တွေ့ဆုံညှိနှိုင်မှု မရှိဘဲနဲ့တော့ ရခိုင်ဒေသရဲ့ လက်ရှိစစ်ရေးတင်းမာမှုက ရပ်သွားနိုင်ခြေ မရှိပါဘူး ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း 

၂၀၂၄ မေ ၆

    တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေတဲ့ ရခိုင် ပြည်နယ်ရဲ့အခြေအနေ၊ လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေ တဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင့်ဦး ဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၏ အမြင်သဘောထား၊ သုံးသပ်ချက်များကို ဆက်သွယ်မေး မြန်းထားပါသည်။
    ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း 

TREND ။        ။ ရခိုင်ပြည်နယ်မှာ  တိုက်ပွဲ‌တွေဖြစ်နေတာ  လအတော်ကြာပြီ။ ပျက်စီးဆုံးရှုံးတာတွေရော ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပြီး ဒုက္ခရောက်နေကြရပြီဆိုတော့  ပြည်နယ်အတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
Dr.AM  ။        ။
ရခိုင်က ရှမ်းမြောက်ရဲ့ အဆက်ပါပဲ။ နိုဝင်ဘာ ၁၃ ရက် ၂၀၂၃ မှာ AAက စစ်မျက်နှာပြန်ဖွင့်တာဗျ။ အဲဒီနောက် နိုဝင်ဘာ ၁၅ ရက် နောက်မှာဖြစ်မယ်။ ပေါက်တောဖြစ်စဉ် ဖြစ်တယ်။ အခုက ပေါက်တောမြို့ ကြီးကလည်း မီးလောင်ပျက်စီး၊ ရမ်းဗြဲလည်း မီးလောင်ပျက်စီးပေါ့ဗျာ။ ရမ်းဗြဲနဲ့ ပေါက်တော စပ်ကြားမှာတော့ဖြင့် ပလက်ဝဒေသနဲ့ မြောက်ဦးတို့ဖြစ်တာပေါ့။ နောက် အခုလက်ရှိကြုံ နေရတဲ့အနေ အထားက အမ်းရယ်၊ သံတွဲဘက်ရယ်၊ ဘူးသီးတောင်၊ မောင်တောဘက်ရယ် အဲဒီလို ထိပ်တိုက်တွေ့နေကြတဲ့ သဘောတွေ့ပါတယ်။ နောက် တစ်ခု စစ်တွေနဲ့ ကျောက်ဖြူကို စစ်မျက်နှာဖွင့်မယ်ဆိုပြီး RFA ကို ခိုင်သုခကပြောခဲ့တယ်။ အဲဒီလိုမျိုး စစ်တွေနဲ့ကျောက်ဖြူကို စစ်ရေးအားဖြင့် AA က အနိုင်ရယူမယ်ဆိုတာမျိုး တွေ့တယ်။ လက်ရှိ အနေအထားက အဲဒီရဲ့ဒဏ်ကြောင့် ပေါက်တောရယ်၊ ရမ်းဗြဲရယ်၊ ရသေ့တောင်ရယ် မြို့လုံးကျွတ်နီးပါးလောက် စစ်ဘေးဒဏ်သင့်တာပေါ့။ နောက် ပုဏ္ဏားကျွန်းပေါ့ဗျာ။ အဲဒီရဲ့ အကျိုးဆက်က စစ်ဘေးဒုက္ခသည်တွေက ပုဏ္ဏား ကျွန်းရယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းဘေးတွေမှာ တည်းခိုနေ ကြရတယ်လို့ကြားတယ်။ နောက် ဘူးသီးတောင်မြို့ မီးသင့်တယ်လို့ ကြားတယ်။ စကခ-၁၅ ဘူးသီးတောင်ဘက်မှာ ထိုးစစ် AA ဘက်က လုပ်တယ်။ ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ပတ်သက်လို့ တော်တော်လေး အကျပ်အတည်းရှိကြတယ်လို့ ကြားရတယ်။ စစ်တွေမှာလည်း လူဦးရေအားဖြင့် ၂၅ ရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်း ၅၀ ကြားလောက်ပဲ ကျန်တော့တယ်။ စစ်တွေကို နေ့လား၊ ညလားဆိုတော့ စစ်တွေ အခြမ်းမှာရှိတဲ့ လူထုက ကြောက်လန့်ပြီးတော့ ကျေးလက်ဘက်ကိုပြေးဖို့ စီစဉ်ကြတယ်။ အဲဒီမှာ ပြဿနာလေးတွေ တက်ကြတယ်လို့ကြားရတယ်။ အခုပြောနေတဲ့ ကျောက်ဖြူ၊ စစ်တွေဆိုတာက မဒေးကျွန်းအခြေပြုတဲ့ တရုတ်ရဲ့ BRI ထွက်ပေါက်ရှိတယ်။ ကျောက်ဖြူနဲ့ပတ်သက်တဲ့ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြန်မာ့တပ် မတော်ရဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ် စသည်အားဖြင့် အသီးသီးရှိတာပေါ့။ အဲဒီတော့ အစိုးရအတွက်ရော၊ တရုတ်အတွက်ရော အင်မတန်အရေးကြီးတဲ့မြို့နဲ့ ပတ်ဝန်းကျင်ဖြစ်တာပေါ့။ နောက်စစ်တွေက  ကုလားတန် ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းဆိုတာ အိန္ဒိယအစိုးရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ကာလကတ္တားကနေ အိန္ဒိယ အရှေ့မြောက် ဒေသဖွံ့ဖြိုးရေးလမ်းကြောင်းဖြစ်တော့ ဒေါ်လာသန်းပေါင်းကလည်း ၂၀၀ နဲ့ ၃၀၀ ကြားမှာ သုံးထားပြီးပြီ။ စစ်တွေမှာ အဓိက ဆိပ်ကမ်းကြီးရှိ‌နေတယ်။ အဲဒီတော့ ၂၀၁၂ ကစတဲ့ ရခိုင်နဲ့ ဘင်္ဂါလီပဋိပက္ခ ကြောင့် ၂၀၁၇ အကျိုးဆက်လေးတွေကြောင့် လက်ရှိအနေအထားမှာ ဘင်္ဂါလီဒုက္ခသည် တော်တော်များများ ဟာ စစ်တွေပတ်ဝန်းကျင်မှာ ရှိတာပေါ့။ တစ်သိန်းကျော် လောက်တော့ ရှိမယ်ထင်တယ်။ သူတို့က ပြေးစရာ၊ ထွက်စရာနေရာလည်းမရှိဘူး။ ကမ္ဘာကြီးတစ်ခုလုံးကလည်း ဘင်္ဂါလီနဲ့ပတ်သက်ပြီး အာရုံအစိုက်ဆုံးဖြစ်တယ်။ အဲဒီတော့ လက်ရှိအနေအထားမှာ ဘူးသီးတောင်၊ မောင်တောဘက်မှာလည်း တင်းမာနေတယ်။ အဲဒီတော့ RFA မှာ ခိုင်သုခပြောသလို AA Target ထားတဲ့ စစ်တွေ၊ ကျောက်ဖြူဆိုတာဟာ နိုင်ငံကြီးများရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အခါကျတော့ တိုက်ကွက်‌ဖော်တာဖြစ်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ပြည်နယ်အစိုးရရဲ့ ရုံးစိုက်ရာလည်းဖြစ်တဲ့ စစ်တွေ၊ တရုတ်အစိုးရရဲ့ တိုက်ရိုက် အကျိုးစီးပွားနဲ့ပတ်သက်တဲ့ ကျောက်ဖြူတို့က AA ပြောသလို ဖြစ်နိုင်ခြေ အင်မတန်နည်းပါးပါတယ်။ သို့သော်လည်းပဲ အဲဒီရဲ့လှိုင်းကြောင့်ဖြစ်လာတဲ့ ထွက်ပြေးတာတို့၊ နေရပ်စွန့်ခွာတာတို့ ရှိတဲ့အခါကျတော့ ပြည်နယ်အစိုးရကပဲ ဖြစ်ဖြစ်၊ သတင်းမီဒီယာကပဲ ဖြစ်ဖြစ် ဖြစ်စဉ်တွေကို သေချာရှင်းပြပြီးတော့ တည်ငြိမ်အေးချမ်းအောင်လုပ်ဖို့တော့ လိုအပ်တယ်ထင်ပါတယ်။ ဖြစ်ဖို့‌တော့ ခက်ခဲတာပေါ့။ အဲဒီတော့ စစ်ရေးတင်းမာမှု ကြီးကြီးမားမား ဖြစ်တာနဲ့အတူ အခုက ဧပြီလလည်း ကုန်ခါနီးပြီဆိုတော့ မုန်တိုင်းနဲ့မိုးက လာတော့မယ်။ စစ်ရက်ရှည်လာတာနဲ့အမျှ အိုးအိမ်စွန့်ပြီး ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အနေအထား၊ ဆေးဝါးကအစ စားနပ်ရိက္ခာ ပြတ်တောက်နေတဲ့ အနေအထား ဆိုတော့ အမိုးအကာအောက် ပြန်ရောက်ဖို့ရယ်၊ လာမယ့် ဇွန်လလောက်မှာ စိုက်ပျိုးရာသီ စိုက်ပျိုးနိုင် လောက်တဲ့ အနေအထားဖြစ်အောင် တည်ငြိမ်အေးချမ်းဖို့ လိုအပ်ပါတယ်။ ကျောင်းဖွင့်ရာသီအမီ ကျောင်းသားတွေ ပြန်အပ်ဖို့ကလည်း လိုအပ်တဲ့အနေအထား ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ကြားနေရတဲ့ ပဉ္စမအကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ ဧပြီလလို့လည်း ကြားပါတယ်။ ဧပြီလ ကုန်ခါနီးပြီဆိုတော့ အဲဒီဆွေးနွေးပွဲရဲ့ အဆက်ကများ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းအောင် ဖော်ဆောင်ပေးနိုင်မှာလားဆိုတဲ့ မျှော်လင့်ချက်ကတော့ လူထုနဲ့ နိုင်ငံရေးနဲ့ နွယ်တဲ့ ပုဂ္ဂိုလ်တွေဘက်မှာရှိပါတယ်။


TREND ။        ။ AA က စစ်တွေနဲ့ ကျောက်ဖြူကို စစ်မျက်နှာဖွင့်မယ်လို့ အသံထုတ်လာသလို သံတွဲက သူ‌ဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကိုလည်း တိုက်ခိုက်တယ်ဆိုပြီး ကြားရပါတယ်။ သူ‌ဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းဆိုတာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလဆန်းပိုင်း အခြေအနေမှာတောင် ရာခိုင်နှုန်း ၈၀ လောက်ပြီးစီးနေတဲ့ အနေအထားတွေ့ရပါတယ်။ ဒီလိုနိုင်ငံအတွက်ရော၊ ရခိုင်ဒေသခံတွေအတွက်ရော အကျိုးများစွာရှိနေတဲ့ စီမံကိန်းကို တိုက်ခိုက်တဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုလိုပါလဲ။
Dr.AM ။        ။
စစ်ပွဲဆိုတာ စစ်ပွဲရဲ့ အကျိုးဆက် ရှိတာပေါ့။ ဥပမာ မြို့ရွာပေါ်မှာ ဖြစ်ရင် မြို့ရွာတွေ ပျက်စီးတာပေါ့ဗျာ။ လူထုရဲ့ အသက်အိုးအိမ်အပြင် မြို့ပြတစ်ခုလုံးကလည်း ပြိုကျပျက်စီးသွားကြတာကို။ ဆီဆိုင်တို့၊ လွိုင်ကော်တို့၊ ရမ်းဗြဲတို့၊ ပေါက်တောတို့၊ ရသေ့တောင်တို့မြို့တွေကို ကြည့်ရင်သိသာပါတယ်။ ဒေသခံလူထုက ခံရတယ်။ ရေရှည်လည်းပဲ ဒီအကျိုးဆက်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုက နိမ့်ကျသထက် နိမ့်ကျသွားစေတာကိုး။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပေါ့။ ဥပမာဆိုပါတော့ တရုတ်ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းက ကျောက်ဖြူမြို့ပေါ်မှာ မေးတင်တယ်။ မဒေးကျွန်းမှာ ရေနံလှောင်တာပေါ့။ အဲဒီပိုက်လိုင်း လမ်းကြောင်းနှစ်ခု လုံခြုံမှုကို ဗဟိုအစိုးရက တာဝန်ယူရတယ်။ ဆိုတော့ သူဌေးချောင်းဆိုတာ ကြာပြီဗျ။ ဒီစီမံကိန်းကို Soil Test လုပ်တဲ့အခါမှာ မြေသားပျော့တယ်၊ ညံ့တယ်ပေါ့။ အဲဒီတော့ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းမှာ ဘယ်လို Dam မျိုးသုံးမှာလဲ၊ ရေဖိအားကြောင့် အဲဒီ Dam က တည်တံ့ခိုင် မြဲမှုရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယ်။ အဲဒီကာလတုန်းက လေးမြို့မြစ်ကိုပိတ်ပြီး ၅၅၀ မဂ္ဂါဝပ်ထွက်အောင် တမံဆောက်မယ်ဆိုတဲ့ သတင်းလည်း ကြားခဲ့ဖူးပါတယ်။ ဒါပေသိ အဲဒီလေးမြို့မြစ်ကိစ္စ ပျက်သွားပြီးမှ သူဌေးချောင်းဖြစ်လာတယ်။ အဓိကကတော့ ဒီစီမံကိန်းဟာ မဖြစ်နိုင်တာကို မဖြစ်ဖြစ်အောင် လုပ်တယ်၊ သစ်တွေကို ခုတ်ဖို့အဓိက လုပ်တယ်ဆိုပြီးလည်း အဲဒီကာလက လွှတ်တော်မှာ ပြောခဲ့ကြပါတယ်။ ၂၀၁၂ ကာလလောက်ကပါ။ အခု စီမံကိန်းက ရာခိုင် နှုန်း ၈၀ လောက် ပြီးပြီ။ တော်တော်လေးကို ကုန်ကျစရိတ် ကြီးကြီးမားမားနဲ့လုပ်ထားတဲ့ စီမံကိန်းကြီးဖြစ်တဲ့ အခါကျတော့ အဲဒီနေရာမျိုး မပြိုပျက်အောင် ထိန်းသိမ်းရမယ့်တာဝန် ရခိုင်ဒေသခံအား လုံးအပေါ်မှာလည်း ရှိပါလိမ့်မယ်။ AA အပေါ်မှာလည်း ရှိပါလိမ့်မယ်။ အစိုးရက အပေါ်မှာလည်း ရှိပါလိမ့်မယ်။ မဖြစ်နိုင်တာကို ဖြစ်အောင် ကြိုးကြိုးစားစားနဲ့ ခေတ်မီနည်းပညာနဲ့ လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းလည်ပတ်ပြီး အကျိုးကျေးဇူးကို ရခိုင်လူထုရော၊ မြန်မာပြည်က လူထုရော ခံစားစေနိုင်အောင်လို့ နှစ်ဖက်က ကာကွယ်ပေးသင့်ပါတယ်။ တကယ်လို့ အဲဒီနေရာမှာ တိုက်ပွဲဖြစ်လို့၊ လက်နက်ကြီးကျည်ကျလို့ ရေဖိအားမြင့်တဲ့ ပြွန်တွေထဲကိုကျလို့ ပေါက်ကွဲသွားခဲ့ မယ်ဆိုရင် ရာခိုင်နှုန်း ၈၀ တည်ဆောက်ထားတာ အကုန်လုံး အဟောသိကံဖြစ်သွား နိုင်ခြေရှိပါတယ်။ ဆိုတော့ ကျည်မပေါက်သင့်တဲ့ ဧရိယာလို့ပဲ သုံးသပ်ပါတယ်။ ဒါကြောင့် အဲဒီနေရာမျိုးကို ရှောင်ဖို့ အထူးသဖြင့် AA ဘက်ကို တိုက်တွန်းပါတယ်။အဲဒီနေရာမျိုးမှာ တိုက်ကွက်ဖော်ခြင်းသည် အလွန်တရာ ကြောက်စရာကောင်းတဲ့ နောင်လာနောက်သားတွေ အကျိုးအတွက် ရည်ရွယ်တဲ့ ရေအားလျှပ်စစ်စီမံ ကိန်းကို ပျက်ယွင်းသွားစေမယ်ဆိုရင် အကျိုးဆက်ကို နှောင်းလူတွေ ခံရမှာပါ။ အဲဒီလိုပဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလည်းပဲ နှစ်ဖက်က ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန်ဝတ္တရား ရှိနေတယ်ဆိုတဲ့အသိနဲ့ စောင့်ရှောက်စေချင်ပါတယ်။ အဲဒီသဘောနဲ့ အမ်းရဲ့ အဲဒီနေရာတွေမှာ တိုက်ကွက်မဖော်ခြင်းသည် ရေရှည်အမြော် အမြင်ရှိတဲ့ နှစ်ဖက်ရဲ့ ရည်မှန်းချက်ဖြစ်သင့်ပါတယ်။ အဲဒီလိုပဲ သူဌေးချောင်း ရေအားလျှပ်စစ်ဧရိယာမှာ တိုက်ကွက်မဖော်ခြင်းအားဖြင့် နှောင်းလူတွေအတွက် ကာကွယ်ခြင်းဖြစ်တယ်ဆိုတာကို ဆင်ခြင်ရင် အဲဒီလို နေရာမျိုးကို ရှောင်ကွင်းသင့်ပါတယ်။


TREND။        ။ စစ်တွေနဲ့ ကျောက်ဖြူကို AA ဘက်က စစ်မျက်နှာဖွင့်ဖို့မဖြစ်နိုင်ဘူးဆိုတာက ဘယ်လို အကြောင်းရင်းတွေကြောင့် ဖြစ်မယ်လို့ သုံးသပ်ချင်ပါလဲ။
Dr.AM။        ။
အဲဒီလို ပြောထားရုံလောက်ပဲ ဖြစ်မှာပါ။ အခုလက်ရှိ မြန်မာ့တပ်မတော်ရဲ့ အနေအထားကလည်း အောင်ဇေယျစစ်ဆင်ရေးပြီးတဲ့ နောက်မှာ တော်တော်လေးကို ခံစစ်ကနေ ထိုးစစ်ဘက်ကို သွားတဲ့ အနေအထားရောက်လာပြီ။ ရှမ်းမြောက်ခွင်ကို ကြည့်ပြန်ရင်လည်းပဲ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်တို့ကို ဖိတ်ပြီးတော့မှ နှစ်နိုင်ငံ ပြည်တွင်းလုံခြုံရေးနဲ့ ပတ်သက်လို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘော တွေ့ရပါတယ်။ အဲဒီအထဲမှာ ထူးခြားတာက မူးယစ်ဆေးဝါးပြဿနာကိုလည်း အမြစ်ဖြတ်ချေမှုန်းမယ်။ ကျားဖျန့်ရောပေါ့။ နှစ်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်လို့လည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတွေ့ပါတယ်။ ဒါက တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် ချဉ်းကပ်မှုပုံစံအပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ အဲဒါက BRI အတွက်လည်း အကျိုးဆက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းအောင် အခင်းအကျင်းကြီး တစ်ခုကိုလည်းပဲ သူတို့ဘက်က စနစ်တကျ သွားတော့မယ်ဆိုတာကို နိမိတ်ပြတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် လက်ရှိအနေအထားက ကျောက်ဖြူသည် တရုတ်ရဲ့ အကျိုးစီးပွား တွေကြောင့် စစ်မဲ့ဧရိယာဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၉၀ ကျော်လောက် ရှိပါတယ်။ ဒါကြောင့် ကျောက်ဖြူကို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ စစ်တွေနဲ့ပတ်သက်ရင်လည်း ပြည်နယ်အစိုးရရဲ့ ရုံးစိုက်ရာဖြစ်သလို အိန္ဒိယအစိုးရရဲ့ တိုက်ရိုက်အကျိုးစီးပွားဖြစ်တဲ့ ကုလားတန် ဆိပ်ကမ်းကြီးကလည်း တည်ရှိပါတယ်။ နောက်မီဇိုရမ်နယ်စပ်တစ်လျှောက်လုံးက ကုလားတန်ဖွံ့ဖြိုးရေး ရခိုင်ဘက်က မီဇိုရမ်ဝင်ပေါက်ဟာ အဲဒီရဲ့အစက စစ်တွေဖြစ်ပါတယ်။ စစ်တွေကို ကာလကတ္တားကနေ ဗဟိုအစိုးရရဲ့ အရှေ့မြောက်ဒေသလိုအပ်တဲ့ ပစ္စည်းပစ္စယတွေကိုပို့ဖို့ ဒီမှာ အဆောက်အအုံတွေလည်း ဆောက်ထားပြီးပါပြီ။ ကာလကတ္တားကနေပို့တဲ့ ပစ္စည်းတွေကို ရေတိမ်ပိုင်းမှာသွားတဲ့ တန် ၆၀၀၀ ဆံ့တဲ့ သင်္ဘောကြီး‌တွေ လေးစီးလား၊ ခြောက်စီးလား မသိပါဘူး။ ရန်ကုန်ကနေ ဝယ်ထားပြီးသား ဒီလည်း ရောက်ထားပြီးသားဖြစ်မယ်၊ အဲဒါတွေနဲ့ ကဲ့ပြီးမှ ပလက်ဝ၊ ပလက်ဝကနေ မီဇိုရမ်သွားဖို့ ရည်မှန်းထားတဲ့ အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြစ်တဲ့အခါမှာ အိန္ဒိယအစိုးရကလည်း ၃ ဒသမ ၂ ဘီလီယံနဲ့ အရှေ့မြောက်ဒေသမှာ ခြံစည်းရိုးခတ်ဖို့ လုပ်ထားတဲ့အခါကျတော့ အိန္ဒိယအစိုးရရဲ့ အကျိုးစီးပွားရှိတဲ့ စစ်တွေ ကို တိုက်ရိုက်ထိခိုက်နိုင်စေတဲ့ စစ်တွေမြို့ မြို့သိမ်းရေးဆိုတဲ့ AA ရဲ့ အစီအစဉ်သည်ဖြစ်နိုင်ဖို့ အစီအစဉ်နည်းပါတယ်။ ဒါက သုံးသပ်တာပါ။ အဲဒီလိုပဲ မောင်တောဖြစ်နိုင်မှု ရာခိုင်နှုန်းနည်းပါတယ်။ မောင်တောဆိုတာက မောင်တောဘက်မှာရှိတဲ့ ဘင်္ဂါလီဒုက္ခသည်တွေ ပြည်တော်ပြန်ရေးပေါ့ဗျာ။ မောင်တောဒေသကို အခြေချရေးဆိုတာက ကမ္ဘာ့နိုင်ငံရေး စစ်မျက်နှာမှာ အလွန်တရာ အရေးကြီးပါတယ်။ အဲဒါကို ဆောင်ရွက်နိုင်တာက ဗဟိုအစိုးရအချင်းချင်းပဲ ရှိပါတယ်။ ဒုက္ခသည်တွေ ပြည်တော်ပြန်နိုင်ဖို့အတွက် ဗဟိုအစိုးရရဲ့တိုက်ရိုက်ရုံး ပတ်သက်နိုင်တဲ့ မောင်တောဆိုတာမျိုးက ဗဟိုအစိုးရရဲ့ အောက်မှာရှိမှပဲ ဘင်္ဂလားဒေ့ရှ်ကိုရောက်တဲ့ ဒုက္ခသည်တွေ ပြည်တော်ပြန်နိုင်မယ့် အနေအထားဖြစ်ပါတယ်။နောက် ဘူးသီးတောင်၊ မောင်တောဘက်မှာ လက်ရှိပျံ့နေတဲ့ သတင်းတွေအရဆိုရင်လည်းပဲ ဘင်္ဂါလီတွေကို နှစ်ဖက်ပြိုင်တူ စည်းရုံးနေတယ်လို့ ကြားရပါတယ်။ အဲဒီ အ‌နေအထားတွေကြောင့် လက်ရှိပဋိပက္ခသည်လည်းပဲ သိပ်ပြီးတော့ ကြီးကြီးမားမားထက် နှစ်ဖက်ညှိနှိုင်းမှုကို စောင့်နေတဲ့သဘော တွေ့ပါတယ်။ လက်ရှိအခင်းအကျင်းကနေ ဘယ်လိုများ တရုတ်နိုင်ငံ ကူမင်း-ဟိုင်ဂင် ဆွေး‌နွေးပွဲရဲ့ အဆက်အဖြစ်လာမယ့် ပဉ္စမအကြိမ် မြောက်မှာ ရခိုင်ဒေသ စစ်ရေးတင်းမာမှုကို ဆွေး‌နွေး ကြမှာလဲဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာနိုင်ပါတယ်။ လာမယ့် မေလအတွင်းမှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်က နာမည်တစ်ခုပေးပြီးကာမှ စစ်ရေးလေ့ကျင့်မှုတစ်ခု ဘင်္ဂလားဒေရှ့်အတွင်းမှာ လုပ်မယ်လို့ ကြားရပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုသည် ဘင်္ဂလားဒေရှ့်နဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ခိုင်မာမှုကို ပြမယ့်ပွဲ သဘောဖြစ်ပါတယ်။ နောက်ရခိုင်ဒေသရဲ့ စစ်ရေး တင်းမာမှုဖြစ်နေတဲ့ အချိန်၊ ရှမ်းမြောက်ရဲ့ တရုတ်ပြည် ဘက်အခြမ်းမှာလည်း စစ်ရေး လေ့ကျင့်မှုတွေ အကြိမ်ကြိမ် တရုတ်ဘက်က လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီလိုပဲ ရခိုင်ရဲ့မြောက်ပိုင်း၊ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ရေးလေ့ ကျင့်မှု တစ်ခုလုပ်မယ်ဆိုတဲ့ ဒီလာမယ့်လမှာလုပ်မယ်လို့ သတင်းထွက်နေပါတယ်။ အားလုံးကို ပြန် ကြည့်ရင် ရခိုင်ဒေသတည်ငြိမ်အေးချမ်းမှုကို တရုတ်အစိုးရက လိုလားတယ်။ ဒုက္ခသည်များ ပြန်လည်လက်ခံ ရေးနဲ့ ပတ်သက်လို့လည်း ဘင်္ဂလားဒေရှ့်ကို ချဉ်းကပ်သလို မြန်မာအစိုးရဘက်ကို ချဉ်းကပ်နေတာရှိပါတယ်။ ဒုက္ခသည် ပြဿနာပြေလည်ဖို့အတွက် ဘူးသီးတောင်၊ မောင်တောဆိုတာ အရေးကြီးပါတယ်။ ဘင်္ဂလားဒေရှ့် ရောက်တဲ့ ဒုက္ခသည်တွေ ပြည်တော်ပြန်ဖို့အတွက်နဲ့ ပတ်သက်လို့ အဆင့်ဆင့်ညှိနှိုင်းမှုတွေမှာ တရုတ်ဘက်က ကြားဝင်ရင် ဘူးသီးတောင်၊ မောင်တောဘက်က လက်ရှိအနေအထားဟာ တည်ငြိမ်အေးချမ်းမှု ဖြစ်လာ နိုင်ပါတယ်။


TREND ။        ။ရခိုင်ဒေသက စစ်ရေးတင်းမာမှုတွေ ရပ်တန့်သွားပြီး ဒေသတည်ငြိမ်အေးချမ်းမယ့် အလားအလာနဲ့ လက်ရှိနိုင်ငံရေးအခက်အခဲအကျပ်အတည်း ပြဿနာတွေဟာ ဘယ်လိုအခြေအနေ ဘယ်လို အခင်းအကျင်းမျိုးမှာ ပြေလည်ငြိမ်းချမ်းသွားနိုင်မှာလဲ ဖြည့်စွက်ပြောကြားပေးပါဦး။ 
Dr.AM။        ။
လက်ရှိအနေအထားက မြဝတီရဲ့ အောင်ပွဲသည် ရှမ်းမြောက်အထိ သွားမှာလား၊ ရခိုင်အထိ သွားမှာလား၊ စစ်ကိုင်း၊ မကွေးအထိသွားမှာလားဆိုတဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။ အဲဒီလိုမျိုးသွားပြီးမှ ရခိုင်ရဲ့စစ်ရေး၊ နိုင်ငံရေးကို သုံးသပ်ရင်တစ်မျိုး တွေ့နိုင်ပါတယ်။ လက်ရှိအနေအထားမှာ တရုတ်ပြည် ကူမင်း-ဟိုင်ဂင်ရဲ့အဆက် ဆွေးနွေးခြင်းအားဖြင့် ရှမ်းမြောက်မှာ အပစ်အခတ်ရပ်သလို ရခိုင်ဘက်မှာ အပစ်အခတ်ရပ်ခဲ့မယ်ဆိုရင် တရုတ်ရဲ့ကြားဝင်မှုကြောင့် အပစ်အခတ်ရပ်ခဲ့မယ်ဆိုရင် လက်ရှိတပ်တွေရောက် နေတဲ့နေရာကနေ အဲဒီနေရာသည် အတည်လားဆိုတဲ့ မေးခွန်းတစ်ခုက ပေါ်လာနိုင်ပါတယ်။ အဲဒီတော့ ကိုယ့်ဘက်က နယ်မြေပိုင်စိုးထားတဲ့ နယ်မြေအားလုံးသည် အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနိုင်အောင် တရုတ်ဘက်က နှစ်ဖက်ကို စေ့စပ်ညှိ နှိုင်းနိုင်ခဲ့မယ်ဆိုရင် အဖြေကတစ်ခု သွားနိုင်ပါတယ်။ သို့မဟုတ် စောစောကပြောသလို အောင်ဇေယျ စစ်ဆင်ရေးအဆက်သည် ရှမ်းမြောက်အထိ သွားမှာလား၊ စစ်ကိုင်း၊ မုံရွာ၊ မကွေးအထိ သွားမှာလား၊ ရခိုင်အထိ သွားမှာလားဆိုတဲ့မေးခွန်းပေါ့လေ။ အဲဒီတော့ အဲဒီကာလကို  ပြန်ကြည့်ရင်လည်း မကြာခင် မုန်တိုင်းဝင်မယ်။ မိုးတွင်းကာလ  ပွင့်လင်းရာသီမဟုတ်တဲ့ကာလ ဘယ်လိုဖြတ်ကျော် သွားမှာလဲဆိုတဲ့ဥစ္စာ။ အဲဒီ မိုးတွင်းကာလ စားနပ်ရိက္ခာစိုက်ပျိုးမှုအတွက် နှစ်ဖက်ဘယ်လိုညှိနှိုင်းကြမှာလဲဆိုတဲ့ လူထုဘက်ကလာတဲ့ အသံစသည်ဖြင့် မေးခွန်းတွေကတော့ အများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ စောစောက တွေ့ဆုံညှိနှိုင်းပြီး အဖြေထုတ်မှုတစ်ခု မရှိဘဲနဲ့တော့ ရခိုင်ဒေသရဲ့ လက်ရှိစစ်ရေးတင်းမာမှုက ရပ်သွားနိုင်ခြေမရှိပါဘူး။ ဘာလို့လဲဆိုရင် ညှိနှိုင်းမှုမရှိရင် စောစောက အင်အားစု တစ်ခုက ရရှိထားတဲ့ အုပ်ချုပ်ပိုင်ရထားတဲ့မြေဆိုတာကလည်း ကိုယ့်ဘာသာသတ်မှတ် ထားတာဖြစ် တော့ လေတပ်နဲ့ ရေတပ်ရဲ့ စိုးမိုးမှုနဲ့ မြန်မာ့တပ်မတော်ဘက်ကတော့ဖြင့် ပြန်လည်ရယူဖို့အတွက် အချိန်နဲ့အမျှ ကြိုးစားနေမှာဖြစ်တော့ အဲဒီဒေသရဲ့ တည်ငြိမ်အေးချမ်းလုံခြုံမှုကို မည်သည့်အဖွဲ့အစည်းကမှ အာမခံမှုမပေးနိုင်တဲ့ အနေအထားဖြစ်တယ်ဆိုတာကို လူထုကသဘော ပေါက်နေကြပါပြီ။ အဲဒါကြောင့် တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းကိုလိုချင်တဲ့ လူထုရဲ့ ဆန္ဒ၊ အဲဒီဆန္ဒကို ဖြစ်ဖို့အတွက် နှစ်ဖက်ညှိနှိုင်းမှုမှာ လက်ရှိအနေအထားကနေ ဘယ်လောက်အထိ နှစ်ဖက်သဘောတူကြမှာလဲဆိုတဲ့ အဖြေက အဲဒီမှာပဲရှိပါတယ်။ အဲဒီမှာ ငြိမ်းချမ်းရေးအတွက် ရရှိထားတဲ့နယ်မြေကနေပြီး ဆုတ်ပေးရမှာလား။ သို့မဟုတ် ငြိမ်းချမ်းရေးအတွက် ဒေသတစ်ခုလုံးမှာရှိတဲ့ နယ်မြေအားလုံးကို ရအောင် ကြိုးစားပန်းစားတစ်ဖက်က ထိုးစစ်ဆက်တိုက်ခိုက်မှာလား။ ဥပမာ သံတွဲ၊ စစ်တွေ၊ ကျောက်ဖြူ စသည်ဖြင့်ပေါ့။ တစ်ဖက်က တိုက်ခိုက်မှာလား၊ မရရအောင် ကြိုးစားမှာလားဆိုတဲ့ မေးခွန်းတစ်ခုနဲ့ စောစောကပြောတဲ့ အောင်ဇေယျစစ်ဆင်ရေးရဲ့ ရှေ့ဆက်လာမယ့် နယ်မြေစိုးမိုးမှုနဲ့ ပြန်လည်ရယူ အချုပ်အခြာတည်တံ့ ခိုင်မြဲဖို့အတွက် ကြိုးစားမှုရည်မှန်းချက် ဘယ်လောက် အောင်မြင်မှာလဲ၊ အဲဒီရည်မှန်းချက် ဘယ်လောက်အထိ သွားမှာလဲဆိုတဲ့နှစ်ခု ထိပ်တိုက်တွေ့မှုနဲ့ ဆိုင်နိုင်ပါတယ်။ ကျွန်တော်တို့လူထုကတော့ ကျွန်တော်တို့ နားလည်သလောက်ကတော့ စစ်ကို ငြီးငွေ့စပြုလာပါပြီ။ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းနဲ့ နှစ်ဖက်ညှိနှိုင်းပြီးမှ အဖြေတစ်ခုရချင်တဲ့ဘက်က သွားနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဘက်က သွားတာကတော့ ရခိုင်ရယ်၊ ရှမ်းရယ်လို့ ကွက်ကွက်လေး ကြည့်တာမျိုးမဟုတ်ဘဲနဲ့ ပြည်ထောင်စု နယ်မြေအားလုံး ပတ်သက်တဲ့ အဖြေတစ်ခုရစေချင်တဲ့ ဘက်နဲ့သွားပါတယ်။ တာဝန်ရှိတဲ့ နစကအစိုးရ၊ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေကြတဲ့ တပ်မတော်နဲ့ အစိုးရအနေနဲ့ ရှေ့ဆက်ပြီး ပြည်ထောင်စုရေရှည်တည် တံ့ခိုင်မြဲရေးကို ဘယ်လိုညှိနှိုင်းပြီးမှ အဖြေထုတ်မှာလဲ။ မြန်မာနိုင်ငံတစ်ခု လုံးနဲ့ပတ်သက်တဲ့ အဖြေသည် နစကအစိုးရအပေါ်မှာ မူတည်ပါတယ်။ အဲဒီတော့ ပြည်ထောင်စုကို ဘယ်လိုအသစ်တည်ကြမှာလဲ၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းအောင် ဘယ်လိုဆွဲဆောင်ကြမှာလဲ။ ညှိနှိုင်းမှုတစ်ခု တွေ့ဆုံမှုတစ်ခုကို ဒီကြားထဲမှာ အပစ်အခတ်ရပ်ပြီးမှ လုပ်နိုင်မှာလား။ ပါဝင်ပတ်သက်တဲ့ နိုင်ငံကြီးများဘက်ကရော မြန်မာနိုင်ငံတည်တံ့ခိုင်မြဲမှုကို လိုလားတယ်ဆိုရင် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဖို့က လိုအပ်လာပါပြီ။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းမူညီ လာခံကြီးတစ်ခု ဖြစ်စေချင်ပါတယ်။ အခြေခံမူများရေးဆွဲတဲ့ ညီလာခံကြီးတစ်ခုအဖြစ် အသွင်ပြောင်းစေချင် ပါတယ်။ အဲဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ပြီးမှ ပြည်ထောင်စုကို ဘယ်လိုနောင်လာနောက် သားတွေအတွက် တည်ဆောက်ပေးခဲ့ကြမှာလဲ။ လက်ရှိ ဖြစ်စဉ်အားလုံးမှာ ပါဝင်ပတ်သက်မှုအားလုံးကို သင်ပုန်းခြေနိုင်အောင် တိုင်းရင်းသားအားလုံး၊ ဒေသအားလုံး မှာရှိတဲ့ စစ်ဘေးသင့် လူထုက ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ ကာလဖြစ်ပါတယ်။ အဲဒါလေး တစ်ခုကတော့ မျှော်လင့်ချက်လေး SAC ဘက်က ပေးနိုင်မှာလား။ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ရည်မှန်းချက်ကရော ဘယ်လောက်အထိ အတောမသတ်ရှိနေမှာလဲ၊ ပြာပုံရရင် ပြီးပြီဆိုတဲ့ဘက်နဲ့ ဘယ်လိုတည် ဆောက်မှာလဲပေါ့လေ။ လူထုခံနေရတဲ့ အနေအထားကို  သဘော ပေါက်ပြီးမှ ညှိနှိုင်းမှုဆွေးနွေးမှု၊ နိုင်ငံရေးအားဖြင့် အပေးအယူလုပ်မှုတစ်ခု ဒီကြားထဲမှာရစေချင်တဲ့ သဘောပါ။ အဲဒီလိုမှပဲ လာမယ့် မိုးကာလ မတိုင်ခင်လေးမှာ လယ်ယာမြေတော်တော်များများကို မိုင်းရှင်းတာတွေလုပ်ပြီးမှ စိုက်ပျိုးရာသီ စနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင် စားနပ်ရိက္ခာဒုက္ခတွေတော်တော်ကို  ရခိုင်အပါအဝင် ရှမ်းမြောက်၊ ချင်း၊ ကယား၊ ကရင်စသည်ဖြင့် ကြုံနိုင်ပါတယ်။ 
TREND ။        ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 319

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43072

© 2022 - 2025 News. All Rights Reserved.