၂၀၂၅ မတ် ၂၂
ယနေ့ခေတ်ကာလသည် လူမှုကွန်ရက် မီဒီယာကို လက်နက်သဖွယ် အသုံးချလာသည့် ကာလဟုဆို ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ပြည့်နှစ် အရပ်သားအစိုးရ ပေါ်ပေါက်လာကာ လက်ကိုင်ဖုန်း ဆင်းကတ်ဈေးနှုန်းများ ပေါပေါသီသီ ဖြစ်လာပြီး လူတိုင်းကိုယ်စီ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းမျိုးစုံနှင့် စတင်ထိတွေ့လာခဲ့ရသည်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူမှုကွန်ရက်မီဒီယာသုံးစွဲမှုမှာ သာမန်သုံးစွဲမှု အနေအထားဟုသာ သုံးသပ်နိုင်ပြီး လူမှုကွန်ရက် အရောင်အဆင်းကင်းသော ကာလဟု သတ်မှတ်ရ မည်ဖြစ်သည်။ လူမှုကွန်ရက်ဟုဆိုရာတွင် မြန်မာနိုင်ငံတွင် ထိုခေတ်ကာလမှ ယနေ့ချိန်ထိ လွှမ်းမိုးမှုအားကောင်းနေသော လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုအဖြစ် ဖေ့စ်ဘုတ်က ရပ်တည်နေသည်။ လူမှုကွန်ရက်များကို စတင် အသုံးပြုလာပြီး ငါးနှစ်ခန့်အကြာ ၂၀၁၅ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအနေနှင့် ဖေ့စ်ဘုတ်သုံးစွဲမှုကို ယဉ်ပါးလာခဲ့သည်။ ယင်းလူမှုကွန်ရက်ကို အသုံးပြုပြီး စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်အသီးသီးမှ လူသိများသော ဖေ့စ်ဘုတ်အသုံးပြုသူများ ပေါ်ထွက်လာခဲ့ကြသည်။ သတင်းမီဒီယာများကလည်း လူမှုကွန်ရက် ပလက်ဖောင်းကို အသုံးချလာပြီး လူထုအကြား သတင်းထိုးဖောက်မှုကို လျင်လျင်မြန်မြန် ဆောင်ရွက်လာခဲ့ကြသည်။ လူမှုကွန်ရက်၏ ကောင်းကျိုးအဖြစ် အများပြည်သူ၏ သတင်း သိပိုင်ခွင့် အားကောင်းလာခဲ့သလို တစ်ဖက်တွင်လည်း လူမှုကွန်ရက်၏ ဆိုးကျိုးများကို စတင်ခံစားလာခဲ့ရသည်။
၂၀၁၅ မှ စတင်ကာ အစိုးရတာဝန်ယူခဲ့သော အဖွဲ့အစည်းကလည်း ၎င်းင်းတို့ကို ထောက်ခံအားပေးဝန်းရံကြသူတို့၏ လူမှုကွန်ရက်အသုံးပြုမှုကို ထောက်ခံ အားပေးခဲ့ကြသည်။ အကျိုးဆက်အဖြစ် ယင်းအစိုးရ၏ လော်ဘီများ ပေါ်ထွက်လာခဲ့ကြပြီး ဘုန်းတော်ဘွဲ့ ဝါဒမှိုင်းတိုက်သူများ နေရာရလာခဲ့ကြသည်။ တစ်စတစ်စ လူမှုကွန်ရက်ကို လက်နက်တစ်ခုသဖွယ် အသုံးချလာခဲ့ကြပြီး အရောင်အသွေးစုံ၊ ပါတီစုံနိုင်ငံရေးတွင် အာဏာရပါတီ ပိုမိုအားကောင်းလာရေး လူမှုကွန်ရက်နိုင်ငံရေး သမားတို့က စွမ်းဆောင်လာခဲ့ကြသည်။ ယင်းကာလ အာဏာရ အဖွဲ့အစည်း ကိုယ်တိုင်ကလည်း လူမှုကွန်ရက် အသာစီးရယူရန်အတွက် အစိုးရ အသုံးစရိတ်များကိုပင် ထုတ်နုတ် သုံးစွဲခြယ်လှယ်ခဲ့ကြသည်က ထင်ရှားသော လုပ်ရပ်များ ဖြစ်သည်။ ယင်းနောက် ၂၀၂၀ ရွေး ကောက်ပွဲမတိုင်မီကာလ လူမှုကွန်ရက် ဖေ့စ်ဘုတ်အသုံး ပြုမှုက အပြောင်းအလဲ ဖြစ်လာသည်။ အာဏာရအဖွဲ့အစည်းကို ထောက်ခံအားပေးသော လော်ဘီအကောင့်များ အင်အားကြီးလာသလို နိုင်ငံအုပ်ချုပ်သူများကလည်း နိုင်ငံရေးကျော်ကြားမှုနှင့် လူမှုကွန်ရက်သြဇာကို အသုံးချလာကြသည်။ တစ်ဖက်တွင်လည်း အခြားပါတီထောက် ခံသူတို့၏ လူမှုကွန်ရက်အကောင့်များ၊ သတင်းမီဒီယာတို့၏ လူမှုကွန်ရက် အကောင့်များကို သိသာစွာ ထိန်းချုပ်လာခဲ့သည်။ ထိုဖြစ်စဉ်ကလည်း အာဏာရအဖွဲ့ အစည်း၏ ဖေ့စ်ဘုတ်အပေါ် ကန့်သတ်ရန် အသုံးပြုထား သော ငွေကြေးများ၏ အစွမ်းအစများ ဖြစ်သည်။ အခြား ပါတီထောက်ခံသူများ၊ အစိုးရကို ဝေဖန် ထောက်ပြသူများနှင့် သတင်းမီဒီယာအချို့ လူမှုကွန်ရက်အသုံးပြုမှုပိတ် ပင်ခြင်း၊ လူမှုကွန်ရက်အကောင့်များကို ဖျက်သိမ်းခြင်း များပြုလုပ်ကာ အာဏာရအဖွဲ့အစည်းကို ထောက်ခံသူများ၊ ထောက်ခံအားပေးသည့် မီဒီယာများ ပိုမိုနေရရေး ကြိုးပမ်းခဲ့ကြသည်။ နိုင်ငံ အုပ်ချုပ်ခဲ့သူ ကိုယ်တိုင်က လည်း ရွေးကောက်ပွဲကြိုကာလတွင် လူမှုကွန်ရက်ကို အသုံးချကာ အာဏာဆက်လက်တည်မြဲရေး ကြိုးပမ်းခဲ့သည်။ ထိုကာလကို လူမှုကွန်ရက် ဒီမိုကရေစီဆိတ် သုဉ်းသွားခဲ့သည့် ကာလဟုဆိုရမည် ဖြစ်သည်။
၂၀၂၀ နောက်ပိုင်း လူမှုကွန်ရက်ဖေ့စ်ဘုတ်၏ တစ်ဖက်သတ်ဆန်မှုများက ပိုမို ဆိုးရွားလာခဲ့သည်။ နိုင်ငံရေး အလှည့်အပြောင်းများဖြစ်ပေါ်လာပြီး တပ်မတော်က နိုင်ငံတော်တာဝန်ရယူချိန်တွင် လူမှုကွန်ရက်အသာစီး ရယူထားသူတို့က နိုင်ငံတော် မတည်မငြိမ် ဖြစ်စေရေး လူမှုကွန်ရက်အားကို ရယူကာ အသုံးချ ဆောင်ရွက်ခဲ့ကြသည်။ ပြည်သူလူထုကို သွေးထိုးမြှောက်ပင့်ရန်နှင့် နိုင်ငံတော် အလုံးစုံ ပျက်သုဉ်းရေးအထိ အကြံဖြင့် လူမှုကွန်ရက်ကို အားကောင်းစွာ အသုံးချခဲ့ကြသည်။ နိုင်ငံရေးအရ လူသိများသူတို့ကလည်း လူမှုကွန်ရက်ပေါ်မှနေ၍ ပြည်သူများ လမ်းပေါ်ထွက်ရေး မြှောက်ပင့်ပေးခဲ့သလို ပြည်သူများနှင့်အတူ ပြည်တွင်း၌ပင် ရှိနေသယောင် လူမှုကွန်ရက်မှတစ်ဆင့် လှည့်စားခဲ့ကြသည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ် မဲသမာမှုကို အချက်အလက်များဖြင့် နိုင်ငံရေးနည်း လမ်းအရ ဖြေရှင်းရမည့်အစား လူအုပ်ကြီး ဖြင့်သာ ဖြေရှင်းတတ်သော နိုင်ငံရေး ဉာဏ်ရည်ဉာဏ် သွေးဖြင့် လူထုကို လမ်းပေါ်တင်ပေးခဲ့ကြသည်။ ၎င်းတို့ ကိုယ်တိုင်ကလည်း လေလှိုင်းအစိုးရဟု အများပြည်သူလှောင်ပြောင်ခဲ့ရသည်အထိ လူမှုကွန်ရက်ပေါ်မှအစိုးရ အမည်ခံကာ တိုင်းပြည်မတည်မ ငြိမ်ဖြစ်စေရေး ကြိုးပမ်းခဲ့ကြသည်။ လေလှိုင်းပေါ်မှ အလှူခံခြင်း၊ လေလှိုင်းပေါ်မှ အချိန်တန်လျှင် ကွယ်ပျောက်သွားမည့် နိုင်ငံရေးအာသာ ဖြေစကားများ ပြောကြားခြင်း၊ ၎င်းတို့ကို ထောက်ခံဝန်းရံ သူများအား မျှော်လင့်ချက်အမှားများပေးခြင်းတို့ကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့ကိုယ်တိုင်ပင် လူမှုကွန်ရက်တွင် လူသိများပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံသူ ပန်ဆယ်လို အမည်ဖြင့် လူမှုကွန်ရက် သုံးစွဲသူ၏ ငွေကြေးအလှူခံ စီမံမှုနောက်ကို လိုက်ပါ ဆောင်ရွက်နေကြဆဲ ဖြစ်သည်။
၂၀၂၁ ခုနှစ် နောက်ပိုင်း မီဒီယာအချို့၏ဆောင်ရွက်ချက်များကိုလေ့လာရာတွင် တိုင်းပြည်အပေါ် ဒေါ်လာမျက်နှာတစ်ခုတည်းဖြင့် ပြည်ဖျက် အကြံများကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့ကြောင့်လည်း ယခင်က ပြည်တွင်းအခြေ စိုက်ကာ သတင်းမီဒီယာအဖြစ် ဆောင်ရွက်ခဲ့ကြသော သတင်းဌာနများကို တရားမဝင်သတင်းဌာနများအဖြစ်သတ်မှတ်ကာ ပြည်ဖျက် မီဒီယာများအဖြစ် နိုင်ငံ တော် အစိုးရက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးအပြောင်း အလဲကာလ နယ်စပ်ဒေသများသို့ တိမ်းရှောင်ကာ ပြည်ပတွင် အခြေစိုက်ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်စေရန် ဝါဒဖြန့် ဆောင်ရွက်ခဲ့ကြသည်။ သတင်းမှားများ၊ ပြည်သူကို မျှော်လင့်ချက် အမှားများပေးကာ ဝါဒဖြန့်လို သူများ၏ သတင်းစကားများကို ထုတ်လွှင့်ခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ပွဲဆူစေရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ စစ်ဘုရင်ဝါဒ စွဲတိုက်ပွဲများတွင် ဗမာတိုင်းရင်းသားလူငယ် များပါ ဝင်စတေးစေရေးအတွက် ရယ်ရွယ်ချက်ရှိရှိ အသားပေးဖော်ပြသည့် ဝါဒဖြန့် သတင်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ပြည်မနှင့် အလှမ်းဝေးပြီး သတင်းအချက်အ လက်များ အဆက်အသွယ် ပြတ်တောက်နေသော အညာဒေသရှိ ပြည်သူများကို အကြမ်းဖက်အဖွဲ့များက ကျုံးသွင်းထားတာ လူလုံးပြ ဆန္ဒပြပွဲအယောင်ပြ ဖန်တီးသည့် သတင်းများဖြင့် ဝါဒမှိုင်း တိုက်ခဲ့ကြခြင်းက ထိုဒေသရှိ ပြည်သူများ၏ လူအခွင့်အရေးချိုးဖောက်ခံနေရခြင်းများ ဖြစ်သည်။ မကြာခဏ ဆိုသလို ယင်းဒေသရှိ ကလေးသူငယ်များပါမချန် ပါဝင်သည့် ဆန္ဒပြပွဲများကို ပြည်ဖျက်မီ ဒီယာတစ်ခုဖြစ်သော ခေတ်သစ်က လူမှုကွန်ရက်အသုံးချကာ ဖော်ပြ၍ ယင်းဒေသရှိ လူထုကို အခြေ အနေမှန်များနှင့် ပိုမို ဝေးကွာအောင် ဆောင်ရွက်နေကြသည်။
"အညာဒေသကလူတွေ သနားဖို့ကောင်းတယ်လို့ပဲ ပြောချင်တာပဲ။ ဆန္ဒပြပေးရတယ်။ သူတို့ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်မှာ သတင်းလုပ်စားပြီး ဖော်ပြကြတယ်။ သူတို့တွေ ဘာအကျိုးအမြတ်မှ ရကြမယ်မထင်ဘူး။ ကလေးသူငယ်တွေပါမချန် ရွာလုံးကျွတ်သပိတ်ဆိုပြီး ဆန္ဒပြတဲ့ပုံတွေကို ကြည့်ရင် အတင်းအဓမ္မစေခိုင်းထားတာ အရမ်းသိသာတယ်။ ခုရက်ပိုင်း လိုင်းပေါ်မှာတွေ့ရတဲ့ ဆန္ဒပြပွဲဆိုရင် တော်တော်လေးရယ်စရာ ကောင်းတယ် လို့ပြောရမယ်။
အကြမ်းဖက်တွေ လူသားတံတိုင်းသဖွယ် ကာရံထားတဲ့ ရပ်ရွာက ရိုးသားတဲ့ အညာသူမကြီး တစ်ယောက် ကိုင်ပြီး ဆန္ဒပြတဲ့ ဆိုင်းဘုတ်က "We Stand With UKRAINE"ဆိုပြီး ယူကရိန်းနဲ့အတူ ရပ်တည်တယ်ဆိုတဲ့ ဆန္ဒပြတဲ့ပုံဗျာ။ မီဒီယာတွေဘယ်လောက် ပြည်သူကို လူမှုကွန်ရက်ကနေ အသုံးချနေသလဲဆိုတာ ပေါ်လွင်တာပေါ့။ နှိမ်ပြောတာမဟုတ်ဘူး။ အဲ့ဒီအညာသူကြီး ယူကရိန်း ဆိုတာမပြောနဲ့ မြန်မာပြည်က မြို့တော်ကြီးတွ တောင် စုံအောင် ရောက်ဖူးမှာ မဟုတ်ဘူး"။
"ယူကရိန်းမှာ ဘာဖြစ်နေလဲဆိုတာ သိပုံတောင်မရဘူးဗျာ။ ဒါဟာ မီဒီယာက အဲဒီဒေသက လူတွေကို အသုံးချတာပဲဗျာ။ နောက်ပြီး မျက်နှာကြီးတွေ ထင်းနေအောင် ဖော်ပြပြီး အညာသူ အညာသားတွေကို ခိုင်းစား နေတာပဲလို့ မြင်တယ်။ ဟန်ပြဆန္ဒပြပွဲ သတင်းဓာတ်ပုံ ရိုက်တဲ့သူနဲ့ ဖော်ပြတဲ့ သတင်းဌာနကတော့ အကျိုးအမြတ်ရတာပေါ့လေ။ ကိုယ့်ဝမ်းဝဖို့ မသိနားမလည်တဲ့ ပြည်သူတွေကို ခိုင်းစားနေတာပဲလေ"ဟု ပြည်ဖျက်မီဒီယာများ၏ လူမှုကွန်ရက်ကို အသုံးချကာ ပြည်သူများကို ဒုက္ခပေးနေမှုအပေါ် ပြည်သူတစ်ဦးဖြစ်သူ ကိုကျော်စွာက သုံးသပ်ပြောဆိုသည်။
ယခုရက်ပိုင်း ပြည်ဖျက်မီဒီယာများ၏ သွေးထိုးပေးမှုကြောင့် ဖြစ်ပေါ်လာသည့် ယောဒေသ ရုပ်သံ ဖိုင်တစ်ဖိုင်က စိတ်မချမ်းမြေ့ဖွယ်ရာပင် ဖြစ်သည်။ ခန့်မှန်း အသက်(၇)နှစ်ခန့်နှင့် (၁၀)နှစ်ခန့် ကလေးငယ်များကို စစ်ရေးပြ သင်ကြားပေးနေသည့် မြင်ကွင်းနှင့် လက်နက်များ ကိုင်ဆောင်ဟန်ရေး ပြစေသည့် ရုပ်သံဖိုင်ပင်ဖြစ်သည်။ တိုင်းပြည် ပျက်သုဉ်းရေး လိုလားကြသူများနှင့် မီဒီယာများ၏ သွေးထိုးမြှောက်ပေးမှုကြောင့် မိဘညီကို မောင်ဖွားများက လက်နက်နှင့်ယဉ်ပါးလာပြီး အကြမ်းဖက်မှုများ ပြုလုပ်နေချိန် လက်နက်နှင့် ယဉ်ပါးစေမည့် မျိုးဆက်သစ် ကလေးငယ်များကို ထပ်မံမွေးထုတ် နေကြခြင်း တိုင်းပြည်အနာဂတ်ရင်လေးဖွယ်ရာပင် ဖြစ်သည်။
"ဘယ်လောက်တောင် ယုတ်မာသလဲဆိုတာ ကလေးတွေကို စစ်သင်တန်းသဖွယ် သင်ပေးနေကြတာကိုကြည့်ရင် သိနိုင်မယ်ထင်ပါတယ်။ မိဘတွေကိုယ်တိုင်က လူမမယ်လေးတွေ လက်နက်ကိုင်နေတာကို ဂုဏ်ယူနေသလို တွေ့ရတော့ ပိုအံ့သြတာပေါ့လေ။ တိုက်ပွဲတွေ ကြားမှာ လူငယ်လူရွယ်တွေသာမက ကလေးသူငယ်တွေ ကိုပါထည့်ပြီး စတေးနေတာဟာ လက်ခံနိုင်စရာ မဟုတ်ဘူး။ ဘယ်မှာလည်း လူ့အခွင့်အရေး သမားတွေ၊ ဘယ်မှာလည်း ကလေးသူငယ် အခွင့်အရေးသမားတွေ၊ တိုက် ပွဲတွေကြားမှာ ကလေးတွေ ထိခိုက်တော့မှ အပြစ်မဲ့ ကလေးတွေဆိုပြီး မီဒီယာတွေက ထအော်ကြလိမ့်မယ်။မဖြစ်ခင်က တားမယ်၊ ဆီးမယ်ဆိုတာ မရှိကြဘူး။ မီဒီယာအချို့ရဲ့ အောက်တန်းကြ ယုတ်မာမှုက ကမ်း ကုန်နေ ပြီ"ဟု ကိုကျော်စွာက ဆက်လက်ပြောကြားလာသည်။
ပြည်ဖျက်မီဒီယာများ၏ မတ်လ ၁၃ ရက် တပေါင်းလပြည့်နေ့က ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့နှင့် တိုက်ဆိုင်စွာ ပြည်ပြေးအကြမ်းဖက်များ၏ ပြည်တွင်းငြိမ်းချမ်းရေးကို ထိပါးစေနိုင်မည့် ပြောဆိုချက်များကို ထပ်ဆင့် ဝါဒဖြန့်လာကြသည်။ တိုင်းရင်းသားလက် နက်ကိုင်များအနက် အချို့ငြိမ်းချမ်းရေးကို လိုလားသော အဖွဲ့များက မိမိရပ်ရွာနေပြည်သူများ ဘေးကင်းရေး၊စစ် ဘေးဒဏ် မသင့်စေရေး ကာကွယ်စောင့်ရှောက်နေကြသည်ကို မလိုလားစွာ သတင်းဝါဒဖြန့်လာသည်။ နိုင်ငံ တော်အစိုးရနှင့် ငြိမ်းချမ်းရေး ခိုင်မာနေသော ပအိုဝ်းတိုင်းရင်းသားများကို ၎င်းတို့ကဲ့သို့ မြို့ရွာ ပြည်ဖျက်လုပ် ဆောင်ရန် တိုက်တွန်း ရေးသားခဲ့ကြသည်။ "ကျွန်တော်တို့ ပအိုဝ်းလူမျိုးတွေကတော့ ငြိမ်းချမ်းရေးနဲ့ ပအိုဝ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးပဲ အလေးထားတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ငြိမ်းချမ်းသာယာရေးကို ထိပါးမခံနိုင်ဘူး။ ပြည်ပကနေ ပအိုဝ်းတွေကို သွေးထိုးပေးနေတာတွေ့ရတာ အဆင်မပြေဘူး။ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသလိုလိုနဲ့ သွေးလာထိုးပေးတာလို့ပဲ မြင်တယ်။ ရှမ်းတောင်က ပအိုဝ်းလူမျိုးတွေက ဉာဏ်မနည်းဘူးဗျ။ငြိမ်ချမ်းရေးပဲ အလေးထားတယ်"ဟု တောင်ကြီး ဒေသခံ ခွန်သိန်းဟန်က NUG အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပြည်ပမီဒီယာတို့၏ သတင်း ထုတ်လွှင့်မှု နှင့်ပတ်သက်၍ တုံ့ပြန်ပြောဆိုသည်။
လတ်တလော အမေရိကန်သမ္မတ ထရမ့်၏ အမိန့်တစ်စုံတစ်ရာကြောင့် မြန်မာ့အရေးကို သတင်းမှားများဖြင့် ခြယ်လှယ်နေသော ပြည်ပအခြေစိုက်သတင်းဌာန ကြီးများ၏ မြန်မာပိုင်းအစီအစဉ်များ ရပ်နားရမည့်အခြေ အနေကို တွေ့မြင်လာရသည်။ VOA နှင့် RFA သတင်း ဌာနများ၏ မိခင်အေဂျင်စီဖြစ်သည့် USAGM အပါအဝင် အစိုးရဌာနခုနစ်ခုမှ လုပ်ငန်းများကို အဆုံးစွန်ဆုံး လျှော့ချပြီး ဝန်ထမ်းများကိုလည်း အနည်း ဆုံးထားရန် သမ္မတထရမ့်က သမ္မတအမိန့် ထုတ်ပြန်လိုက်သည်။ USAGM သည် ကမ္ဘာတစ်ဝန်း ဘာသာစကားစုစုပေါင်း ၆၄ မျိုးဖြင့် ထုတ်လွှင့်နေသည့် အေဂျင်စီဖြစ်သည်။ သမ္မတထရမ့်၏ အမိန့်ကြောင့် မတ်လ ၁၅ ရက်ညပိုင်းက VOA သတင်းဌာနက မြန်မာပိုင်းအစီအစဉ်များ ယာယီ ရပ်နားကြောင်း ကြေညာလိုက်သည်။ USAGM ၏ နိုင်ငံတကာ ဘာသာစကား စုစုပေါင်း ၆၄ မျိုးနှင့် ထုတ်လွှင့်နေပြီး အခြားဘာသာစကားများနှင့် ထုတ်လွှင့်ခြင်းကို ရေရာစွာ မသိရသော်လည်း မြန်မာဘာသာစကားနှင့် ထုတ်လွှင့်မှုများက နိုင်ငံတော်အတွက် အကျိုးမရှိသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ချက်ကို ကြိုဆိုရမည်သာ ဖြစ်သည်။
ယခုအခါ ပြည်ဖျက်မီဒီယာများ၏ နေဝင်ချိန်က နီးကပ်လာပြီဟု ဆိုရမည်ဖြစ်သည်။ နယ်စပ်မှ နေ၍ ပြည်ပအထောက်အပံ့များ ရယူကာ သတင်းမှားများ ထုတ်လွှင့်၍ တိုင်းပြည်မတည်မငြိမ် ဖြစ်စေရန် ဆောင်ရွက်နေကြသူများ ပြည်ပအထောက်အပံ့အချို့ ရပ်ဆိုင်းကုန်ကြသည်။ ထိုသို့ ရပ်ဆိုင်းခြင်းကြောင့် ပြည်ပြေး သတင်းသမားအချို့ နယ်စပ်ဘ၀ ရပ်တည်ရေးက ခက်ခဲလာကြသည်။ တချို့ သတင်းဌာနအချို့သာ တစ်ဖက်လှည့် ထောက်ပံ့မှုများ ရရှိကြပြီး ထောက်ပံ့ကြေးရသူနှင့် မရရှိကြသူများအကြား သဘောထားကွဲလွဲမှုမျာကိုလည်း တွေ့မြင်လာရပြီ ဖြစ်သည်။ ထိုအခြေအနေက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ကောင်းမွန်သော လက္ခဏာရပ်များပင် ဖြစ်သည်။ မမှန်သတင်းများ၊ မြေပြင်ကွဲလွဲမှုရှိသော သတင်းများ၊ လူငယ်များအတွေးအမြင် ဝေဝါးစေသော သတင်း အတုအယောင်များနှင့် ဖုံးလွှမ်းနေသော လူမှုကွန်ရက်အသုံးချ သတင်းဌာနများ နေဝင်ချိန်က တိုင်းပြည် ငြိမ်းချမ်းရေးနှင့် မျှော်မှန်းထားသော နိုင်ငံတော်တစ်ရပ် ဖြစ်ပေါ်ရေး ရောင်နီလာချိန်ပင် ဖြစ် သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )