၂၀၂၅ မတ် ၂၃
နေပြည်တော် လက်လုပ်တောင်နဲ့ မှော်ဘီ ဗောဓိရိပ်ငြိမ် သာသနာပြုစခန်းတွေမှာ ရာထောင်ချီ တဲ့ ယောဂီတွေကို တရားပြတော်မူလျက်ရှိတဲ့ ဗောဓိရိပ်ငြိမ် ဆရာတော်ဟာ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးရဲ့ ဓမ္မအမွေကိုသာမက စာပေအမွေကိုပါ ဆက်ခံနိုင်သူလို့ ဆိုနိုင်ပါတယ်။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ 'ဘဝကန္တာရ သင်္ကေတကထာ' ကျမ်းစာအုပ်ကြီးကိုအနှစ်ချုပ်ပြီး 'သာသနာပြု မဟာခရီးသည်' အမည်နဲ့ ရေးသား ပြုစုထုတ်ဝေနိုင်ခဲ့တယ်။ ဗောဓိရိပ်ငြိမ်ဆရာတော်အဖြစ် မကျော်ကြားမီ ရဟန်းငယ်ဘဝကပင် 'ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ'ဆိုတဲ့ မူလဘွဲ့မည်ရင်းနဲ့ ဆရာတော်ကြီးရဲ့ ကျမ်းစာအုပ်တွေထဲက 'လူ'ဆိုတဲ့ ဗျုပ္ပတ်နဲ့သက်ဆိုင်ရာ အကြောင်းအရာတွေကို ကောက်နုတ် စုစည်းပြီးတော့ 'လူဆိုသည်မှာ'ဆိုတဲ့ စာအုပ်တစ်အုပ်ကို ၂၀၀၄ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ဖူးတယ်။
စာအုပ်အဖွင့်နိဒါန်းမှာပင် 'လူဆိုတာ အလံ တလူလူ တံခွန်ထူလျက် အထက်တက်နေတာ လူဖြစ်၏'လို့ ဖွင့်ဆိုထားပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာအုပ်တွေထဲက ကဗျာရော၊ စကားပြေပါ လူနှင့်သက်ဆိုင်ရာ ကောင်းနိုးရာရာတွေကို ရွေးထုတ်ပေးထားတဲ့ ဗောဓိရိပ်ငြိမ် ဆရာတော်ရဲ့ စေတနာဟာ ရိုသေလေးစားဖွယ် ဖြစ်ပါတယ်။ ခေါင်းစဉ် ပေါင်း ၄၀ ကျော်ဖြင့် တင်ပြထားပါတယ်။ ဒါပေမဲ့ ဘယ်ခေါင်းစဉ်ဟာ ဘယ်ကျမ်းစာထဲက ကောက်နုတ် ထားပါတယ်ဆိုတာ မူရင်းကျမ်းညွှန်း မပါတာကတော့ ကွက်လပ်တစ်ခု ဖြစ်သွားပါတယ်။
'လူအမည်ရ လူနိုင်မှ တန်ရုံကျ'
လူအမည်သည် တလူလူတလွင့်လွင့်အထက် တက်ခွင့်သာခြင်းကို ရည်၍ မှည့်ထားခြင်းပင်။ ထိုလူသည် မိမိ၏အမူအကျင့်မှန်သမျှ အကျိုးရှိလာပြီ၊ အကျိုးမဲ့လာပြီ ခွဲခြားသိပိုင်နေရမည်။ အပြစ်ဖြစ်သွားပြီ၊ အပြစ်ကင်းနေပြီ ကွဲပြားသိ သိပိုင်နေရမည်။ ထိုသို့ သိနေခဲ့သော် မည်သူမဆို အကျိုးမဲ့ အပြစ်ရ နှစ်မျိုးမကြိုးစားတော့။ လုပ်သမျှ အကျိုးပြည့် အပြစ်ကင်းချည်းသာ ရွေးလုပ် တော့မည်။ ထိုလူသား အထက်ဆင့် တလူလူ တက် ခွင့်လမ်းသာသွားပြီ။
ထိုသို့ မဟုတ်ပါဘဲ ဒါနပြုသဒ္ဓါနှင့် တဏှာတု ဖက်နေက ပြိတ္တာဘဝ၊ လူ့ဘ၀ လုနေကြပြီ။ ကာမမှု စေတနာနှင့် တဏှာအပါ မြူးနေက အပါယ်ခံဘ၀ လူးသွားကြပြီ။ လူမဖြစ်ချင်နေပါစေ၊ ယခုနေဘဝက အလု မခံရ၊ အလူးမခံရလျှင် တော်လှပြီ။' (စာ-၉)
'လူ့တန်ဆာ'
လူတို့၏ ဥစ္စာကား သူတော်ဥစ္စာ ခုနစ်ဖြာ တည်း၊ လူတို့၏ တန်ဆာကား ကံ၊ ဉာဏ်၊ ဝီရိယ တည်း။ လူတို့၏ ဦးဆောက်ပန်းကား သတိဝတ်ဆံပါ အသိ၊ အလိမ္မာ၊ ဉာဏ်ပညာတည်း။ ဤသို့လျှင် လူသုံးပစ္စည်း အသီးသီးရှိချေရာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ သြတပ္ပတရားများ ခေါင်းပါးနေလေသူ ကံမွဲဉာဏ်မွဲလူ ဆင်းရဲပင်။ အရာအရာ သတိချို့ယွင်း အသိအလိမ္မာ ဉာဏ်ပညာများ ကင်းရှင်း နေချေမှု အကျိုးမဲ့ အကျိုးရှိ မသိတတ်သောကြောင့်လည်းကောင်း၊ အပြစ်မဲ့အပြစ်ရှိ ခွဲခြားပြီး မသိတော့ သောကြောင့်လည်းကောင်း အကန်းလမ်းသွားပမာ တွေ့သမျှအရာ တိုက်မိနေတော့မည်ဖြစ်ရာ တံခွန်ကဲ့သို့ တလွင့်လွင့်တလူလူ ထိုသူမတက်နိုင်၊ ထိုသူသည်ကား မသေမီကာလ ကြက်မြင် ကြက်စိတ်၊ ဝက်မြင်ဝက်စိတ်တို့ချည်း ဖြစ်နေရာ လူ့အရာမဝင်သာ တော့ပြီ။ သေပြီးနောက်တွင်လည်း သေခါနီး၏ နောက်ဆုံး စိတ်ဆွဲရာ နောက်ကောက်ကောက်ပါ လိုက်ပါသွား ရတော့မည်ဖြစ်ရာ ချစ်စိတ်ဖြစ်က ပြိတ္တာ၊ မည်သို့မျှ လူ့ အရာမဝင်သာပြီ။ မုန်းစိတ်ဖြစ်က ငရဲ၊ လူ့အရာမှ အလွဲ ကြီးလွဲပြီ၊ မသိစိတ်ဖြစ်က တိရစ္ဆာန် လူ့အရာမှ ခဝါချ ပြန်ရပြီ။ လူ့အဖြစ်ရောက်ပါလျက်နှင့်မှ လူ့အကျင့်လည်း မကျင့်၊ လူ့အဆင့်လည်း မမီခဲ့သော် ထိုလူသားလူ့အခွင့် အရေးများနှင့်ပါ လွဲချော်ရတော့သည်။' (စာ-၁၄)
'လူ့တိရစ္ဆာန်'
လူတို့၏ လက်စွဲတရားကား ဟီရိသြတပ္ပ၊ အရှက်အကြောက်တရား၊ တိရစ္ဆာန်တို့၏ လက်သုံးကား အဟီရိ၊ အနောတပ္ပ - အရှက်မဲ့ အကြောက်မဲ့များ၊ အကယ်တိတိ လူ့အကြောင်းခံ ကံတရားကြောင့် လူဖြစ်လာ ရသော်မှလည်း ကာမအာရုံ ခံစားရာ ခွေး၊ ဝက်တို့ပမာ အရှက်ဗလာ ကျင်းနေခဲ့ သော် ...ကာမဝမ်းစာရှာဖွေရာ၌ကြောင်၊ ကျား များပမာ အကြောက်ဗလာကျင်းနေ ခဲ့ပါသော်... ထိုလူမျိုး လူ့တိရစ္ဆာန်မျိုးသာ ဖြစ်ရမည်။ ထိုလူမျိုးနေသော ပြည်သည်ကား လူ့တိရစ္ဆာန်ပြည်ပင်တည်း။ (စာ-၆၆)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ 'ဓမ္မနီတိကထာ' 'နီတိဖြင့် စကား ပြောဆိုခြင်း' စတဲ့ နိတိကျမ်းများကိုလည်း ရေးခဲ့လေရာ နီတိဆိုတာ လမ်းညွှန်လို့ အဓိပ္ပါယ်ရတဲ့အတိုင်း ဆရာတော်ကြီးရဲ့ သြဝါဒများဟာ ဘဝရဲ့ လမ်းပြမြေပုံသဖွယ် ဖြစ်လာ ပါတော့တယ်။
'လူစာနှင့် ဘုံစာ'
သတ္တဝါအားလုံးတို့သည်ကား အာရုံငါးဖြာ ကာမအရသာကို မိမိတို့ဘဝပေးဓမ္မတာအရ ခံစား နေကြ ရသည်သာ၊ စိတ်သည်ကာမသို့ အာရုံစိုက်မကောင်းမှု၌သာ မွေ့လျော်တတ်သောကြောင့် ကာမအာရုံကြား ဓမ္မ အာရုံထားလျက်က ဓမ္မရသဘက် နှစ်သက်စွာ ခံစားခွင့် ကား လူတစ်ဦးတည်းသာ။ စိတ်ကို မှန်ရာလှည့်၊ မှန်စွာသိခြင်း လူ၌ တင်းလင်းရှိသောကြောင့် ယနေ့အသင်လူသား စိတ်ကာမအရသာနှင့် ဓမ္မအရသာ မည်သည့်ဘက် စွာနေသနည်း။ အကယ်တိတိ ကာမစိတ် လက်သပ်မွေး၊ ကာမကိုချည်း သင်လွေးနေသော် ခွေးမစင်၊ လူထမင်း သည်မျှသာ ကွာခြားခြင်းရှိပြီး သင်ကား လူ့ပြည်ဆင်းဘုံ စာဖြင့် တင်းတိမ်နေခြင်းတည်း။' (စာ-၃၂)
လူ့ဘဝရဲ့ အမြတ်ဆုံးဥစ္စာက ရတနာသုံးပါး အပေါ်ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါတရားဖြစ်လေရာ 'လူ့အသက်သည် သဒ္ဓါတရား'လို့ ဆိုထားပါတယ်။ သဒ္ဓါ မရှိရင် လူပုံသာရှိ လူ့ဂုဏ်သတ္တိမရှိတော့ဘူးလို့ ညွှန်ပြ ပါတယ်။ လူ့ခန္ဓာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိချင် ရှိပါစေ၊ သဒ္ဓါ မပျက်စေနဲ့၊ လူမွဲချင်မွဲ သဒ္ဓါမမွဲစေနဲ့လို့လည်း အသိပေးထားပါတယ်။ သဒ္ဓါ တရား အစပျိုးထားတဲ့ ဗိုလ်ငါးပါးထဲမှာ သတိက အဓိက ဖြစ်နေတာ တွေ့ရပါတယ်။
'စည်းကျိုးလို့ ခွေးတိုး ခွေးအဆိုး မဟုတ်'
လူ့သိက္ခာများကို အရှက်၊ အကြောက်နှစ်ပါးက ထောက်ခံထား၏။ လူ့ဂုဏ်ပုဒ်ကိုကား ကိုယ်ချင်းစာထား မေတ္တာတရားက ထောက်ခံထား၏။ ထိုအားလုံးတို့ ကိုကား ...သီလတစ်မျိုးတည်းကပင် တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ထားချေရာ အာရုံလာတံခါး အပ္ပမာဒ သတိစည်းထားခြင်း၊ စောင့်စည်း ပိတ်ဆို့လေ့ရှိသော သီလခေါ် စောင့်စည်းခြင်း ကျင့်ဝတ်သည် လူတို့အတွက် အသက်ကဲ့သို့ အရေးကြီးပြီး တစ်ခုတည်းသောအား အကိုးရဆုံး၊ စိတ်အချရဆုံး တံခါးမှူးကြီးတည်း။ ထိုသီလ စည်းရိုးယနေ့လျှင် ကျိုးက ယနေ့ပင် အာရုံစဉ်နှင့် ယှဉ် လုဝင်လာသော ခွေးဆိုးတိုးဝင်လာမည်။ စည်းကျိုး၍ခွေးတိုး ထိုခွေးဘက်က အဆိုးမဟုတ်ချေ။} (စာ-၆၈)
'နေ့စာရင်း ညတွင်းချင်း စစ်ကြည့်ပါ'
လူ့ဘဝသည် အနေတတ် အမြတ်ထွက်ပြီး အနေမတော် အရှုံးပေါ်သည်ချည်းဖြစ်ရာ နေ့တစ် နေ့၏ မိမိကြံစည်သော စိတ်ထား၊ မိမိပြောထားသော စကား၊ မိမိပြုကျင့်သော လုပ်ကွက်များ ညအိပ်ရာ မဝင်မီ နဖူး လက်တင် ဆင်ခြင်ကြည့်ပါလေ။ ထိုသို့ ဆင်ခြင်ကြည့်တိုင်း မိမိ၏ ကြံ၊ ပြော၊ လုပ် သုံးခုစလုံးတို့၌ပင်လျှင် လိုချင်စိတ်ထား အားကြီးနေသော် ပြိတ္တာရန် စရန်၊ မလိုမုန်းထား အားကြီးနေသော် ငရဲသွားရန်စရန်၊ မသိမိုက်မှား အလိုက်စား လွန်နေသော် တိရစ္ဆာန်သွားရန် စရန်။ အလိုက်မမက်၊ အမျက်မရှိ၊ သတိလက်စွဲ စိတ်နှင့်ကိုယ် သတိမြဲနေခဲ့သော်ကား အထက်တန်းသွား လက်မှတ်များ ကြိုတင်ရထားပြီး သူဟူ၍သာ တထစ်ချမှတ်ပါလေ။ (စာ-၂၈)
ပြည်တန်တဲ့ ပတ္တမြား ပဲလှော်နဲ့ လဲမစားပါနဲ့၊ ရခဲလှတဲ့ လူ့ဘ၀ ဒုလ္လဘတရားကြီးကို ဖြုန်းတီး မပစ်ပါနဲ့၊ ကာမဂုဏ်ခံစားရုံလောက်နဲ့တော့ လူ့ဘဝကိုအရောက် လာဖို့ မလိုပါဘူး။ ခွေးဖြစ်လည်း ကာမဂုဏ် ခံစားနိုင်တယ်။ ဝက်ဖြစ်လည်း ကာမဂုဏ် ခံစားနိုင်တယ်။ ဓမ္မအရသာကိုတော့ လူ့ဘ၀ ရောက်မှသာ ခံစားနိုင်တယ်ဆိုတာကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အကြိမ်ကြိမ် အထပ်ထပ် ဖော်ပြလေ့ရှိပါတယ်။
'လူ့မှတ်ပုံတင်ကတ်ပြား'
= ဘူတ ဓာတ်မှန် ရုပ်နှင့်နာမ်၊ လူ့ထံမှာသာရှိပါသည်။
= ကောင်းဆိုးနှစ်တန် ကံပြန်လှန်၊ လူ့ထံမှာသာရှိပါသည်။
= ဆိုးကျင့်ပယ်ရန် သုခဈာန် လူ့ထံမှာသာရှိပါသည်။
= ကောင်းချင့်ဆယ်ရန် မဂ္ဂÓဏ် လူ့ထံမှာသာရှိပါသည်။
= ဗောဓိသို့ဆန် အခြေခံ၊ လူ့ထံမှာသာရှိပါသည်။
= ထောက်ချင့်ဝေဖန် ဆင်ခြင်Óဏ် လူ့ထံမှာသာရှိပါသည်။
= သတိကင်းစိတ် ကာမစိတ်မျှ အိပ်ရုံ စားရုံ ပျော်ပါးရုံဖြင့်၊ လူ့ဘုံခန်းဝါ သင်မလာသင့်။
= ကာမသက်သက် ထိုလုပ်ကွက်ကား၊ ကြက်ဖြစ်လည်းရ၊ ဝက်ဖြစ်လည်းရ၏။
= ဘဝလူ့ရွာ သင်ရောက်ရာတွင်၊ လူမှာလူဆင့် လူ့အကျင့်၊ ကျင့်ပြအပ်သည်သာ။' (စာ-၉၂)
'ရာသီပေါ်လူသား' ကဗျာမှာတော့ အရွယ်သုံးပါးကို အလင်္ကာတင်စားချက်တွေနဲ့ လှလှပပ ဖွဲ့ပြထားတာ သံဝေဂရစရာဖြစ်ပါတယ်။
ဘဝရွှေစက် လူ့တစ်သက်တွင်
အတက်အကျ ကြားကာလဟု
ကာလသုံးသွယ် အရွယ်သုံးပါး
လူ့အလားကား
မိုးသားတိမ်ခိုး နှင်းခိုးဝေမှောင်
နွေခေါင်ခေါင်မို့
ဆောင်နိုင်တုန်းခဲ ဆွဲနိုင်တုန်းဖော်
နွေကျမှ မိုးမျှော်မနေနှင့်။
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရား ကြီးရဲ့ သံဝေဂတေးထပ် ကဗျာထဲကလို 'ခွင့်သာတုန်းမှ၊ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလိမ့်လေး'လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
ကံပြတ်စန်းပြတ်၊ စုတ်လည်း ပြတ်သည့်
နှောင်းလတ်ရွယ်ဟိုင်း၊ အကျပိုင်းကား
ထင်တိုင်းမပေါက်၊ ပေါက်တိုင်းမရွှင်၊
စိတ်မလွင်ကြောင့် ကင်းစင်မိုးမြူ
နှင်းမကူ၊ နေပူပြင်းပြင်းထဲ။ ။ (စာ-၈၅)
အေးကွက်ဟူက ရှာမရလောက်အောင် နွေလယ်ခေါင်မှာ ကန္တာရခရီးနှင်ရသလို ရှိပေလိမ့်မယ်။ လူ့ ဘဝရောက်စဉ်ခဏ ဓမ္မကို ကျင့်ဆောင်ခဲ့ပါလျှင်ကား နွေခေါင်ခေါင်နှင့် ဆန့်ကျင်စွာ အေးမြချမ်းသာ ရှိလိမ့် မယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက 'လကဲ့သို့ ကျင့်သော မဟာလူသား' ကဗျာမှာ ရေးဖွဲ့ထားခဲ့ပါတယ်။
သီလဂုဏ်အောက် အယုံရောက်
လအောက်သို့ အေးစေမည်။
ပညာဂုဏ်တွင်း အယုံချဉ်း၊
လမင်းလင်းသို့ လင်းစေမည်။
သမာဓိဂုဏ်ရှိ၊ အယုံလှည့်၊
လပြည့်၏သို့ ပြည့်စေမည်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )