မြင်းခြံမှာက လျှပ်စစ်မီးထက် ဆိုလာမီးကိုပဲ အားကိုးပြီး စက်ရုံလည်ပတ်နေရတယ် . . . MKL Cotton စက်ရုံ ချည်ထည်လုပ်ငန်းပိုင်ရှင် ဒေါ်မေခလာဌေး နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ဇန်နဝါရီ ၃၁

    "ဈေးကွက်အခြေအနေက လွန်ခဲ့တဲ့တစ်နှစ်ကျော်က ချည်သားတစ်မျိုးတည်းပဲ ရှိတာလေ။ အဲဒီတစ်မျိုးတည်းကိုမှ အကျယ်ချည်သားကို ဆေးအသုံးပြုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဈေးကွာသွားတယ်။ နောက်ဝယ်သူကတော့ သူသုံးနိုင်တဲ့ပစ္စည်းကို ဝယ်ယူတယ်ပေါ့။ ကိုဗစ်နောက်ပိုင်းမှာကြတော့ တရုတ်ပြည်ဘက်ကလာတဲ့ ချည်ထည်မျိုးတွေနဲ့ ရက်ကန်းတွေမှာ ရောသုံးတော့ အစ်မတို့ ချည်အစစ် ချည်ထည်နဲ့ ဈေးက အရမ်းကွာခြားသွားတယ်။ အစ်မတို့ ချည်ထည်က ဈေးများတယ်ဆိုပြီးတော့ ဖြစ်လာတယ်။ ဈေးကွာတာကိုပဲ သိကြတယ်။ ချည်က အရောပါနေတာကို မသိကြဘူး။ တစ်နှစ်၊ နှစ်နှစ်လောက် တော်တော်လေး ရုန်းကန်ရတယ်။ အဲဒီနောက်ပိုင်းမှာမှ ချည်အရောပါတာကို အသုံးပြုတဲ့ သူတွေက သိလာတယ်။ ချည်အရောပါတော့ ဝတ်ရတာက မအေးဘူး ပူတယ်။ ချည်ထည်အစစ်က အေးနေတာလေ။ ပေါ့ပါးနေတာ"ဟု ပြောကြားသည့် MKL Cotton စက်ရုံချည်ထည်လုပ်ငန်းပိုင်ရှင် ဒေါ်မေခလာဌေးနှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။


TREND    ။    ။ DMKLH အနေနဲ့ ချည်ထည်တွေကို ဘယ်လိုပုံစံမျိုး ထုတ်လုပ်ဖြန့်ချိနေလဲဆိုတာ ရှင်းပြပေးပါဦး။
DMKLH    ။    ။
MKL Cotton ကို ကလေးကနေ လူကြီးအထိ အမျိုးအစားအရွယ်စုံ ဝတ်နိုင်တဲ့ ချည်သားတွေကို ချုပ်လုပ်ပြီးတော့ ဖြန့်ချိပါတယ်။ ကလေးအထည်တွေဆိုလည်း ပြန်ပြီးတော့ ချုပ်ဖို့ မလိုအောင်အထိ ချုပ်ထားပေးပါတယ်။ နောက် ချည်ထည် မွေ့ရာအခင်းတွေကိုလည်း ရရှိနိုင်ပါတယ်။ ကုန်ကြမ်းကတော့ မြန်မာပြည်တွင်းမှာ ထုတ်တဲ့ ဝါချည်တွေကိုပဲ သီးသန့်ချုပ်လုပ်ပါတယ်။ အင်းလေးဘက်က ချည်တို့ကို အသုံးပြုပြီး ချုပ်တယ်။ ကုန်ကြမ်းအခက်အခဲတော့ မရှိဘူး။ ပြည်တွင်းကပဲ မှာယူရတာ ဆိုတော့လေ။ အခက်အခဲ မရှိပါဘူး။ အဆင်ပြေတယ်။

TREND    ။    ။ ရန်ကုန်မှာ MKL Cotton ဆိုင်က ဖွင့်တာမကြာသေးဘူးလို့ သိရပါတယ်။ ဘာကြောင့်ဖွင့် ဖြစ်တယ်ဆိုတာလည်း ပြောပြပေးပါဦး။
DMKLH    ။    ။
MKL ဆိုင်လေး ဖွင့်ဖြစ်တာက အစ်မကိုလာပြီးတော့ မေးတာတွေလည်း ရှိတယ်။ သူတို့ ချည်ထည်တွေကိုကြည့်ပြီး ဝယ်ချင်တယ်ပြောတယ်။ အဲဒါကြောင့် ရန်ကုန်မှာ လာပြီးတော့ သူငယ်ချင်း သုံးယောက်ပေါင်းပြီးတော့ ဖွင့်ဖြစ်တာပေါ့။ ချုပ်တာကတော့ ကိုယ်တိုင်စက်ရုံနဲ့ မြင်းခြံမှာချုပ်တာပါ။ ခေတ်နဲ့အညီ ဒီဇိုင်းလေးတွေကို ချုပ်တာ ဖြစ်ပါတယ်။

TREND    ။    ။ ချည်ထည်တွေကို ဘယ်လိုမျိုး ဖြန့်ချိပေးလဲ။ ပြည်ပက မှာယူတာတွေရော ရှိလား။
DMKLH    ။    ။
ချည်ထည်တွေကို ပြောမယ်ဆိုရင် နယ်နဲ့ပြည်ပက မှာယူမှုများတယ်။ ပြည်ပကဆိုရင် ပြန်ရောင်းတဲ့သူ မရှိဘူး။ ဝတ်တဲ့သူတွေပဲ ရှိတယ်။ သူတို့ စိတ်တိုင်းကျတာတွေများတဲ့အတွက် မှာယူမှုတော့ မပြတ်ဘူး။ ပြည်ပက မှာယူတဲ့သူတွေက ချည်အရောတွေရှိတဲ့အတွက် ချည်အစစ်တွေက ဈေးကြီးတော့ ပြည်တွင်းက အသုံးပြုမှု နည်းတယ်။ ပြည်ပက ဝယ်တဲ့သူတွေက သူတို့ဝင် ငွေနဲ့ကြတော့ အသုံးပြုနိုင်တယ်။ ချည်သား စစ်စစ်ဖြစ်ပြီး ချုပ်ရိုးချုပ်သားခိုင်မှာမှု ရှိတဲ့အတွက် အစ်မ ပစ္စည်းတွေကို အားပေးကြတယ်။

TREND    ။    ။ ချည်နဲ့ပတ်သက်ပြီး အခုနောက်ပိုင်းမှာ ပိုမိုတွင်ကျယ်စွာ ဝယ်ယူလာတာ တွေ့ရတယ်။ အဲဒါက ဘယ်အချိန်လောက်က စတင်ဝယ်ယူမှု ရှိလာတာလဲ။
DMKLH    ။    ။
ဈေးကွက် အခြေအနေက လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ချည်သားက တစ်မျိုးတည်း ပဲရှိတာလေ။ အဲဒီတစ်မျိုးတည်းကိုမှ အကျယ်ချည်သားကို ဆေးအသုံးပြုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဈေးကွာသွားတယ်။ နောက် ဝယ်သူကတော့ သူသုံးနိုင်တဲ့ပစ္စည်းကို ဝယ်ယူတယ်ပေါ့။ ကိုဗစ် နောက်ပိုင်းမှာကြတော့ တရုတ်ပြည်ဘက်ကလာတဲ့ ချည်ထည်မျိုးတွေနဲ့ ရက်ကန်းတွေမှာ ရောသုံးတော့ အစ်မတို့ ချည်အစစ်ချည်ထည်နဲ့ဈေးက အရမ်းကွာခြားသွားတယ်။ အစ်မတို့ ချည်ထည်က ဈေးများတယ် ဆိုပြီးတော့ ဖြစ်လာတယ်။ ဈေးကွာတာကိုပဲ သိကြတယ်၊ ချည်က အရောပါနေတာကို မသိကြဘူး။ တစ်နှစ်၊ နှစ်နှစ်လောက် တော်တော်လေး ရုန်းကန်ရတယ်။ အဲဒီနောက်ပိုင်းမှာမှ ချည်အ ရောပါတာကို အသုံပြုတဲ့သူတွေက သိလာတယ်။ ချည်အရောပါတော့ ဝတ်ရတာက မအေးဘူး ပူတယ်။ ချည်ထည်အစစ်က အေးနေတာလေ။ ပေါ့ပါးနေတာ။

TREND    ။    ။ ပြည်တွင်းဈေးကွက် အခြေအနေလေး ပြောပြပေးပါဦး။
DMKLH    ။    ။
ချည်သားဈေးကွက်က အခု နောက်ပိုင်း ပိုမိုတွင်ကျယ်လာတော့ ပြည်ပဈေးကွက် ကို ထိုးဖောက်ဖို့ အစ်မတို့ လက်လှမ်းမီသလောက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသွားမယ်။ ဈေးကွက်ထဲမှာက အလှဝတ်ကြတယ်။ မြင်းခြံဘက်မှာကြတော့ ညဝတ်၊ ကလေးအထည်၊ အိမ်နေရင်းဝတ်တဲ့ အထည်လေးတွေ အဝယ်များတယ်။ စက်ရုံအနေနဲ့က အပြင်အော်ဒါတွေကိုလည်း လက်ခံချုပ်ပေးပါတယ်။ သူတို့ချုပ်ခိုင်းတဲ့ ပိတ်စနဲ့ ကိုယ့်ပိတ်စမတူဘူးဆိုရင် အချိန်ချိန်နည်းနည်း စောင့်ရတယ်။ ချည်ပေါင်းဖို့အတွက် အချိန်ကို ပြောတာပါ။ ချုပ်ဖို့အချိန်ယူတယ်။ ဒါပေမဲ့ အမြန်ဆုံးနဲ့ အကောင်းဆုံးချုပ်ပေးတယ်။ လက်လီဝယ်တဲ့သူဆိုရင်လည်း အစ်မတို့ သတ်မှတ်ထားတဲ့ အတိုင်းအထွာလေးနဲ့ ကိုက်ညီမှု ရာခိုင်နှုန်း ၉၀ အထိရှိအောင် သေချာလေးလုပ်ပေးတယ်။ အထည်တွေအနေနဲ့ဝတ်ရတာ ကြီးတာတို့၊ အဆင်မပြေဘူးဆိုရင် ရေမလျှော်နဲ့ ပြန်ပြီး စိတ်တိုင်းကျတဲ့ အထည်နဲ့ လဲပေးပါတယ်။ ပြန်ချိန်းပေးတယ်။

TREND    ။    ။ အရောအနှောပါတဲ့ချည်ကိုပဲ အသုံးပြုတဲ့အပေါ် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လိုပုံစံမျိုး ဖြစ်မိလဲ။
DMKLH    ။    ။
ပြည်တွင်းဈေးကွက်က ချည်နှောပါတဲ့ အခါမှာကြတော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့လည်း သူ့အဆင့်နဲ့ သူပေါ့နော်။ အစ်မတို့လို အကောင်းကြိုက်တဲ့ သူကတော့ အကောင်းကို အားပေးမယ်ဆိုပြီးတော့ ချည်ရောပါတဲ့အပေါ် ခံစားချက်ကတော့ သိပ်မရှိတော့ပါဘူး။ ကိုယ်တိုင်ကတော့ Cotton စစ်စစ်ပဲ အသုံးပြုထားပါတယ်။

TREND    ။    ။ နောက် ချည်ဆိုတာက အဓိက အလုပ်သမားအင်အား အများကြီးအသုံးပြုရတယ်လေ။ အစ်မတို့ စက်ရုံမှာရော အလုပ်သမားအင်အား အခက် အခဲရှိလား။
DMKLH    ။    ။
စက်ရုံမှာက ကိုဗစ်မတိုင်ခင်က အယောက် ၅၀ ခန့်ရှိပါတယ်။ အခုကြတော့ နည်းနည်းလျော့သွားတယ်။ ၃၀ ကျော်ရှိပါတယ်။ လုပ်သားအခက်အခဲက ကိုယ်က သေသေချာချာလေး လေ့ကျင့်ပေးထားတယ်။ ပြုပြင်ပေးထားတယ်။ သူတို့က ပြည့်စုံသွားပြီဆိုရင် အလုပ်ထွက်သွားကြတယ်။ အဲဒီလို လုပ်သားအခက်အခဲကတော့ အများကြီးရှိပါတယ်။ အဲဒီအတွက် အရမ်းလည်း ခံစားရတယ်။


TREND    ။    ။ ဈေးကွက်နဲ့ပတ်သက်ပြီး ပိုမိုတွင် ကျယ်အောင် ပြပွဲတွေမှာ ဝင်ရောက်ပြသဖြစ်လား။
DMKLH    ။    ။
ရန်ကုန်ဈေးကွက်က အခုမှ စတင်ပြီးတော့ လုပ်တာဆိုတော့ အစ်မတို့အနေနဲ့ ပြပွဲတွေမှာ ပါဝင်ပြသဖြစ်တယ်။ ဈေးကွက် ပိုမိုရရှိအောင်ပါ။ အခုက ချည်သားက ဈေးကွက် တွင်တွင်ကျယ်ကျယ် ဖြစ်နေပြီ၊ တချို့တွေဆိုရင်ချည်ကိုမှ ရင်ဖုံး၊ ရိုးရာ အင်္ကျီလေးတွေကို အဓိကထား ချုပ်တယ်။ အစ်မကတော့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ပဲ ကလေးဝတ်၊ လူလတ်ပိုင်းဝတ်၊ လူကြီးဝတ်တွေကို ချုပ်တာပါ။ ပြပွဲမှာက ချည်သားဆိုတာနဲ့ ဝင်ပြီးတော့ ကြည့်ဖြစ်တာပဲ။ မြန်မာလူမျိုးပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် စိတ်ဝင်စားမှု ရှိတယ်။ အဲဒီအတွက် ဈေးကွက်က ပျောက်မသွားဘူးပေါ့။

TREND    ။    ။ အသေးစား အလတ်စားလုပ်ငန်းအနေနဲ့ စက်ရုံက လုပ်သား ၃၀ လောက်ခန့်ပြီး လုပ်ကိုင်ရတာကဆိုတော့ ဘာတွေအခက်အခဲရှိလဲ။
DMKLH    ။    ။
အခက်အခဲကတော့ စောစောကပြောတဲ့အတိုင်း ဝန်ထမ်းလည်းအဆင်မပြေ၊ ခေတ်အခြေအနေကြောင့်လည်း ပါတာပေါ့။ ကိုယ်က ရှေ့မှာ ဈေးကွက်တိုးချဲ့ချင်တယ်။ သူတို့က နောက်က မလိုက်နိုင်ဘူး။ လျှပ်စစ်မီးကလည်း စက်ရုံလည်ပတ်ဖို့ လုံးဝကိုအဆင် မပြေဘူး။ အစ်မ စက်ရုံက မြင်းခြံမှာ ဆိုတော့လေ။ မီးက တစ်နာရီ၊ နှစ်နာရီလောက်ပဲလာတော့ အဆင်မပြေဘူး။ ဆိုလာနဲ့လည်ပတ်နေလို့ ရပ်တည်နိုင်တာပါ။ အခုဆိုရင် လျှပ်စစ်ကို မသုံးတော့တဲ့အထိ ဖြစ်သွားတယ်။ ဆိုလာကပဲ အဓိကထုတ်ကုန်တွေကို ထုတ်လုပ်ပါတယ်။ အင်ဂျင်လည်ပတ်ဖို့လည်း အဆင်မပြေဘူး။ ဆီဈေးမြင့်တော့လေ။ မီးကအိမ်သုံး သဘောမျိုးပဲ ပေးနေတော့ အလုပ်လုပ်လို့ မရဘူး။ အဲဒီလို ဖြစ်နေတာ။ လျှပ်စစ်မီးနေရာမှာက ဆိုလာကို အစားထိုး လုပ်လိုက်တယ်။ ဝန်ထမ်းကြတော့ ထိန်းလို့မရ ဘူး။ သူတို့လာပြီး အလုပ်လုပ်ကိုင်မှ အဆင်ပြေတာဆိုတော့ လုပ်သားတွေလာဖို့ပဲ အဓိကဖြစ်သွားတာပေါ့။

TREND    ။    ။ MKL Cotton  လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်သွားဖို့ အစီအစဉ်လေးရှိရင် ပြောပေးပါဦး။
DMKLH    ။    ။
လုပ်ငန်းက တိုးချဲ့ဖို့တော့ အစီအစဉ် ရှိတယ်။ ဒါပေမဲ့ စောစောကပြောတဲ့ အခက်အခဲလေးတွေရှိတယ်။ နောက် တိုးရမလား၊ လျှော့ရမလား စဉ်းစားနေရတဲ့အချိန် ဖြစ်နေတယ်။ တိုးချဲ့ဖို့တော့ အစီအစဉ်ရှိတယ်။ စက်ရုံက အရင်က တစ်ရက်ကို အထည် ၂၀၀ လောက် ထွက်တယ်။ အခုကြတော့ အထည် ၅၀၊ ၁၀၀ လောက်ပဲ ထွက်တော့တယ်။ ဝန်ထမ်းလျော့တော့ အထည်က မထွက်တော့ဘူး။ အရောင်းအေးနေတဲ့အချိန်ဆိုတော့ အထည်ထွက်တာနည်းတာနဲ့ ကွက်တိဖြစ်သွားတယ်။ အစ်မတို့ချည်က အရမ်းကြီးလည်း သွက်မနေဘူး။ ပုံမှန်ပဲ။ အော်ဒါ မှာယူမှုအပိုင်းမှာလည်း ဒီလိုပဲ အထူးချုပ်ပေါ့နော်။ ချည်အရောတွေ မပေါ်ခင်တုန်းက မြင်းခြံဘက်ကထွက်တဲ့ ချည်က တော်တော်ရောင်းရတယ်။ တစ်ရက်ကို ၃၀၀၊ ၄၀၀ လောက်ချုပ်ရတယ်။ အစ်မစက်ရုံကလည်း ထွက်တယ်။ အပြင်ကိုလည်း ချုပ်ခိုင်းရတယ်၊ ရောင်းလည်း ရောင်းရတယ်။ ချည်အရောပေါ်လာတော့ ရောင်းအားကျသွားတာပေါ့။

TREND    ။    ။ ဈေးနှုန်းလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
DMKLH    ။    ။
ဈေးနှုန်းလေးတွေကတော့ အစ်မကတော့ အကုန်လုံးကို Cotton လေးတွေ မွေ့ရာက ခေါင်းအုံးလေးလုံးပါတာကြတော့ ခြောက်သောင်းခွဲ၊ ခေါင်းအုံးနှစ်လုံးနဲ့ ဖက်ခေါင်းအုံး နှစ်လုံးပါတာက ငါးသောင်းခွဲ၊ ခေါင်းအုံးတစ်လုံး၊ ဖက်ခေါင်းအုံးပါတာက လေးသောင်းခွဲ ရောင်းပါတယ်။ အင်္ကျီလေးတွေက ပေါင်ချိန် ၁၂၀ ကနေစတာ သူက ၁၇၀၀၀ နဲ့ ရောင်းတယ်။ တစ်ဆိုဒ်ကို တစ်ထောင်၊ တစ်ထောင် ကွာသွားတယ်။ အများဈေးကတော့ သီးသန့်ရှိတယ်။ လက်ကားယူရင် တစ်ဆိုဒ်ကို ငါးထည် ယူပေးရတယ်။ ဆိုဒ်စုံဆိုရင် ဈေးတစ်ခါလျှော့ပေးပါတယ်။ အော်ဒါမှာရင်လည်း ရသလို၊ အစ်မချုပ်ပြီးသား အထည်ကိုလည်း ယူရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရပါတယ်။ အော်ဒါမှာယူရင် တစ်ဆိုဒ်ကို အထည် ၃၀ ကနေ စတင်ပြီးတော့ ချုပ်ပေးပါတယ်။ 

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
DMKLH    ။    ။
အစ်မအနေနဲ့က လုပ်ငန်းတိုးချဲ့ဖို့အတွက် ရန်ကုန်မှာ ရုံးခွဲတိုးချဲ့ပြီး လုပ်ကိုင်ချင်တယ်၊ အစီအစဉ်ရှိတယ်။ တခြားသူတွေလည်း အဲဒီလိုလုပ်နေကြတယ်။ ချည်သားစစ်စစ် သုံးတဲ့သူတွေက ရှိနေတယ်။ဈေးကွက်က ပျောက်မသွားဘူး။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့လည်း ထုတ်လုပ်မှု တိုးမြင့်အောင် ကူညီဆောင်ရွက်ပေးပါလို့ ပြောကြားချင်ပါတယ်။

(သက်မှူး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 154

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43071

© 2022 - 2025 News. All Rights Reserved.