၂၀၂၅ ၊ မတ် ၅
NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ 7 EAO Alliance ၏ ဦးဆောင်မှု အစည်းအဝေးကျင်းပမှု အခြေအနေအပါအဝင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ အရပ်ရပ်တို့နှင့်ပတ်သက်၍ 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အထွေထွေ အတွင်းရေးမှူး ချုပ်ဗိုလ်မှူးကြီး စောကျော်ညွန့်အား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ကရင်ပြည်နယ်မှာ အထူးသဖြင့် တိုက်ပွဲပဋိပက္ခတွေမဖြစ်အောင်၊ မကူးစက်အောင် ထိန်းသိမ်းနေတဲ့ တပ်မဟာ(၇) နယ်မြေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ဖြစ်လာတာ ဘာကြောင့်လို့ သုံးသပ်မိလဲ။
SKN ။ ။ ဘယ်လိုကြောင့် ဒါတွေဖြစ်လာ ရလဲဆိုတဲ့ မေးခွန်းကောင်းပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီဆို တာရှိတယ်။ ဒါကလည်း ကြာပါပြီ။ ၂၀၁၃ ကတည်းကပေါ့။ ကျွန်တော်တို့ကော်မတီအနေနဲ့ ကရင်လက် နက်ကိုင်လေးဖွဲ့ စုပေါင်းထားတယ်။ KNU ၊ PC ၊ DKBA ၊ BGF တို့ ပါဝင်ဖွဲ့ထားတာ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၂၃ ဝန်းကျင်တုန်းက ကော်မတီမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေချိန်မှာ ကရင်ပြည်နယ်တစ်ခုလုံးက ကာကွယ်တားဆီးဖို့ဆိုတာ လက်လှမ်းမမီပေမယ့် ကျွန်တော်တို့ အတူတကွ ပူးပေါင်းနေထိုင်နေတဲ့ တပ်မဟာ (၇) ထဲမှာတော့ စစ်မီးမကူးစက်ရအောင် ဝိုင်းလုပ်ကြဖို့ အဲဒီလိုမျိုး သဘောတူညီခဲ့တာရှိတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကလည်း အခုမှမဟုတ်ပါဘူး။ သို့သော်လည်း တပ်မဟာ (၇) လို့ပြောတဲ့ ဒေသကတော့ သိပ်မကြာသေးဘူးပေါ့။ ကျွန်တော်တို့ ထိန်းသိမ်းတဲ့ကြားကပဲ တိုက်ပွဲတွေ ဖြစ်လာတာပေါ့။ ဒါကလည်း ဘာကြောင့် လဲလို့ မေးလို့ရှိရင်တော့ ရှင်းရှင်းလေးပါ။ နိုင်ငံမှာအခုဖြစ်နေတဲ့ တိုက်ပွဲပဋိပက္ခကို တပ်မဟာ(၇)တစ်ခုတည်း နဲ့ တားဆီးဖို့ဆိုတာ လက်တွေ့မကျပါဘူး၊ ရလည်း မရနိုင်ပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ကြားက ကော့ကရိတ် ဘက်မှာရော၊ ကျုံဒိုးဘက်မှာရော အာရှ လမ်းမတစ်လျှောက်ပေါ့လေ။ တိုက်ပွဲတွေက အားကောင်းလာတယ်။ အခုထိလည်း အားကောင်းနေတာ ဟုတ်တယ်။ တပ်မဟာ(၇)နယ်ထဲမှာ တိုက်ပွဲ အားကောင်းလာတယ်။ ဒါဘာကြောင့်လဲဆိုရင် လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ အရှိန်ကောင်းနေတဲ့အချိန်မှာ တပ်မဟာ(၇) သေးသေးလေး က တားဆီးနိုင်မှု မရှိခဲ့လို့ ဖြစ်လာရတယ်လို့ပဲ နားလည်ပါတယ်။

TREND ။ ။ နိုင်ငံရေး အခက်အခဲ အကျပ်အတည်းဖြစ်နေချိန်မှာ ငလျင်သဘာဝဘေးပါ ရင်ဆိုင်ကြုံတွေ့လာရတော့ ဒီအခြေအနေအပေါ် NCA EAO အဖွဲ့ တာဝန်ရှိသူအနေနဲ့ ပြည်သူလူထုကို ဘာများ ပြောကြားလိုပါလဲ။
SKN ။ ။ ကျွန်တော်တို့ နိုင်ငံမှာက လေးနှစ်ကျော်အကြာ လက်နက်ကိုင်ပဋိပက္ခကို ကြုံတွေ့ခဲ့ ရတယ်။ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေလည်း ကြီးကြီးမားမား ကြုံခဲ့ကြရပါတယ်။ အဲဒီကြားထဲမှာ မတ် ၂၈ ရက် ငလျင်ရိုက်ခတ်မှုကလည်း မထင်မှတ်တဲ့အချိန်မှာ ဘယ်လိုမှ မျှော်မှန်းလို့မရတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ က အချိန်လေးနှစ် ကျော်ကြာ လက်နက်ကိုင်ပဋိပက္ခရဲ့ ဆိုးကျိုးတွေကိုလည်း ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ အချိန်မှာ ငလျင်ဒဏ်ကြောင့်လည်းပဲ ဆိုးဆိုးရွားရွား ခံခဲ့ရ၊ ကြုံခဲ့ရတယ်။ လူသားတစ်ယောက်အနေနဲ့ ဆင်ခြင်တုံတရား ရှိနိုင်တာက လေးနှစ်ကျော် အကြာခံခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခဆိုတာက ကျွန်တော်တို့လုပ်တဲ့ ဘေးတွေပေါ့လေ။ ကျွန်တော်တို့ လူသားတွေကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဘေးအန္တရာယ်လို့ ပြောလို့ရမှာပေါ့။ သို့သော်လည်းပဲ ငလျင်ဘေးဆိုတာကတော့ သဘာဝဘေးဖြစ်တော့ ကျွန်တော်တို့ လွန်ဆန်လို့ မရဘူး။ ကျွန်တော်တို့ ဘယ်လိုမှ ထိန်းချုပ် ကာကွယ်လို့ မရဘူး။ ကြိုတင် သိရှိနိုင်စွမ်း၊ ကာကွယ်နိုင်စွမ်းလည်း မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ဘေးဆိုးကြီးနှစ်ခု တစ်ပြိုင် နက်တည်း ကြီးကြီးမားမား ခံစားရချိန်မှာ ကျွန်တော်တို့အနေနဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်သူတွေရဲ့ စိတ်ထဲမှာပေါ့၊ လူသားတွေကိုယ်တိုင် ဖန်တီးခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို လူသားတွေကိုယ်တိုင်က လျှော့ချချင်ရင် လျှော့ချလို့ရတယ်။ ရပ်တန့်ရင်လည်း ရပ်တန့်နိုင်တဲ့ အခွင့်အလမ်းကို အသုံးချပြီးတော့ ငလျင်ဒဏ် ဆိုးဆိုးရွားရွား ဖြစ်တဲ့အချိန်မှာ တစ်ပူပေါ်နှစ်ပူ မဆင့်အောင် လူတွေဖန်တီးတဲ့ လက်နက်ကိုင်ပဋိပက္ခ လျှော့ချဖို့ ကြိုးစားမှုတွေ ရှိလာနိုင်ပါတယ်။
TREND ။ ။ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ဖို့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ မြန်မာ့တပ်မတော်က အပစ်အခတ် ရပ်စဲခဲ့ရာကနေ ဧပြီ ၃၀ ရက်အထိ အပစ်ရပ်စဲခြင်း သက်တမ်းတိုးခဲ့ပါတယ်။ ဆန့်ကျင်ဘက်အဖွဲ့တွေ့လည်း အပစ်ရပ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်တချို့လည်း တွေ့ရပါတယ်။ ဒီအခြေအနေအပေါ် သုံးသပ်ပေးပါဦး။
SKN ။ ။ အပစ်ရပ်တယ်ဆိုတာ မင်္ဂလာရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီအပစ် အခတ်တွေကြောင့် ဒုက္ခရောက်ခဲ့ရတာတွေ အများကြီး ရှိနေတဲ့အချိန်မှာ အပစ်အခတ်ကို ရပ်တန့်လိုက် တာတို့၊ ရပ်ဆိုင်းလိုက်တာတို့က ယာယီပဲဖြစ်ဖြစ်၊ တစ်ဖက်သတ်ပဲရပ်ရပ် ရပ်တယ်ဆိုရင်တော့ ဒါကို ကြိုဆိုရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ အပစ်ရပ်တယ် ဆိုပေမယ့်လည်း လက်နက်ကိုင်ပဋိပက္ခက ရပ်တန့်သွားတာတို့ လျော့ကျသွားတာတို့ မတွေ့ရဘူး။ အပစ်ရပ်တယ် ဆိုပေမယ့် ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေသေးတာကတော့ စိတ်မကောင်း စရာပါ။ သူ့ဘက်ကိုယ့်ဘက် အကြောင်းပြချက်တွေကတော့ အမျိုးမျိုးရှိမှာပါ။ သို့သော် အဲဒီအပစ်အခတ်ရပ် တယ်ဆိုတဲ့ မိမိကိုယ်ကိုယ်မိမိ ကာကွယ်ခြင်းဆိုတဲ့ခေါင်း စဉ်အောက်မှာလည်းပဲ စစ်ဆိုတာ မတရားတာ မရှိပါဘူးဆိုတဲ့ လူကြီးသူမတွေရဲ့ ပြောစကားအရ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအတွက် ဒီပဋိပက္ခဒဏ်တွေကနေ သက်သာရာ သက်သာကြောင်း ကင်းလွတ်နိုင်ဖို့ မျှော်လင့်ချက်တွေကတော့ လောလောဆယ်မှာ အလှမ်းဝေးနေ တယ်လို့ပဲ သုံးသပ်မိပါတယ်။
TREND ။ ။ အပစ်ရပ်ကာလမှာ လက်နက်ကိုင် ပဋိပက္ခတချို့ ဖြစ်နေတဲ့ အခြေအနေကိုရော ဘယ်လို သုံးသပ်မိလဲ။
SKN ။ ။ အကြောင်းပြချက်တွေကတော့ ကိုယ်စီကိုယ်စီမှာရှိကြမှာပါ။ အဲဒီ အပစ်အခတ်ရပ်စဲ ရေးထုတ်ပြန်ကြေညာချက်ထဲမှာဆိုရင် မိမိကိုယ်ကိုယ် မိမိကာကွယ်ခြင်းမှအပ ဆိုတာကလည်း ခြွင်းချက်တစ်ခုအနေနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ မိမိကိုယ်ကိုယ်မိမိ ကာကွယ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အခြေအနေတွေကလည်း ပြောရဆိုရတာ အမျိုးမျိုး ရှိနိုင်တယ်။ သူ့ဘက်က ပြောတာနဲ့ ကိုယ့်ဘက်ကပြောတာ တူချင်မှလည်း တူမှာပါ။ သူ့အကြောင်းပြချက် ကိုယ့်အကြောင်း ပြချက်တွေကတော့ အမျိုးမျိုးရှိနေမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ အဲဒါတွေနဲ့ပဲ လိုချင်သလောက် ခရီးမရောက်တာပေါ့။ ကျွန်တော်တို့မျှော်မှန်းတဲ့ အဖြေရဖို့ကတော့ အများကြီး ကြိုးစားရဦးမယ်။ အား လုံးကတော့ နားလည်ပါတယ်။ ဒီအချိန်မှာ ငလျင်ဒဏ်ခံရလို့ ပြန်လည်တည်ထောင်ရေးတွေ၊ ကယ်ဆယ်ရေးတွေ အချိန်အကြာကြီး ကြိုးပမ်းလုပ်ဆောင်ရမယ့်အချိန်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဆိုတာကတော့ ရှိသင့်ရှိထိုက်တဲ့၊ အင်မတန်မှပဲ လိုအပ်တဲ့ အချက်အလက်တစ်ခု ဖြစ်တယ်။ သို့သော် တကယ်ပီပြင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဖြစ်ဖို့ ဆိုတာကတော့ နှစ်ဖက်ကြားမှာ နား လည်မှုတွေ မတူညီတဲ့ကြားမှာ အကြောင်းပြချက်တွေ အမျိုးမျိုးရှိနေတဲ့ ကြားမှာကတော့ အကျိုးသက် ရောက်မှု ကြီးကြီးမားမား ထိထိရောက်ရောက် ဖြစ်ဖို့က ခဲယဉ်းပါတယ်။ သို့သော်လည်းပဲ တကယ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပစ်ခတ်တိုက်ခိုက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကြားမှာ တကယ် ပကတိရှိနေတဲ့အကြောင်း တရားတွေက ဘယ်လိုရှိနိုင်မလဲဆိုတာကတော့ ကံသေကံမ ပြောဖို့ကတော့ ကျွန်တော့်အနေနဲ့ သုံးသပ်ပြောကြားဖို့ ခဲ့ယဉ်းပါတယ်။ လက်လှမ်းမီဖို့လည်း မလွယ်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ ရှုမြင်မှုအရကတော့ ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခ ကြီးမား ကျယ်ပြန့်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်ကလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိနေတဲ့အချိန် နားလည်မှုတွေ မတူညီတဲ့ ကာလတစ်ခုအောက်မှာ ဒီအခြေအနေကြီး ဆက်ရှိနေမယ်ဆိုတာကလည်း ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။
TREND ။ ။ ဒီအခြေအနေကနေ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆီကို သွားဖို့ဘယ်လိုကြိုးပမ်းကြမလဲ။
SKN ။ ။ သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ ဘောင်အခြေအနေကတော့ တစ်ခုနဲ့တစ်ခု တစ်ထပ်တည်း မကျနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ သဘာဝဘေးကြောင့် ကြီးကြီး မားမားဒုက္ခရောက်နေတဲ့အချိန်မှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို ရှေးရှုပြီးတော့ ကယ်ဆယ်ရေး လုပ်ဖို့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ပြန်လည်ကုစားရေးလုပ်ဖို့အတွက် အပစ်ရပ်တယ်ဆိုတာကတော့ လက်ရှိ ငလျင်ဘေးဒုက္ခကို ကုစားနိုင်ဖို့ ဆောင်ရွက်မှုတစ်ခုပဲဖြစ်တယ်။ နောက်တစ်ချက်က ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ ပြောလိုက်မယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးလို့ပဲ နားလည်ရမှာပါ။ ကျွန်တော်တို့ ဒေသတစ်ခု ငြိမ်းချမ်းရေး၊ လူမျိုးတစ်မျိုး ငြိမ်းချမ်းရေးဆိုပြီး ကြိုးပမ်းမယ်ဆိုရင် ဒါက ကျွန်တော် တို့နိုင်ငံအတွက် လက်တွေ့မကျပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးလို့ ပြောမယ်ဆိုရင်လည်း ပြည် ထောင်စုငြိမ်းချမ်းရေးကို ဟန့်တားနှောင့်ယှက်နေတာက နိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပါတယ်။ ဒီနိုင်ငံရေးပဋိပက္ခကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာမှသာလျှင် ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ ကျွန်တော် တို့လိုလားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ အခုက မမျှော်လင့်ဘဲနဲ့ သဘာဝဘေးဒဏ်သင့်ခဲ့ရတယ်။ ဒီသဘာဝဘေးဒဏ်ကနေ ပြည်သူတွေ အမှန်တကယ် လိုအပ်နေတဲ့ ကယ်ဆယ်ရေးတို့၊ လူသားချင်းစာနာမှု အကူအညီဖြန့်ဝေရေးတို့ စသည်ဖြင့်ပေါ့။ အဲဒီကူညီဆောင်ရွက်မှုတွေကနေ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ယုံကြည်မှုတစ်စုံတစ်ရာ ဖြစ်လာတာနဲ့အမျှ အချိန်ယူပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ဖို့ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ အပေးအယူလုပ်ရမယ့် ကိစ္စရပ်တွေအတွက် ဒါလည်း အခြေခံကောင်း တစ်ခုအနေနဲ့ ယူဆ မယ်ဆိုရင် ယူဆလို့ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်ရပ်ရုံလောက်နဲ့ပဲ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အမှန်တကယ်လို အပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ကတော့ အခက်အခဲရှိမှာပါ။ ဒီငြိမ်းချမ်းရေး မရရှိခြင်း အကြောင်းတရားကလည်း နိုင်ငံရေးပြဿနာ ကြောင့်ဆိုတာ အားလုံးလက်ခံပြီးသားပဲလေ။ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူး၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းနဲ့ပဲ အဖြေရှာရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အကုန်လုံး နား လည်မှုရှိပြီးသား အခြေခံကောင်းတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ကာ အပစ်ရပ်တယ်ဆိုတာတောင် တကယ်စစ်မှန်တဲ့ အပစ်ရပ်မှုမျိုး လိုအပ်တယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် ပြည်သူလူထုအ တွက် ရှေးရှုတဲ့ အပစ်ရပ်မှုမျိုးကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ သူ့အကြောင်းပြ ချက်၊ ကိုယ့်အကြောင်းပြချက်နဲ့ အပစ်ရပ်တော့ အပစ်ရပ်ပါရဲ့ နေ့စဉ်ရက်ဆက် ပြည်သူတွေရဲ့ သေကျေ ပျက်စီးမီးလောင်ဆုံးရှုံးမှုတွေ ဆက်ရှိနေဦးမယ် ဆိုရင်လည်း ကျွန်တော်တို့ နောက်ထပ်တစ်ခု တက်လှမ်းမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကလည်း အဟန့်အတားတွေ ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စစ်မှန်တဲ့ အပစ်ရပ်ရေးကို ကြိုးပမ်းလုပ်ရမယ်။ အဲဒီအပစ်ရပ်ပြီးတဲ့ နောက်မှာဆိုရင် ဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တဲ့၊ လက်တွေ့ကျတဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုပေါ့။ ကျွန်တော်တို့ အခေါ်အရကတော့ သက်ဆိုင်သူများ အားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပေါ့ဗျာ။ အဲဒါကို အခက်အခဲတွေ၊ အမြင်မတူမှုတွေ၊ အာသီသပြင်းပြမှုတွေ အမျိုးမျိုး ရှိနေတဲ့ကြားက ဖန်တီးနိုင်အောင်တော့ ကြိုးပမ်းဆောင်ရွက်ရမှာပါ။
TREND ။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ NCA EAO အဖွဲ့တွေအနေနဲ့ နိုင်ငံတော်မှာ အခု လို သဘာဝဘေး အခက်အခဲဖြစ်နေချိန်မှာ ဘယ်လိုမျိုး ပူးပေါင်းပါဝင်ပေးသင့်လဲ။
SKN ။ ။ ဒါကလည်း ကျွန်တော်တို့အတွက် လိုအပ်တဲ့မေးခွန်းပါ။ အဲဒီမှာ ပြန်ပြောဖို့ သတိရတာက ပြီးခဲ့တဲ့ မတ်လအတွင်းက Peace Talk 2025 ငြိမ်းချမ်းရေးစကားဝိုင်းကို နေပြည်တော်မှာ လုပ်ခဲ့ကြတာရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ကို ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေ၊ ပြစ်တင်ရှုတ်ချမှုတွေ အမျိုးမျိုးရှိတဲ့ ကြားကနေ ရှိတဲ့အင်အားစုတွေနဲ့ သုံးရက်တာ လုပ်ခဲ့တယ်။ စစ်ရေးဘောင် ကျယ်ပြန့်နေချိန်၊ နိုင်ငံရေး ဘောင် ကျဉ်းမြောင်းနေချိန်မှာ ဒါကလည်းပဲ အားပြုစရာတစ်ခုအနေနဲ့ အားခဲထားတာပေါ့။ သို့သော်လည်းပဲ ဒီစကားဝိုင်းအပြီးမှာ သဘာဝဘေးက ကြုံလာတော့ Peace Talk 2025 မှာ စုစည်းထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေ စုဖွဲ့ဆောင်ရွက်ရမယ့် အရာတွေက အဟန့်အတားတစ်ခု ဖြစ်ခဲ့တာပေါ့။ လောလောဆယ်မှာ ငြိမ်းချမ်းရေးကိစ္စတို့၊ ဘာတို့ထက် ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ စဉ်းစားလုပ်ကိုင်နေရတယ်ဆိုတာလည်း အားလုံးအသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားဝိုင်းကနေ အစပျိုးမှု တစ်ခုအနေနဲ့ ကျွန်တော်တို့ မိုင်ထောင်ချီသွားမယ့်ခရီးအတွက် ပထမဆုံး အစပြုတဲ့ ခြေလှမ်းကောင်း တစ်ခု ဖြစ်နိုင်အောင် ကျွန်တော်တို့ အားလုံး ထိန်းသိမ်းပြီးတော့ ဆက်သွားဖို့ ရှိတယ်။ သို့သော်လည်း NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရှိတယ်။ ၁၀ ဖွဲ့ထဲမှာ လက်ရှိအစိုးရနဲ့ ထိတွေ့ဆက်ဆံနေတာက ငါးဖွဲ့ပဲရှိသေးတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ကျန်တဲ့အဖွဲ့တွေက သူ့ရဲ့ ပထဝီအနေအထား၊ သူ့အဖွဲ့အစည်းရဲ့ အခြေအနေတွေအရပေါ့ မတတ်နိုင်ခဲ့ကြဘူး ပေါ့။ ဒီလိုအစိုးရနဲ့ ထိတွေ့မဆက်ဆံနိုင်သေးတဲ့ အဖွဲ့တွေကလည်း တော်တော်များများ ရှိနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ 7 EAO Alliance ဆိုတဲ့ စုဖွဲ့မှုအောက်မှာ ရှေ့ဆက်ပြီး ဒီအခင်းအကျင်း အပေါ်မှာ ဘယ်လိုသွားသင့်လဲဆိုတာကို လာမယ့် ဧပြီ ၂၉၊ ၃၀ မှာ ဦးဆောင်မှုအစည်းအဝေး ခေါ်ထားမှုရှိတယ်။ ကျွန်တော်တို့အနေနဲ့ မကြုံစဖူး သဘာဝဘေးအန္တရာယ်နဲ့ ဒီလောက်အထိ သေကျေပျက်စီး ပေးဆပ်ရမှုတွေ ရှိနေချိန်မှာ ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို တဖြည်းဖြည်းချင်း လျှော့ချသွားနိုင်အောင် စဉ်းစားတွေးခေါ်မှုတွေရှိတယ်။ သက်ဆိုင်ရာ Stakeholders တွေနဲ့ တွေ့တဲ့အခါမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာနဲ့တွေ့တဲ့အခါမှာပဲဖြစ်ဖြစ် ဒီအချက်ကို အလေးထားပြီးတော့ ပြောဆိုဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အခု ၂၉ ၊ ၃၀ မှာလုပ်မယ့် ဦးဆောင်မှုအစည်းအဝေးဆို တာကလည်း 7 EAO Alliance စုဖွဲ့မှုမှာ ဒုတိယအမြင့် ဆုံးဖြစ်တဲ့ ဦးဆောင်မှု အဖွဲ့ရဲ့ အစည်းအဝေးဖြစ်တယ်။ သုံးလတစ်ကြိမ် ပုံမှန် ကျင်းပတယ်။ လာမယ့်ကျင်းပမယ့် အကြိမ်ကတော့ လေးကြိမ်မြောက်ပါ။ အဓိကကတော့ ဒီသုံးလတာအတွင်းမှာ ဖြစ်ပေါ် ပြောင်းလဲတိုးတက်နေတဲ့ နိုင်ငံမှာလည်း လက်ရှိနိုင်ငံရေး အခက်အခဲအခြေအနေတွေ စစ်ရေးအခြေအနေတွေကို အပြန်အလှန်သုံးသပ်ပြီးတော့ ရှေ့ဆက်ပြီး ကျွန်တော်တို့သွားမယ့် လုပ်ငန်းစဉ်တွေ၊ ကျွန်တော်တို့သွားမယ့် ဆွေးနွေးပွဲကိစ္စရပ်တွေအတွက် ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေ၊ ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်တွေကို ဆွေးနွေးဖို့ အဓိကရည်ရွယ်ချက်နဲ့ ကျင်းပမှာပါ။ ပြီးတော့ စောစောကပြောတဲ့ သဘာဝဘေးနဲ့ EAO တွေရဲ့ အခန်းကဏ္ဍကိစ္စပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့က ပထဝီ ဝင်အနေအထား မတူညီကြဘူး။ သူ့ရဲ့သမိုင်းနောက်ခံလည်း မတူညီကြဘူး။ ကျွန်တော်တို့ 7 EAO Alliance ထဲမှာရှိနေတဲ့ အဖွဲ့တွေ ကြားထဲမှာလည်းပဲ အားလုံးတစ်ထပ်တည်း မကျနိုင်ဘူးပေါ့။ သူ့အခြေ အနေနဲ့ သူ့ရဲ့ နောက်ခံသမိုင်းကြောင်း အမျိုးမျိုးရှိနေတဲ့ အခြေအနေမှာ ဒီလိုမျိုး သဘာဝဘေးအပေါ်မှာလည်း အိပ်ပျော်နေကြတာတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီရဲ့ ခြေတံလက်တံ အပေါ်မှာသော် လည်းကောင်း၊ တစ်ဖွဲ့ချင်းစီရဲ့ လုပ်နိုင်စွမ်း၊ ကိုင်နိုင်စွမ်းအပေါ်မှာသော်လည်း ကောင်း၊ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ သော်လည်းကောင်း ဆောင်ရွက်ဖို့ရှိတယ်။ ဆောင်ရွက်လည်း ဆောင်ရွက်ခဲ့ပါတယ်။ တချို့အဖွဲ့တွေဆိုရင်လည်း လုပ်နေဆဲ၊ ကူညီနေဆဲ အခြေအနေရှိပါတယ်။ သို့သော် အဲဒီလိုမျိုး လုပ်ဆောင်မှုတွေသည် 7 EAO Alliance ဆိုတဲ့ ခေါင်းစဉ်အောက်က မဟုတ်ဘူး၊ တစ်ဖွဲ့ချင်းစီမှာ ရှိနေတဲ့ လုပ်နိုင်စွမ်း၊ ကိုင်နိုင်စွမ်း ခြေတံလက်တံအပေါ်မှာ တစ်ဖွဲ့ချင်းစီ အစီအ စဉ်အနေနဲ့ပဲ အလျဉ်းသင့်သလို ကူညီပံ့ပိုးမှုတွေ လုပ်နေတာတွေ ရှိနေပါတယ်။
TREND ။ ။ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ပြဿနာတွေရှိနေတဲ့ အခြေအနေမှာ ပဋိပက္ခလျှော့ချရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်တဲ့အခါ ကြုံတွေ့လာနိုင်မယ့် စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ။
SKN ။ ။ ငြိမ်းချမ်းရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးဖို့ စကားပြောဖို့ဆိုတာကတော့ အမှန်တကယ်လို အပ်ပါတယ်။ သဘာဝဘေးဖြစ်ဖြစ် မဖြစ်ဖြစ်၊ ငလျင်ဖြစ်ဖြစ် မဖြစ်ဖြစ် လက်နက်ကိုင်ပဋိပက္ခ လျှော့ချနိုင်ဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းက မရှိမဖြစ် လိုအပ်နေ ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့တစ်တွေက လက်ခံထားပြီးသား၊ နားလည်မှုထားပြီး သားဖြစ်တယ်။ စစ်ရေးဆိုတာ နိုင်ငံရေးအချက်ပဲလေ။အခု ပစ်ခတ်တိုက်ခိုက်နေတဲ့ အဖွဲ့တွေဆိုတာကလည်း နိုင်ငံရေးစကားပြောဖို့အတွက်ပဲ သူတို့ရဲ့ပကတိအခြေအနေအရ လှုပ်ရှားနေကြတာလို့ နားလည်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးနည်းနဲ့ပဲ ဖြေရှင်း ရမယ်ဆိုတာကို ဘယ်သူမှ ငြင်းဆန်ဖူးတယ်လို့ ကျွန်တော်မကြားမိဘူး။ ဆိုတော့ အခုဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို တွေ့ဆုံဆွေး နွေးရေးနည်းနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့နေရာမှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာက အခုမှမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိပြီးသားပဲ။ ငလျင်ဖြစ်လာတော့ ပိုပြီးတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဖြစ်လာတာပေါ့။ အခက်အခဲ တွေ၊ စိန်ခေါ်မှုတွေကတော့ အမျိုးမျိုးရှိမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ကလည်း မတူညီတဲ့ သမိုင်းနောက်ခံ၊ မတူညီတဲ့ ပထဝီဝင်အနေအထား အမျိုးမျိုးရှိနေသလို အခက်အခဲ တွေကလည်း အမျိုးမျိုးရှိမှာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေအနေနဲ့ကလည်း မတူညီတဲ့သမိုင်းနောက်ခံ၊ မတူညီတဲ့ ပထဝီဝင်အနေအထား အမျိုးမျိုးရှိနေသလို အခက် အခဲတွေကလည်း အမျိုးမျိုးရှိမှာပါ။ ပိုပြီး ခက်ခဲတာက အခုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခပေါ့။ ကျွန်တော်တို့ အရင်တုန်းက မရှိခဲ့ပါဘူး။ ဒီလိုမျိုး ပြည်သူလူထုတွေရဲ့ကြားမှာ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခကတော့ ကြီးမားကျယ်ပြန့်တယ်ပေါ့။ ဒါကြောင့်မို့လို့ လက်နက်ကိုင်ပဋိပက္ခလို့ ပြောရမယ်ဆိုရင် ဒီကာလမှာကတော့ အကြီးမားဆုံး၊ အနက်ရှိုင်းဆုံး အခက်အခဲစိန်ခေါ်မှု အများဆုံးလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင် ပဋိပက္ခအခက်အခဲ စိန်ခေါ်မှုတွေ ကြီးကြီးမားမားရှိနေ တဲ့အချိန်မှာ သဘာဝဘေး ဖြစ်လာတဲ့ အခါကျတော့ ဒါတွေကလည်း တစ်ပူပေါ် နှစ်ပူဆင့်ပေါ့ဗျာ။ သို့သော်လည်း နှစ်ခုလုံးကို လုပ်ရမှာပါ။ လက်နက်ကိုင်ပဋိပက္ခ လျော့ကျရေး၊ ဖြေရှင်းရေးလုပ်ရမှာ ဖြစ်သလို သဘာဝဘေးကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက်ကိုလည်းပဲ ပြိုင်တူလုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအချိန်မှာ သက်ဆိုင်သူ အားလုံးကြားမှာ ပြည်သူကို မျက်နှာမူပြီးတော့ ပြည်သူတွေ တကယ်ခံစားနေရတဲ့ ပဋိပက္ခနှစ်ခုပေါ့။ သဘာဝဘေး ပဋိပက္ခကို ခံစားနေရတဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးခဲ့တဲ့လူလုပ်ပဋိပက္ခကို လျှော့ချနိုင်အောင် ကြိုးပမ်းသင့်တယ်။ အဲဒီလို ကြိုးပမ်းမှုတွေကလည်း အရင်ကထက် ပိုပြီး အားကောင်းလာနိုင်တယ်လို့လည်း မြင်မိပါတယ်။
TREND ။ ။ သဘာဝဘေးကြား၊ အကျပ်အတည်းကြားကနေ နိုင်ငံရေးအရတွေ့ဆုံမှုတွေဖြစ်လာဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းကြမလဲ ဖြည့်စွက်ပြောကြားပေးပါဦး။
SKN ။ ။ ဒါကလည်း ကျွန်တော်တို့အတွက် ခက်ခဲတယ်ဆိုပေမယ့်လည်း အင်မတန်အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ ရိုးရိုးသားသား နားလည်မှုအရဆိုရင်တော့ လက်ရှိ နိုင်ငံတော်ရဲ့ အရေးအရာအားလုံးကို တာဝန်ယူနေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအနေနဲ့က ကျွန်တော်တို့နိုင်ငံမှာ ပကတိရှိနေတဲ့ အရှိတရားကို လက်ခံပြီးတော့ အခုလိုမျိုး ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ လျှော့ချနိုင်ဖို့အတွက် ခါတိုင်းလုပ်ဆောင်တာထက် ပိုပြီးတော့ အားစိုက်ထုတ်ပြီး လုပ်ဆောင်သင့်တယ်လို့ နားလည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအချိန်မှာက အားလုံးသိတဲ့အတိုင်းပဲ၊ လေးနှစ်ကျော်ကြာ ကာလအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေက တော်တော်လေးကို နက်ရှိုင်းပါတယ်။ တော် တော်လေးကို ကြီးမားကျယ်ပြန့်ပါတယ်။ တော်တော်လေးကို ထဲထဲဝင် ဝင်ရှိနေတဲ့ အကျပ်အတည်း တစ်ခုအောက်မှာ ကျွန်တော်တို့လို သာမန်ပုဂ္ဂိုလ်တွေ ဦးဆောင်ဦးရွက်ပြုတာထက် လက်ရှိမြန်မာနိုင်ငံရဲ့ ကိစ္စရပ်တွေကို တာဝန်ယူနေတဲ့ အဖွဲ့အစည်းတွေ ၊ ပုဂ္ဂိုလ်တွေအနေနဲ့က တခြားသော အင်အားစုတွေ၊ တခြားသော အဖွဲ့အစည်းတွေထက် ပိုပြီးတော့ သည်းခံနိုင်စွမ်းရှိအောင် ဆောင်ရွက်မယ်။ တခြားသောအဖွဲ့အစည်းတွေရဲ့ အမြော်အမြင် ကြီးကြီးမားမားနဲ့ သဘောထားကြီးကြီးနဲ့ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းမယ်ဆိုရင်လည်းပဲ ကျွန်တော်တို့အတွက် ထွက်ပေါက်လမ်းတစ်ခု ရနိုင်မယ်လို့ မြင်ပါတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကတော့ ငြိမ်းချမ်းရေးတံခါးသော့ ဖွင့်ထားပါရက် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားရုံလေးနဲ့ မဝင်လာသေးဘူးဆိုရင် ငြိမ်းချမ်းရေးတံခါးထဲကို ဝင်လာသင့် ဝင်လာထိုက်တဲ့ သူတွေ ကိုလည်းပဲ သူတို့ဝင်လာချင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို နည်းနည်းလေးအား စိုက်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် ပိုပြီးထိရောက်မယ်၊ ပိုပြီး လက်တွေ့ကျမယ်လို့ မြင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံမှာ မကြုံစဖူး ဖြစ်ပေါ်နေတဲ့ ဒီပဋိပက္ခတွေ ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်လုပ်တာက တစ်ပိုင်းပေါ့၊ နိုင်ငံတကာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လည်းပဲ မျက်ကွယ်ပြုလို့ မရဘူးလို့ နားလည်မိပါတယ်။ ဒါကြောင့် နိုင်ငံတကာ တွေရဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ လိုက်လျောညီထွေတဲ့ ပံ့ပိုးကူညီမှုတွေ ရရှိအောင်လည်း၊ ငြိမ်းချမ်း ရေးကိုရှေးရှုတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် လက်ရှိဦးဆောင်နေတဲ့ နိုင်ငံတော် အစိုးရအနေနဲ့က အရင်ကထက် ပိုပြီးတော့ စွမ်းဆောင်မှုတွေကို ပိုပြီး လုပ်သင့်တယ်၊ ပိုပြီးတော့ လုပ်နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။
TREND ။ ။အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )