၂၀၂၄ ဖေဖော်ဝါရီ ၂၆
ဒီတိုင်းပြည်အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ မြင်နေတဲ့အမြင်တွေကို အပွင့်လင်းဆုံး နိုင်ငံတော်အကြီးအကဲနဲ့ ဆွေးနွေးဖို့ လိုအပ်တယ် . . .
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် တွေ့ဆုံခဲ့သည်။ ယင်းအခြေအနေများအပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းအား ဆက်သွယ်မေးမြန်းထားပါ သည်။
TREND ။ ။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ တိုင်း ရင်းသားလက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေ စုံစုံညီညီတက်ရောက်ခဲ့တာတွေ တွေ့ရပါတယ်။ ဒီအခမ်း အနားတက်ရောက်ခဲ့မှု အတွေ့အကြုံလေး မျှဝေပေးပါဦး။
SMYZL ။ ။ အရင်နှစ်တွေနဲ့စာရင် လူနည်းသွားတယ်လို့ မြင်မိတယ်။ တက်ရောက်လာတဲ့ သူတွေကလည်း ရောက်တော့ရောက်ကြတာပဲ။ အားလုံးနဲ့တော့ စကားမပြောဖြစ်ဘူးပေါ့၊ ဒါပေမဲ့ တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့တွေ့ဖြစ်ခဲ့တယ်။ ပြောသင့်ပြောထိုက်တဲ့ သူတွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ အားလုံးက တိုင်းပြည်အတွက် စိတ်ပူပန်မှုတွေ စိတ်ထဲမှာရှိနေကြတယ်။ အဲဒီလို အနေအထားမျိုးကတော့ တွေ့ဆုံခဲ့ရသူတွေ ပြောဆိုခဲ့ရတဲ့သူတွေနဲ့ အနေအထားမှာ အဲ့လိုမျိုးရှိတယ်။ လွန်ခဲ့တဲ့နှစ်ကဆိုရင် ပိုပြီးတော့ စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက်ခဲ့တယ်။ မီးရှူးမီးပန်းတွေကအစ စီစဉ်ထားတာက တကယ့်ကို စည်စည်ကားကားရှိခဲ့တာပေါ့။ ဒီနှစ်ကြတော့ အားလုံးက တိုင်း ပြည်အပေါ်မှာ စိတ်ပူပန်နေကြတဲ့ အနေအထားမှာရှိတယ်။ အစိုးရအကြီးအကဲတွေ၊ တာဝန်ရှိသူတွေ၊ ဒီပွဲကို စီစဉ်ရတဲ့သူတွေ အနေနဲ့ကလည်း အလုပ်တွေ အရမ်းများတဲ့အချိန်၊ အလုပ်တွေ အရမ်းများတယ်ဆိုတာ ပုံစံမတူသော အလုပ်များခြင်းတွေလည်းရှိတာပေါ့။ အဲ့ဒါကြောင့် နစကအစိုးရတက်ခါစ အရင်နှစ်တွေနဲ့ စာလို့ရှိရင် ဒီနှစ်ကကွဲပြားမှုတချို့ ရှိတယ်လို့ မြင်မိပါတယ်။ တက်ရောက်မှုနည်းတာ၊ အခမ်းအနားရဲ့ ပြင်ဆင်မှုအနေအထားတွေက ကွာသွားတာမျိုးပေါ့။ ပြီးတော့ လူတွေရဲ့ စိတ်ထဲမှာလည်းပဲ နှစ်တိုင်းလို အရမ်းကြီးပျော်ရွှင်နေတာမျိုး ဒီနှစ်မှာမတွေ့ရဘူး။

TREND ။ ။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ရဲ့ အမျိုးသားရေးဦးတည်ချက်မှာ ပြည်ထောင်စုကြီး ထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ အချက်ပါဝင်ပါတယ်။ တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထွန်းကားဖို့ မှတ်ချက်ပြုပေးပါဦး။
SMYZL ။ ။ အခုဆိုလို့ရှိရင် ၁၉၄၇ ကစပြီး ပြည်ထောင်စုဆိုတဲ့ စကားကို ပြောလာခဲ့ကြတယ်။ ၄၈ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ပြည်ထောင်စုဆိုတဲ့ ပုံစံမျိုးနဲ့ ဒီတိုင်းပြည်ကြီးတစ်ခုလုံးက ရှင်သန်ခဲ့ကြတယ်။ ဟိုးလွတ်လပ်ရေးရပြီး နောက်ပိုင်းမှာပေါ့။ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာက အများအားဖြင့်တော့ ပြောကြတယ်။ပြည်သူတစ်ရပ်လုံးကလည်း စိတ်ထဲမှာ ဒီစိတ်ဓာတ်ရဖို့အတွက်လည်း အစိုးရအဆက်ဆက်ကတည်းက ကြိုးပမ်းခဲ့ကြတာရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကြောင်းနဲ့ဆက်စပ်ပြီးလည်း ပြောချင်တယ်။ ဘာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေက လက်နက်ကိုင်ခဲ့ကြသလဲဆိုတဲ့ စဉ်းစားချက်ကတော့ အဓိကထားပြီး စဉ်းစားစရာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ နံပါတ်တစ်ကတော့ နိုင်ငံရေးရည်မှန်းချက်တွေ ရှိခဲ့ကြတယ်။ နိုင်ငံရေးရည်မှန်းချက်တွေမပြီး ခဲ့ကြဘူးဆိုတဲ့အပေါ်မှာ အများကြီးစဉ်းစားစရာရှိနေတယ်လို့ ပြောချင်ပါတယ်။ အမှန်ကတော့ တိုင်းပြည်ကြီး တစ်ခုလုံးမပျက်စီးဖို့ ကာကွယ်ရမှာပါ။ ကာကွယ်လိုတဲ့ စိတ်ဓာတ်တွေက ရှိသင့်တယ်၊ ရှိရမယ်။ ဒီတိုင်းပြည်ရဲ့ အနေအထားကခက်တာက လူမျိုးတစ်မျိုးတည်း နေထိုင်တဲ့ တိုင်းပြည်မဟုတ်ဘူး။ သမိုင်းအစဉ်အလာကျတော့လည်း သမိုင်းတစ်ခုတည်းအပေါ်မှာ မူတည်ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ အနေအထားမရှိဘူး။ အဲဒီလိုအနေ အထားအမျိုးမျိုးရှိတဲ့အပေါ်မှာ အားလုံးအတူတူ ဒီစိတ်ဓာတ်ရှိဖို့ဆိုတာမျိုးကို သွတ်သွင်းရတာလည်း အင်မတန်မှ ခက်ခဲတယ်လို့ မြင်ပါတယ်။
TREND ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးရည်မှန်းချက်တွေ ရှိကြတယ်၊ ဘာကြောင့်လက် နက်ကိုင်ခဲ့ကြသလဲဆိုတဲ့ အချက်တွေဟာ အဓိကထားပြီးစဉ်းစားရမယ်ဆိုတာက ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးကို ဆိုလိုတာလဲ၊ ရှင်းပြပေး ပါဦး။
SMYZL ။ ။ အဓိကကတော့ တိုင်းရင်းသားတွေ အမြဲပြောနေကြတဲ့စကားက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာမျိုးကို အများကြီးပြောတယ်။ အများကြီး ရည်မှန်းကြတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာက ကိုယ့်လူမျိုးကို စီမံခန့်ခွဲနိုင်ဖို့ပေါ့။ အချုပ်အခြာအာဏာ သုံးရပ်ကို အများကြီး ညွှန်းဆိုကြတာရှိတယ်။ အဲ့ဒီလို ရရှိဖို့အတွက်လည်း တိုင်းရင်းသားခေါင်းဆောင်တွေက ကြိုးပမ်းလာခဲ့ကြတယ်။ အဲဒီလို ကြိုးပမ်းလာခဲ့ကြတဲ့အတွက်ပဲ အဓိက ပြောရမယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေး ရည်မှန်းချက်ကတော့ တိုင်းရင်းသားတွေမှာ ကိုယ်စီကိုယ်စီရှိခဲ့ကြလို့ ဒီလက်နက်ကိုင် တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကို ဖြေရှင်းဖို့အတွက် အပွင့်လင်းဆုံးဆွေးနွေးရတဲ့ အနေအထားတွေက၊ အခြေအနေတွေ က လုပ်ခဲ့ကြတာလည်း ရှိခဲ့တယ်။ လုပ်ခဲ့ကြတယ်။ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ ဒီ့ထက်ပီပြင်ပြီးတော့မှ ပွင့်လင်းမှုရှိတဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။ မဟုတ်ဘူးဆိုလို့ရှိရင် တိုင်းပြည်ရဲ့ အခုဖြစ်နေတဲ့အနေအထားတွေက အရမ်းကို စိုးရိမ်စရာ အနေအထားတွေ ရှိလာတယ်လို့ မြင်မိပါတယ်။
TREND ။ ။ နောက်တစ်ချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိဖို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ရေးဆိုတဲ့ ပြည်ထောင်စုနေ့ရဲ့ အမျိုးသားရေး ဦးတည်ချက်နဲ့ ပတ်သက်တဲ့ အမြင်လေးပြောပေးပါဦး။
SMYZL ။ ။ တိုင်းပြည်ကတော့ တည်ငြိမ်ဖို့လိုတယ်၊ အေးချမ်းဖို့လိုတယ်။ တရားဥပဒေ စိုးမိုးဖို့လို တယ်ဆိုတာကတော့ အစိုးရတိုင်းမှာ လုပ်ရမယ့်ကိစ္စဖြစ်သလို တိုင်းပြည်မတည်ငြိမ်ဘူး၊ မအေးချမ်းဘူး၊ တရားဥပဒေမ စိုးမိုးဘူးဆိုရင် ဒီတိုင်းပြည်မှာနေရတဲ့ ပြည်သူလူထုတစ် ရပ်လုံးအတွက်လည်း အခက်အခဲတွေရှိပါတယ်။ အခုက ၂၀၂၁ ရဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ ကြောင့်ပေါ့၊ ဒီတိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့် အားလုံးအတူတကွဆိုတဲ့ စကားက အင်မတန်မှ ခက်သွားတဲ့အနေအထား ရောက်သွားပါတယ်။ ပြည်သူတွေ အတူတကွဆိုတဲ့စကားက အင်မတန်မှ စဉ်းစားစရာဖြစ်ပါတယ်။ အတူတကွ မရှိကြတော့ဘူး။ အတူတကွမဖြစ်ကြတာကတော့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ နွေဦးတော်လှန်ရေး ပေါ်လာပြီး နောက်မှာဆိုရင် ပြည်သူတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြတာများသွားတယ်။ နောက်ပြီးလို့ရှိရင် မိသားစုအတွင်းမှာလည်း အကွဲအပြဲတွေ ဖြစ်တယ်။ သူငယ်ချင်းတွေ အပေါ်မှာလည်း အကွဲအပြဲတွေ ဖြစ်တယ်။ အရင်က အစိုးရနဲ့ တပ်မတော်နဲ့ အတူတူထိုင်ပြီးတော့မှ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းတွေနဲ့ စကားပြောခဲ့ကြတဲ့ အစိုးရနဲ့ တပ်မတော်လည်း အတူတကွမရှိကြတော့တဲ့ ပုံစံမျိုးတွေ ဖြစ်သွားတယ်။ ဒါဟာဆိုလို့ရှိရင် စိုးရိမ်စရာ အချက်တွေလို့ မြင်တယ်။

TREND ။ ။ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေ အနေ ပြောပြပါဦး။
SMYZL ။ ။ အချိန်တိုအတွင်းမှာ တွေ့ရတဲ့ သဘောဖြစ်ပါတယ်။ NCA နှစ်ပတ်လည် အခမ်းအနားအပြီးမှာလည်း ပြန်လည်တွေ့ဆုံဖို့ စဉ်းစားချက်တွေ ရှိခဲ့ကြပါတယ်။ နောက်ပြီးတော့ ဇန်နဝါရီလထဲမှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာလည်းပဲ NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြန်လည်တွေ့ဆုံဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေ၊ ရည်မှန်းချက် တွေရှိခဲ့ကြတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ဒီ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရောက်လာတဲ့အချိန်မှာ NSPNC နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ် တွေ့ဆုံပွဲဟာဆိုလို့ရှိရင် အချိန်တိုအတွင်းမှာ တွေ့ခဲ့ရတာဖြစ်တယ်။ အချိန်က တိုတောင်းတယ်၊ ပြီးလို့ရှိရင် တိုင်းပြည်က မငြိမ်မသက်ဖြစ်နေတဲ့ အနေအထားမျိုးမှာ တွေ့ရတာဖြစ်တယ်။ အဲဒီလိုဆိုတော့ တွေ့ဖြစ်ခဲ့တယ်၊ ထူးခြားမှုရှိတာကတော့ NSPNC ကော်မတီက ဥက္ကဋ္ဌအသစ် ဖြစ်လာတယ်။ နယ်စပ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က NSPNC ကော်မတီဥက္ကဋ္ဌဖြစ်လာတယ်။ ဒါကိုတော့ အားလုံးက အများကြီး ကြိုဆိုကြပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပွင့်လင်းတယ်၊ ရိုးသားတယ်။ ဆွေးနွေးတာတွေ၊ မိန့်ခွန်းတွေကြည့်လိုက်တဲ့အခါမှာ ငြိမ်းချမ်းရေးဆက်သွားဆိုတဲ့ ဆန္ဒတွေအများကြီးရှိနေတယ်ဆိုတာ တွေ့ရတယ်။ သူအတတ်နိုင်ဆုံး ကြိုးစားဖို့အတွက် ရည်မှန်းထားတာတွေ တွေ့ရတယ်။ ကောင်းပါတယ်။ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကို ပြောသွားတာတော့ တော်တော်လေး ကောင်းတယ်လို့ မှတ်ချက်ပြုပါတယ်။ သူလည်း ကောင်းကောင်းမွန်မွန်လုပ်ဖို့ ရည်မှန်းချက်တွေရှိ တယ်။ ပြင်ဆင်ထားတာတွေရှိတယ် ဆိုတာမျိုးကိုတော့ သတိပြုမိပါတယ်။
TREND ။ ။ NSPNC ကော်မတီဥက္ကဋ္ဌအသစ် ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဒီတွေ့ ဆုံပွဲမှာ အဓိကဘာတွေ ပြောသွားလဲ။
SMYZL ။ ။ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ရှေ့ဆက်ဆောင်ရွက်သွားဖို့ဆိုတဲ့ အချက်တွေကို အဓိကထားပြောသွားပါတယ်။ နယ်စပ်ရေးရာ ဝန်ကြီးတစ်ပါး အနေနဲ့ကတော့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ တိုင်းရင်းသား လုပ်ငန်းတွေကိုလည်း အရင်ကလည်း လုပ်လာခဲ့တယ်။ အခုကတော့ NSPNC အလုပ်တွေကိုပါ လုပ်လာရတဲ့အခါမှာ သူက ပိုပြီးတော့မှ လုပ်ဖို့အတွက် ရည်မှန်းချက်တွေ ရှိတယ်၊ မျှော်လင့်ချက်တွေ ရှိတယ်ဆိုတဲ့ အချက်တွေကို ပြောသွားတာတွေ ရှိပါတယ်။ တခြားသော အားလုံးသောအချက်တွေကိုတော့ ပြောလို့ မရပါဘူး။
TREND ။ ။ NCA-EAO တွေဘက်ကရော ဘယ်အချက် ဘယ်အကြောင်းအရာတွေ တင်ပြကြလဲ။ သူတို့ကို ဘာတွေ Message ပေးခဲ့လဲ။
SMYZL ။ ။ ဆွေးနွေးချက်၊ တင်ပြချက်တွေကိုကြတော့ အားလုံးကို အလုံးစုံပြောပိုင်ခွင့်မရှိဘူး။ အကြမ်းဖျင်းလောက်ပဲ ပြောလို့ရပါတယ်။ အကြမ်းဖျင်းကတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုတော့ ဆက်လက်ပြီးတော့မှ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်ဆိုတဲ့ တင်ပြချက်တွေကို ဆွေးနွေးကြတာ ရှိပါတယ်။ပြီးလို့ရှိရင် ဒီတိုင်းပြည်ကြီးကို လက်ရှိအနေအထား သွားနေရုံနဲ့ကတော့ ဒီတိုင်းပြည် အေးချမ်းသာယာဖို့အတွက် ခက်ခဲတယ်ပေါ့လေ၊ အဲဒါတွေကို အများကြီး ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒီတိုင်းပြည်ကို တည်ငြိမ်အောင် လုပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးကို ဆက်လုပ်သွားဖို့ လိုတယ်။ ပါဝင်သင့်သူများ များစွာစားပွဲဝိုင်းပေါ်ရောက် ဖို့လိုတယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ ပြောဖြစ်ပါတယ်။ ဘယ်လိုပဲ တိုက်ပွဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးစားပွဲခုံပေါ်မှာ အားလုံးအဆုံး သတ်ကြတာပါပဲ။ အဲ့ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး ဆက်လက်ဖြစ်ပေါ်လာဖို့၊ တည်ငြိမ်အေးချမ်းဖို့ပေါ့လေ၊ အဲဒီအတွက် ကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးကြတာတွေ ရှိပါတယ်။ အမှန်ဆုံး၊ အပွင့်လင်းဆုံးပြောဖို့တော့ လိုအပ်လာပြီလို့ တော့မြင်တယ်။ အပွင့်လင်းဆုံး ပြောဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ ဆန္ဒတွေကို နိုင်ငံတော်အကြီးအကဲတွေ သိဖို့လိုသလို၊ ဒီတိုင်းပြည်အပေါ်မှာ တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်တွေ မြင်နေတဲ့အမြင် တွေကို အပွင့်လင်းဆုံး နိုင်ငံတော်အကြီးအကဲနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာမျိုး တင်ပြတာတွေ အများကြီးရှိပါတယ်။အဲဒီလို ပြောကြတဲ့အချိန်မှာ အဖွဲ့ကြီးငယ်မဟူပေါ့၊ နိုင်ငံတော်အတွက် အဓိကပြောမယ့် ပုဂ္ဂိုလ်တွေ၊ ပြီးလို့ရှိရင် စေတနာအမှန်နဲ့ပြောမယ့် ပုဂ္ဂိုလ်တွေ၊ ဥပမာ စေတနာ ရှိတယ်၊ မှန်တယ်၊ ဒါပေမဲ့ မပြောရဲကြဘူး၊ မဆိုရဲကြဘူးဆိုတဲ့ အနေအထားတွေကို ရှောင်လွဲပြီးတော့မှ ပြောရမယ်၊ အမုန်းခံပြီးတော့ ပြောရမယ်ဆိုတဲ့ အမြင်တွေလည်း အများကြီးရှိပါတယ်။ ဒီ့ထက် ပွင့်လင်း မြင်သာဖို့ လို အပ်တယ်။ ဟိုတုန်းက မျှော်မှန်းခဲ့ပါတယ်။ မျှော်မှန်းခဲ့ တယ်ဆိုတာက နိုင်ငံရေးပါတီက ခေါင်းဆောင်ကြီးတွေနဲ့တွေ့သလို တိုင်းပြည်အပေါ်မှာ စေတနာသန့်သန့်ရှိတဲ့ ခေါင်းဆောင်တွေကို ခေါ်ယူပြီးတော့မှ နိုင်ငံတော်အကြီး အကဲများနဲ့ တွေ့ဆုံဖို့ရှိရင် ကောင်းမယ်ဆိုတဲ့ မျှော်လင့်ချက် တွေလည်း ရှိခဲ့ကြပါတယ်။ သို့သော်လည်း အဲဒီလို မျိုးတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ NSPNC က တစ်ဆင့်တော့ ပြောသင့်တဲ့ အချက်လေးတွေကို တော်တော်ကို စုံစုံလင်လင်တော့ ပြောဖြစ်ခဲ့ကြတာရှိပါတယ်။ ဒီလိုတော့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ ဆွေးနွေးပွဲမှာ ဘာတွေပြောခဲ့တယ်၊ ကံသေကံမ ဆိုတာမျိုးကတော့ အတိအကျ ပြောပိုင်ခွင့်မရှိပါဘူး။
TREND ။ ။ ဥက္ကဋ္ဌအသစ် အပြောင်းအလဲဖြစ်လာတဲ့ NSPNC နဲ့ တွေ့ဆုံမှုအပေါ် အားရကျေနပ် မှုရှိခဲ့လား။
SMYZL ။ ။ နှစ်နာရီကျော်တဲ့ တွေ့ဆုံမှုကတော့ အားလုံးကျေနပ်တယ်လို့တော့ ဘယ်ပြောလို့ ရပါ့မလဲ။ ဒါပေမဲ့ တွေ့သင့်လို့တွေ့ကြတယ်။ ပြောသင့်တာကို ပြောကြတယ်။ ပြောသင့်တယ်ဆိုတဲ့ စကားတွေကတော့ တချို့ခေါင်းဆောင်တွေပေါ့၊ အားလုံးသော ခေါင်းဆောင်တွေလို့ မပြောငြားသော်လည်း တချို့သော ခေါင်းဆောင်တွေကတော့ နိုင်ငံတော်အကြီးအကဲဆီကို ရောက်ရမယ့်အရေးကြီးတဲ့ အချက် အလက်တွေကို ပြောပါတယ်။ ဒီလောက်ပဲ ပြောလို့ရပါတယ်။ ဘယ်လိုပြောခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောလို့မရပါဘူး။ အဓိက ကိုယ်တစ်ဦးတည်းအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီကာလကို တိုင်းပြည်ကိုချစ်တယ်၊ ပြည်သူပြည် သားတွေကို ချစ်တယ်ဆိုရင်တော့ အပွင့်လင်း ဆုံးပြောရမယ့် အချိန်ကတော့ ရောက်လာပြီ။ တိုင်းပြည်အပေါ်မှာ တကယ်စေတနာထားတယ်၊ မှန်ကန်တဲ့ အကြံပေးမှုတွေ လိုတယ်။ မှန်ကန်တဲ့ အကြံပေးမှုတွေရှိဖို့လိုတယ်။ မှန်ကန်တဲ့ အကြံပေးမှုဆိုတာကတော့ ပြောတဲ့သူကတော့ မှန်ကန်တယ်လို့ လက်ခံထားပေမယ့် တချို့ပုဂ္ဂိုလ်တွေက မမှန်ဘူးလုပ်နေတာတွေလည်း ရှိနေတယ်ပေါ့။ ဒါပေမဲ့ ဘက်ပေါင်းစုံကို သေချာနားထောင်ပြီးတော့မှ နိုင်ငံအတွက် ဆုံးဖြတ်ချက်ချရတဲ့ အချိန်၊ အဲဒီလို ပုံစံမျိုးကိုလည်း မြင်ပြီးတော့မှ အပွင့်လင်းဆုံး ပြောကြတာတွေလည်း ရှိပါတယ်။
TREND ။ ။ နိုင်ငံတော် အကြီးအကဲတွေဘက် က ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံက အသံတွေကို သေ ချာနားထောင်ပြီးတော့ နိုင်ငံအတွက် ဆုံးဖြတ်ချက်ချရ မယ့် အချိန်ရောက်ပြီလို့ ဆိုလိုတာလား။
SMYZL ။ ။ ကိုယ်တစ်ယောက်တည်း အနေနဲ့ကတော့ အဲဒီလိုမျိုးမြင်ပါတယ်။ စကားပေါင်းစုံလို့ ဆိုတာကတော့ ဘက်စုံပေါင်းစုံက စကားသံတွေကို အပြည့်အ၀ နားထောင်ဖို့လိုတယ်။ တိုင်းပြည်ကောင်းစားရေးအတွက် အဲဒီလိုမြင်ပါတယ်။ ပြီးလို့ရှိရင် ပြောလာကြတဲ့ အချိန်မှာ ပြောကြတဲ့၊ ဆိုကြတဲ့အချိန်မှာလည်း အာဃာတတွေ မထားဘဲနဲ့၊ ဒါကတော့ တိုင်းပြည်အပေါ်မှာ မှန်၏၊ မမှန်၏ စသည်အားဖြင့် အသေအချာ ခွဲခြမ်းစိပ်ဖြာဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒါကတော့ တိုင်းပြည်အပေါ်မှာ တကယ်စေတနာရှိတယ်၊ ပြည်ထောင်စုအပေါ်မှာ တကယ်စေတနာရှိတယ်ဆိုတဲ့ စဉ်းစားချက်တွေကတော့ အများနဲ့ပြောကြတဲ့အခါ ဖြတ်ရမှာပဲ ဖြစ်ပါတယ်။ ဥပမာ ခဏလေးတွေ့ဆုံလိုက်၊ အချိန်တိုတွင်းမှာ တွေ့ဆုံလိုက်ဆိုတာမျိုးထက် တကယ့်ကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
TREND ။ ။ NSPNC နဲ့ NCA-EAO တွေ့ ဆုံမှုတွေဟာ မြန်မာ့နိုင်ငံရေး အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် နေရာတစ်ခုလို့ ပြောလို့ရနိုင်လား၊ ဒါမှမဟုတ် ဘယ်လိုအခန်းကဏ္ဍမှာ ရှိနေလဲ။
SMYZL ။ ။ ကြားနေရာတစ်ခုလို့ ပြောလို့ရပါတယ်။ ကြားက နေရာတစ်ခုလို့ပဲ ပြောလို့ရပါ တယ်။ဆုံးဖြတ်ချက်ချဖို့က တိုင်းရင်းသားခေါင်းဆောင်တွေဆိုရင်လည်း ထိပ်ပိုင်းခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ချက်ချဖို့ ဖြစ်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေကပဲ ကိုယ့်ပါတီအတွက်၊ ကိုယ့်ပြည်အတွက် အဲဒီလိုပဲ ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။ အစိုးရပိုင်းဆိုရင်လည်း နိုင်ငံတော် အကြီးအကဲတွေကပဲ ဆုံးဖြတ် ချက်ချရမှာ ဖြစ်ပါတယ်။ NSPNC နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေမှာ ကြလို့ရှိရင် Decision Maker က ရောက်ဖို့ အရေးကြီးပါတယ်။ Decision Maker ပါတဲ့အဖွဲ့လည်း ရှိသလို မပါတဲ့အဖွဲ့လည်းရှိတယ်။ Decision ကို လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေက သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ကို ရောက်နေပြီ။ အဲဒီလိုပုဂ္ဂိုလ်တွေနဲ့ဆိုရင် နိုင်ငံတော် အကြီးအကဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ လိုတယ်။ အဲဒီလို တွေ့ကြတဲ့အခါမှာလည်း မိတ်ဆွေအရင်းဆန်ဆန် ဆွေးနွေးရမယ့် အခြေအနေကို ရောက်နေပြီလို့ မြင်ပါတယ်။
TREND ။ ။ ပါဝင်သင့်သူများ များစွာ စားပွဲဝိုင်းပေါ်ရောက်ဖို့၊ Decision လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ လမ်းစကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာသင့်လဲ။ ဘယ်လို အခင်းအကျင်းမျိုးနဲ့ စတင်သင့်လဲ။
SMYZL ။ ။ တစ်ခါတည်းမှာတော့ အားလုံးပါဝင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ စားပွဲဝိုင်းမှာ အားလုံးပါဝင်ရေးကို အမြဲတမ်း ပြောနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ထိုင်တည်းမှာ အားလုံးပါဝင်ဖို့ဆိုတာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပါဝင်သမျှကို ပါဝင်နိုင်အောင်တော့ ပြောကြရမယ်၊ ဆိုကြရမယ်။ အဲ့ဒီလို အခြေအနေလို့ မြင်ပါတယ်။ အဓိကကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ပုဂ္ဂိုလ်တွေပေါ့။ အုပ်စုလိုက်ဆွေးနွေးတာလည်း ဖြစ်နိုင်တယ်။ တစ်ဦးချင်းနဲ့ ဆွေးနွေးတာလည်း ဖြစ်နိုင်တယ်။ အုပ်စုနဲ့ရော တစ်ဦးချင်းဆီ နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဆုံတာလည်း ဖြစ်နိုင်တယ်။ ပါတီတစ်ခုနဲ့ တွေ့ဆုံတယ်ပေါ့။ ဘယ်လိုပဲ တွေ့ဆုံတွေ့ဆုံ၊ ဒီတွေ့ဆုံမှုသည် အပွင့်လင်းဆုံးဆွေးနွေး ရမယ့်အနေအထားကို ရောက်ပြီလို့မြင်ပါတယ်။
TREND ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ ပတ်သက်ပြီးတော့ ပြောလို့ရသလောက် ပြောပေးပါဦး။
SMYZL ။ ။ သွားရမယ်၊ အခက်အခဲကြားထဲက သွားရမယ်။ NSPNC ကော်မတီနဲ့လည်း ထပ်ပြီးတွေ့ဆုံဖို့လည်း ကြိုးပမ်းသွားဖို့ရှိပါတယ်။
TREND ။ ။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း ရေးကိစ္စနဲ့ပတ်သက်လို့ ဖြည့်စွက်ပြောကြားပေးပါဦး။
SMYZL ။ ။ ဒီကာလမှာ အပစ်အခတ်ရပ်စဲရေးပြောရင်တောင်မှ နားပူကြတဲ့သူတွေ အများကြီးရှိပါတယ်။ နားပူကြတယ်၊ နားမထောင်ချင်ကြဘူး။ ငြိမ်းချမ်းရေးစကားပြောကြတဲ့သူတွေကို ဆဲကြတယ်။ ဒါပေမဲ့ အဆဲခံရမှာပါ။ အမှန်တကယ် ငြိမ်းချမ်းချင်တယ်ဆိုရင် အဆဲခံရမယ်။ အပြောခံရမယ်။ ခံနိုင်ရည်လည်း ရှိရမှာပါ။ နောက်တစ်ချက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အိမ်နီးနားချင်းနိုင်ငံတွေကို စည်းရုံးတဲ့ အပိုင်း တစ်ခုရှိမယ်။ နောက်တစ်ခါ ပြည်သူတွေကို စည်းရုံးတဲ့ အပိုင်းတစ်ခုရှိမယ်။ အဲဒီလိုနေရာတွေ နှစ်ခုရှိတယ်။ ပြည်သူတွေကို ရင်ထဲရောက်အောင် စည်းရုံးလို့ရမယ်။နောက်တစ်ခါ ငြိမ်းချမ်းရေးရဲ့ အကောင်အထည်ဆောင်ရွက်မှု အနေအထားတွေကို အစိုးရက နိုင်ငံတကာကို ပြောပြနေတာတွေရှိတယ်။ အဲဒီလိုထဲမှာ NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ပါဝင်ပြီးတော့ Mission တွေ ဖော်ဆောင်သင့်ခြင်းဖြင့်လည်း နိုင်ငံအတွက် အကျိုးရှိနိုင်တယ်လို့မြင်တယ်။ အဲဒါက တစ်ခုပါ။ နောက်ပြီးလို့ရှိရင် ငြိမ်းချမ်းရေးဆိုတဲ့စကားကိုပြောတဲ့အခါ၊ အဲဒီစကားတွေက ပြည်သူတွေရဲ့ နားထဲမှာ ပြည်သူတွေရဲ့ ရင်ထဲမှာ ကျေကိုမကျေညက်သေးတာ။ ဘာကြောင့်လဲဆိုလို့ရှိရင် NLD အစိုးရလက်ထက်မှာ ပြည်သူနဲ့မပြောခဲ့ရဘူး။ ပြည်သူတွေနဲ့ပြောတဲ့ အခြေအနေတွေ တကယ့်ကို ပြည်သူတွေရဲ့ ရင်ထဲကိုရောက်အောင် ပြောဆိုနိုင်တဲ့အခြေ အနေမရှိခဲ့ဘူး။ အခု နစကအစိုးရ တက်လာပြီးတဲ့နောက်မှာလည်း အခွင့်အလမ်း လေးတွေတော့ရတယ်၊ ဒါပေမဲ့ အားလုံးကို ခြေဆန့်ဖို့အတွက်၊ ခြေဆန့်ပြီးတော့ သွားဖို့အတွက်ကလည်း အခြေအနေကမရဘူး။ တိုက်ပွဲတွေကလည်း ဖြစ်တယ်၊ မိုခါတွေလည်း ဖြစ်ခဲ့တယ်။ အဲဒီလိုပုံစံတွေ ဖြစ်ခဲ့တာပေါ့။ အခက်အခဲပေါင်းစုံက ဖြတ်သန်းနေရတာတွေရှိတယ်။ ဆိုလို့ရှိရင် အဓိကတိုင်း ပြည်ငြိမ်းချမ်းရေးဆိုတဲ့စကားနဲ့ ဒီလိုလမ်းကြောင်းနဲ့သွားရင် လက်နက်ကိုင်ပဋိပက္ခလည်း မလိုဘူး။ ပြည်သူတွေလည်း သေကျေပျက်စီးစရာ မလိုဘဲနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းလင်းလို့ ရတယ်ဆိုတဲ့ အနေအထားကို အစိုးရက ဘယ်လောက်အထိ ချပြနိုင်ပြီလဲ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်သူကို ဘယ်လောက်အထိချပြဖို့ အခွင့်အရေးတွေ ရခဲ့ပြီလဲ။ အဓိက စဉ်းစားဖို့လိုတယ်။ NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေကြားမှာပဲ ငြိမ်းချမ်းရေးစကားကို ပြောနေဖို့ မလုံလောက်ဘူး။ အဓိကက ပြည်သူတွေရဲ့ရင်ထဲမှာရှိလာအောင်၊ ပြည်သူတွေ ယုံ ကြည်လာအောင် ဘယ်လိုပြောရမလဲဆိုတာ အဓိကဖြစ်တယ်။ ဒီအချက်ကို လုံးဝမဆောင်ကြဉ်းနိုင်သေးဘူး။ ၂၀၁၅ ကနေ ဒီနေ့အထိ လုံး၀မဆောင်ကြဉ်းနိုင်သေးဘူး။ လောလောလတ်လတ် တွေ့ဆုံဆွေးနွေးမှု မရှိခဲ့ဖူးဘူး။ ပြောဖို့အချိန်က တအားနည်းခဲ့တယ်။ လုပ်ပိုင်ခွင့်လိုတယ်၊ အခွင့်အရေးလိုတယ်၊ အခွင့်အလမ်းလိုတယ်။ ဒါတွေက မတွေ့ခဲ့သေးဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ ဦးနှောက်နဲ့ ရင်ထဲရောက်အောင် ပြော နိုင်ဆိုနိုင်တဲ့အနေအထား၊ ကျေကျေညက်ညက်ဖြစ်တဲ့ အခြေအနေတစ်ခုကို မဖန်တီးနိုင်သေးဘူး။ အဲဒါက အခက်အခဲဆုံး အနေအထားမှာ ရှိနေတယ်။ ဆိုတော့ အဲဒါတွေကို ဖော်ဆောင်နိုင်တဲ့ အနေအထားတစ်ခု လုပ်လို့ရတယ်။ ဥပမာ ၂၀၀၈ ကို မကြိုက်ဘူးလို့ ပြောကြတဲ့သူတွေရှိတယ်၊ ၂၀၀၈ နဲ့ လုပ်လို့မရဘူးဆိုတဲ့ အနေအထားတွေရှိတယ်။ အပွင့်လင်းဆုံးပြောရရင် ၂၀၀၈ လို့ မပြောဘဲနဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတဲ့ အနေအထားတွေနဲ့လုပ်လို့ အများကြီးရှိတယ်။
လုပ်ချင်စိတ်ရှိတယ်ဆိုရင် အာဏာတည်သော ထုတ်ပြန်ချက်တွေ ထုတ်ပြီးတော့မှ အာဏာတည်သော အမိန့်တွေထုတ်ပြန်ပြီးတော့ လုပ်လို့ရတာတွေအများကြီးရှိပါတယ်။ ရှင်းရှင်းပြောရရင် ဒါတွေကိုလည်း ဆွေးနွေးဖြစ်တယ်။ ဒါပေမဲ့ ဒါတွေဒါတွေ ဆွေးနွေးဖြစ်တယ်လို့ ပြောပိုင်ခွင့်မရှိပါဘူး။ အနည်းအကျဉ်းလောက်ပဲ ပြောပြတာပါ။ အချိန်တိုအတွင်းမှာ တော်တော်ကို ပြတ်ပြတ်သားသား ဆွေးနွေးဖြစ်တာလေးတွေ ရှိပါတယ်။
TREND ။ ။ အားလုံးက တိုင်းပြည်အတွက် စိတ်ပူပန်မှုတွေရှိနေကြတဲ့ အချိန်ဆိုတော့ ဒီစိုးရိမ်ပူပန်မှုတွေ ပြေပျောက်ဖို့အတွက် ဘာများ ဖြည့်စွက်ပြောကြား လိုပါသလဲ။
SMYZL ။ ။ လက်ရှိ အခြေအနေကို နံပါတ်တစ် ငြိမ်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ ငြိမ်အောင် ကြိုး ပမ်းရမယ်။ မငြိမ်ဘဲနဲ့ လုပ်လို့မရနိုင်ဘူး။ လက်ရှိအနေ အထားကို ငြိမ်အောင်လုပ်ဖို့ လိုပါတယ်။ ငြိမ်အောင် လုပ်ဖို့အတွက်ဆိုရင် စဉ်းစားချက်တွေလာရပါမယ်။ ငြိမ်အောင် လုပ်မယ်ဆိုရင် ဘယ်လို လုပ်မှာလဲ၊ အဲဒီစဉ်းစား ချက်ကတော့ ဒီနားမှာ Question အနေနဲ့ပဲ ထားခဲ့ပါရစေဖို့ပဲ ပြောချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )