဒီလက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့‌တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာလဲ၊ အဲဒါကို စားပွဲဝိုင်းမှာတင်မယ်၊ ကျွန်တော်တို့ ဒါလိုတယ်၊ ဒါလို တယ်ဆိုတာမျိုး ညှိရင်ပြီးပြီ။ အဲဒါက စားပွဲပေါ် ရောက်မလာတဲ့ အခါကျတော့ လက်တွေ့မဖြစ်သေးဘူးပေါ့။ ဒါကြောင့် စားပွဲပေါ် ရောက်ဖို့ နည်းနာ ရှာနေကြတာပေါ့။ ဒါကြောင့် သူတို့လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာလဲဆိုတာကို ကျွန်တော်တို့က ဖော်ရမယ်၊ ညှိရမှာပေါ့။


TREND ။        ။ NCA လက်မှတ် ရေးထိုးထားကြတဲ့ EAO တွေက အပစ်ရပ်ပြီးတော့ နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်လာကြရေး ကြိုးပမ်းနေတာ၊ တိုက်တွန်းနေတာ တွေ့ရတော့ ကြားနေသဘောမျိုး သက်ရောက်တယ်လို့ သုံးသပ်နေကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ NCA-EAO တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောပေးပါဦး။
KOK    ။    ။
NCA မှာ ဖြစ်ပေါ်နေတဲ့ ပြဋ္ဌာန်းချက်တွေမှာ အရပ်သားများကို ကာကွယ်ပေးရမယ်။ အခုဖြစ်နေတဲ့ နှစ်ဖက်က ဘေးထွက်ဆိုးကျိုး ဖြစ်တယ်။ အရပ်သားတွေ အိုးအိမ်‌၊ စည်းစိမ်တွေ ပြိုပျက်တယ်၊ အသက်တွေ ဆုံးရှုံးတယ်၊ တိုက်ပွဲရှောင်တာတွေ များလာတယ်။ ကလေးသူငယ်တွေ ဆုံးရှုံးတယ်။ အဲဒီပြည် သူလူထုတွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေက လုပ်ရမယ်။ အဲဒါကြောင့် ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့ လုပ်နိုင်အောင်က ပဋိပက္ခတွေ၊ ရန်လိုမှုတွေရပ်ထားဖို့၊ နားဖို့လိုတာပေါ့။ ဒါကြောင့် ရန်လိုမှုတွေကို ရပ်စဲဖို့အတွက် နည်းနာကို ရှာဖို့က ကျွန်တော်တို့တာဝန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီပဋိပက္ခမှာပါတဲ့ ဘယ်ဘက်ဖြစ်ဖြစ်ပေါ့ မှားတယ်၊ မှန်တယ် ခဏထား ရန်လိုမှုတွေကို ရပ်စဲဖို့ နည်းနာကိုကြည့်တဲ့အခါ ဆွေးနွေးပွဲနည်းနာကပဲ ရန်လိုမှုတွေကို လျှော့ချနိုင်တာပဲရှိတာ။ ဒါကြောင့် ကျွန်တော်တို့က NCA ပြဋ္ဌာန်းချက်အရ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 170

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43070

© 2022 - 2025 News. All Rights Reserved.